Wednesday, March 31, 2010

“ လူထုတိုက်ပွဲ ၊ ဦးဆောင်ပါတီ NLD ”

စစ်အုပ်စုရဲ့ နိုင့်ထက်စီနင်းထုတ်ပြန်လာတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ တွေက NLDဘာလုပ်မလဲလို့ စိန်ခေါ်ခဲ့ပါတယ် ။ စစ်အုပ်စုရဲ့ ထိုးနှက်မှုကြောင့် NLDပါတီတွင်း ရှေ့ ဘယ်လိုရပ်တည်မလဲ ၊ သဘောထားကွဲလွဲမှုတွေ ထုံးစံ အတိုင်းရှိခဲ့ပေမဲ့ “ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ” ဆိုတဲ့ ၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်နဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်းကို အခိုင်အမာ ဆုတ်ကိုင်ရင်း ၊ အညံ့မခံ အရှုံးမပေးတဲ့ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ချမှတ်လိုက်ပါပြီ ။

ဒါဟာ စစ်အုပ်စုရဲ့ စိန်ခေါ်မှုကို “မှတ်ပုံမတင်ဘူး ၊ ဘာလုပ်မလဲလို့ ”စိန်ခေါ်မှုနဲ့ပဲ တုန့်ပြန် လိုက်တာဖြစ်ပါတယ် ၊ ခုလောက် ညီညွတ်ကြမှာမဟုတ်ဘူးလို့ တွေးထင်ပြီး ရည်ရွယ်ချက်ရှိရှိ NLD ပြိုကွဲအောင်လုပ်ခဲ့ပေမဲ့ ၊ ဒီလို မပြိုမကွဲ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တော့ စစ်အုပ်စု နည်းနည်းတော့ပြာယာခတ်သွားမှာပါ ။

ဒါပေမဲ့ ဒီလိုဖြစ်လာရင်ဘာလုပ်မလဲလို့ ကြိုပြင်ထားတာမျိုးလဲရှိမှာပါ ၊ သူတို့ရဲ့ ထုံးစံအတိုင်း တက်ကြွသူတွေကိုဖမ်းမယ် ၊ မတရားအသင်းကြေငြာမယ် ၊ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်း မယ် ၊ အနိုင်ကျင့်မှုမျိုးစုံကို ကောက်ကျစ်တဲ့နည်းလမ်းစုံသုံးပြီး လုပ်လာမယ် ၊ ကြံ့ဖွတ်တွေ ၊ ရာဇ၀တ်သားတွေကိုသုံးပြီး NLDအဖွဲ့ဝင်တွေကို ၀ိုင်းရိုက်တာမျိုး တွေလုပ်လာမယ် ၊ ပြီးတော့ NLD ထဲက မှတ်ပုံတင်ချင်တဲ့လူကြောက်တွေ ၊ ရွေးကောက်ပွဲဝင်ချင်တဲ့ အခွင့်ရေးသမားတွေ၊ ကို မြှောက်ပေးပြီး အနိမ့်ဆုံးအဆင့် NLDကနှုတ်ထွက်ပါသည်ဆိုတာမျိုး ၊ လုပ်ခိုင်းနိုင်ပါတယ်။ NLDအနေနဲ့လဲ ရှေ့ လုပ်ငန်းစဉ်တွေ ပြင်ရပါတော့မယ် ၊ စစ်အုပ်စုရဲ့ မတရားတဲ့ဥပဒေတွေ အောက်မှာ ပါတီမှတ်ပုံမတင်ဘူး ၊ တင်စရာမလိုတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ၊ စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ၊ ဗမာပြည် ပြည်သူလူထုကြားမှာ ၊ ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်သာဖြစ်ပါတယ် ၊ အဲဒီ ရပ်တည်ချက် ခိုင်မာကြောင်းပြဘို့ ၊ ရန်ပြုလာမဲ့စစ်အုပ်စုကိုကာကွယ်ဘို့ ၊ လုပ်ငန်းစဉ်တွေချမှတ်ရပါမယ် ။

