Sunday, March 7, 2010

“ အလုပ်သမားတော်လှန်ရေးမှသည်လူထုအရေးတော်ပုံသို့ ……။”(ဗိုလ်သူ)

တရွေ့ရွေ့ပြောင်းလဲခြင်းများစုစည်းရာမှ တဟုန်ထိုးပြောင်းလဲခြင်းဖြစ်စေ၏…….။ ဒါဆိုရင် တစ်နေရာပြီးတစ်နေရာ ဆက်တိုက်ဖြစ်လာနေတဲ့ အလုပ်သမားဆန္ဒပြပွဲတွေကနေ ရန်ကုန် တစ်မြို့လုံးနေရာစုံ လုပ်ငန်းစုံက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ်မလာနိုင်ဘူးလား။ တစ်နိုင်ငံလုံးက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ်မလာနိုင်ဘူးလား။ အလုပ်သမား တွေသာမက ၊ လယ်သမားတွေ၊၀န်ထမ်းတေ၊ငတ်မွတ်နေတဲ့ပြည်သူတွေ၊ကျောင်းသားတွေ ၊ရဟန်းသံဃာတွေ၊ရဲတွေ ၊ တပ်မတော်သားတွေ ပါဝင်တဲ့ အလွှာစုံ လူထုအုံကြွမှု အရေးတော်ပုံကြီး ဆက်ဖြစ်မလာနိုင်ဘူးလား ။


ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနဲ့ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံတွေဟာလဲ ဒီလိုဆင့်ကဲဖြစ်စဉ်တွေပေါင်းစည်းပြီး ဖြစ်ခဲ့တာပါ ။ ၁၉၇၄-၇၅ အလုပ်သမားသပိတ်အပါအ၀င် ၊ စစ်အာဏာရှင်စနစ်စတင်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ၂၆နှစ်လုံးလုံးဖြစ်လာတဲ့ ကျောင်းသားတိုက်ပွဲတွေပေါင်းစည်းပြီး ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့သလို ၁၉၈၈ နောက်တစ်ကြိမ်အာဏာသိမ်းအပြီးကနေ တရွေ့ရွေ့ဖြစ်လာတဲ့အခြေအနေတွေက သံဃာတော်တွေဦးဆောင်တဲ့ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကြီးဖြစ်စေခဲ့တာပါပဲ ။

ခု ၂၀၁၀ ထဲမှာတင် လှိုင်သာယာမြို့နယ်က အိုပယ်အထည်ချုပ်စက်ရုံ ၊ ကျားမင်း အထည်ချုပ်စက်ရုံ ၊ တိုင်ယီ အထည်ချုပ်စက်ရုံ ၊ မြဖက်ရှင်အထည်ချုပ်စက်ရုံ ၊ ပုဇွန်အအေးခန်းစက်ရုံ ၊ ဖိနပ်ချုပ်စက်ရုံ ၊ Weng Hong Hung အထည်ချုပ်စက်ရုံ ၊ အင်းစိန်မြို့နယ်က Sky အထည်ချုပ်စက်ရုံ ၊ Lion City အထည်ချုပ်စက်ရုံ ၊ တောင်ဒဂုံ စက်မှုဇုန်က ပြုံးပန်းတစ်ရာ အထည်ချုပ်စက်ရုံ ၊ ရွှေပြည်သာမြို့နယ်က Super Garment စက်ရုံ ၊ Grand Royal ၀ီစကီစက်ရုံ ၊ Yes2 စက်ရုံ ၊ Good Family စက်ရုံ ၊ ၊ UIB အထည်ချုပ် စက်ရုံ ၊ အာရှသမာဓိ အထည်ချုပ်စက်ရုံ ၊ မင်္ဂလာဒုံမြို့နယ်က ဖာမိုတို အထည်ချုပ်စက်ရုံ ၊ စုစုပေါင်း စက်ရုံ ( ၂၀ ) ခန့်ကအလုပ်သမားတွေဟာ သူတို့ရဲ့မလောက်ငှမှုတွေအတွက် ဆန္ဒပြခဲ့ကြပါပြီ ၊ စစ်အစိုးရကတော့ အခု အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေဟာ လစာနည်းလို့ အလုပ်ရှင်ကိုဆန္ဒပြနေကြတယ်ဆိုတာထက် သူတို့ရဲ့အုပ်ချုပ်မှုအလွဲတွေကြောင့် စီပွားရေး မတည်ငြိမ်မှုတွေကနေ တစစကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းတွေကြောင့် ပေါက်ကွဲဘို့ တာစူနေကြတာဖြစ်တယ်ဆိုတာ သိနေပါတယ် ၊ ဆန္ဒပြအလုပ်သမားတွေ စက်ရုံဝန်းတွေ