ရွှေဂုံတိုင်ကြေငြာစာတမ်းပါအချက်တွေကို ကြွေးကြော်သံအဖြစ်ကိုင်ဆွဲရင်း လူထုကို ဦးဆောင် ရပါမယ် ၊ NLD ဟာ လူထုဦးဆောင်ပါတီ ၊ လူထုရှေ့ က တပ်ဦးပါတီ ဖြစ်နေရပါမယ် ။ စစ်အုပ် စုက ဖိနှိပ်မှုမျိုးစုံလုပ်လာခဲ့ရင် နယ်စပ်ကိုထွက်လာတာမျိုးမဖြစ်ဘို့တော့ သတိထားရပါမယ် ။ ကိုယ်ကနယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့တောင်းပန်ပါတယ် ၊ စစ်အုပ်စုက နယ်စပ်ကတော်လှန်ရေးအင်အားစုတွေကို လက်ရှိအခြေအနေမှာ ဂရုကိုမစိုက်ပါ ဘူး ၊ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ ၊ လူတွေနယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကိုခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ ၊ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ် သွားကြတာများပါတယ် ၊ လက်ရှိနယ်စပ်တွေမှာရှိနေကြတဲ့ နိုင်ငံရေးသမားဆိုသူ အများစုဟာ အလုပ်သမားရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ ကလေးအခွင့်အရေး ၊ အမျိုးသမီးအရေး စသဖြင့် ခေါင်းစဉ်တွေပြ ၊ NGO တွေနဲ့ပေါင်းပြီး ကိုယ့်ရပ်တည်ရေးအတွက်ကိုယ် လုပ်နေကြတာများ ပါတယ် ၊ လင်မယားနှစ်ယောက်ရှိရင် လင်ကတစ်ဖွဲ့ မယားကတစ်ဖွဲ့ ၊ လင်မယားနှစ်ယောက် ပေါင်းပြီး တပ်ပေါင်းစုရယ်လို့ တစ်ဖွဲ့ ၊ နှစ်ယောက်ရှိရင် သုံးဖွဲ့ ဖွဲ့ပြီး လစာထုတ်စားနေကြတဲ့ လခစားနိုင်ငံရေးသမားတွေ များပါတယ် (မှန်မှန်ကန်ကန် တိုက်ပွဲဝင်နေသူတွေကို မပြောပါ) ။ ဒါကြောင့် စစ်အုပ်စုက နယ်စပ်ကလူတွေကိုမကြောက်ပါဘူး ၊ ပြည်တွင်းထဲက NLD အဖွဲ့ဝင် တွေကိုတော့ လူငယ်လေးတွေကအစ ကြောက်ပါတယ် ၊ ပြည်သူတွေနဲ့ထိတွေ့နေပြီး ပြည်သူ့ အုံကြွမှုကို ဦးဆောင်နိုင်မဲ့သူတွေ ဖြစ်သွားမှာစိုးရိမ်လို့ ပါ ။ ဗမာပြည်အကျဉ်းထောင်အသီးသီး က နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်မှာ NLD
အဖွဲ့ဝင် ၅၀၀ နီးပါးရှိနေတာ ၊ လူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့ NLD ကို ၊ စစ်အုပ်စု တလျှောက်လုံး ကြောက်နေခဲ့လို့ပါ ။ အဲဒီတော့ အဖမ်းခံစရာရှိ ရဲရဲအဖမ်းခံ ၊ သေစရာရှိရဲရဲသေပြီး ပြည်တွင်းမှာပဲ ပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်ရင်ဖြတ်သန်းဘို့ ၊ ပြည်သူကိုဦးဆောင်မှုပေးဘို့ အားနာနာနဲ့ပဲ တောင်းဆို ပါရစေ ။ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုသည် ’ လို့ တဆက်တည်းဆုံးဖြတ်ခဲ့တာ ဒီကနေ့အဖြေအနေနဲ့ အကိုက်ညီဆုံးတောင်းဆိုမှုပါ ၊ အရေး ကြီးတာက တောင်းဆိုမှုက အချိန်အကန့်အသတ်လိုနေပါတယ် ၊ ပြီးရင် အဲဒီအချိန်အတွင်း တောင်းဆိုမှုကိုမလိုက်လျောရင် ဘာလုပ်မလဲဆိုတာပါ ၊ ကြိုတင်ပြင်ထားဘို့လိုပါတယ် ၊ တောင်းဆိုနေရုံသက်သက်ဆိုရင်တော့ စစ်အုပ်စုက မလိုက်လျောတတ်ဘူးဆိုတာ ၊ ၂၁နှစ်စာ အတွေ့အကြုံတွေကနေ သိသင့်ပါပြီ ၊ တိုက်ပွဲနဲ့ တောင်းဆိုမှရမှာပါ ။

ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလဲ NLD ကို တပ်ဦးတင် လိုက်ပါဘို့ လိုပါတယ် ၊ စစ်အုပ်စုက NLD ကို ၂၁နှစ်တာကာလ တလျောက်လုံး နှိပ်ကွပ်ခဲ့ သလို ၊ ခုလဲ အရင်ထက်ဆိုးတဲ့ နှိပ်ကွပ်မှုတွေနဲ့ တုန့်ပြန်လာတော့မှာပါ ၊ ခုချိန်မှာ NLD အရေး ဟာ ပြည်သူ့အရေးပါ ၊ NLD ဖြိုခွဲခံရရင် ကျွန်တော်တို့တော်လှန်ရေး ကြာသထက်ကြာနေဦးမှာပါ ၊ “စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီမှတ်ပုံတင်ဘို့မလိုပါ ”ဆိုတဲ့ NLDရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်ဆိုတာမျိုး ၊ ကြေငြာချက်တွေထုတ်နေရုံသာမဟုတ်ပဲ NLDနှင့်ထပ်တူ ထိထိရောက်ရောက်တိုက်ပွဲဝင်မှုမျိုး လုပ်ကြရပါတော့မယ် ၊ ၂၀၁၀ လူထုတိုက်ပွဲ ကြီး လူထုအရေးတော်ပုံကြီးဆင်နွှဲဘို့ အချိန်ကျပြီ ၊ ဦးဆောင်ရမှာက NLD ပါ ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည် ။
ယုံကြည်ချက်ဖြင့်
ရဲဘော် ဗိုလ်သူ
-------------------------------------------------------------------------------------------------------------