ထဲကနေ လမ်းမတွေ ပေါ်ကိုထွက်လာမှာ ၊ အလုပ်ရှင်တွေကိုဆန္ဒပြနေရာကနေ တကယ့်တရားခံအစစ်ဖြစ်တဲ့ သူတို့ဆီဦးလှည့်လာမှာ စိုးရိမ်မကင်းဖြစ်နေတာသေချာပါတယ် ၊ စစ်ကားလုံထိန်းကားတွေအစီအရီနဲ့ဆန္ဒပြစက်ရုံတွေဝန်းကျင်မှာအင်အားပြခြိမ်းခြောက်ထားပုံဟာ အလုပ်သမားထု တော်လှန်ရေးအဖြစ် ကူးပြောင်းသွားမှာ စိုးရိမ်နေကြောင်း ၊ လူထုအရေးတော်ပုံကြီးရဲ့အစ ဖြစ်လာမှာစိုးရိမ်နေကြောင်း ပြနေတာပါ ။

စစ်အာဏာရှင်တွေ တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ ၊ တဘက်သတ်ချုပ်ကိုင်ထား တဲ့ အာဏာကိုအသက်ဆက်ဘို့ ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်တစ်ခုကို ဖန်တီးခဲ့ပေမဲ့ အဲဒီ ခေါင်းစဉ်အတိုင်းတောင် သူ့ဇတ်သူ နိုင်အောင်မကနိုင်ပါဘူး ၊ အခြေခံနိုင်ငံရေးရိုးသားမှုမရှိ တာကြောင့် ဗမာပြည်ရဲ့အဓိကဖြစ်တဲ့ တိုင်းရင်းသားကိစ္စမှာ တိုင်းရင်းသားအားလုံးကိုမဆို ထားနဲ့ အပစ်ရပ်(ငြိမ်း)အဖွဲ့တွေကိုတောင် ရအောင်မစည်းရုံးနိုင်ပါဘူး ၊ မက်လုံးတွေပေးလိုက် ခြိမ်းခြောက်လိုက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ချင်းလိုက်တွေ့ ၊ တိုင်းရင်းသားဒေ သတွေမှာတပ်တွေချ ၊ အရွယ်မရောက်သေးတဲ့ကလေးတွေကို နည်းမျိုးစုံနဲ့တပ်ထဲသွင်း စစ်သားစု လုပ်နေရပါတယ် ၊ အချိန်မရွေး တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်နေရမှုဟာ စစ်ဗိုလ်ချုပ်တွေ ခေါင်းမအေးရတဲ့ ပြဿနာကြီးတစ်ခုပါ ။

နောက်တစ်ခုက NLD , ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူလူထု တွေပါ ၊ NLD က ထိထိရောက် ရောက် မလုပ်နိုင်သေးပါဘူးဆိုပေမဲ့ ၊ ကမ္ဘာသိ ပြည်သူကရွေးချယ်ထား တဲ့ပါတီ ဆိုတာကိုက စစ် ဗိုလ်ချုပ်တွေအတွက် ပြဿနာကြီးတစ်ခုပါ ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆန္ဒပြုခဲ့တဲ့ပြည်သူတွေ မေ့ပျောက်အောင် တကယ်တမ်းမစွမ်းဆောင်နိုင်သေးပါဘူး ၊ ၂၀၀၈ မေလ ၊ ဖွဲ့စည်းပုံ ဥပဒေဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒအမှန်မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်သိနေတာပါ ။ NLD က သူတို့ခင်းတဲ့လမ်းကိုမလျှောက်ခဲ့ရင် ဘာလုပ်မလဲ၊ နိုင်ငံတကာဖိအားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဘယ်လိုကိုင်တွယ်မလဲ ၊ ခေါင်းခဲနေရတဲ့အခြေအနေပါ ၊ (ခု ဦးတင်ဦး ၊ ဦးဝင်းတင်တို့ကိုတောင် လွှတ်မပေးချင်ပဲ လွှတ်ပေးလာရပါပြီ) ။

သူတို့ အဓိကပြင်နေတာက ရွေးကောက်ပွဲဆိုတဲ့ပြယုတ်တခုထဲမဟုတ်ပါဘူး ၊ စစ်အာဏာ ဖြန့်ကျက်နိုင်ရေးပါ ၊ စစ်ဗိုလ်တမတ်သားလွှတ်တော်ထဲပါရေး သူတို့စိတ်မ၀င်စားပါဘူး၊ စစ်တပ်က အားလုံးချုပ်ကိုင်ထားနိုင်ရေးပဲစဉ်းစားတာပါ ၊ ပညာရေး ၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး ၊ ပို့ဆောင်ရေး ၊ လျှပ်စစ်စွမ်းအား စတဲ့ စစ်တပ်နဲ့ ဘာမှမဆိုင်တဲ့ဌာနတိုင်းမှာ ၊ အောက်ခြေအဆင့်အုပ်ချုပ်သူကအစ ဗိုလ်ကြီးတွေ ၊ ဗိုလ်မှုးတွေကို ယူနီဖေါင်းချွတ် နေရာချ ထားတာကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာထက်ပိုတဲ့ လွှမ်းမိုးမှုရဘို့ ပြင်နေတာ သိနိုင်ပါတယ် ၊ အဲဒီမှာ ဘယ်သူ့တပည့်တွေကို ဘယ်ဌာနတွေမှာထားမလဲ ၊ ဘယ်ဗိုလ်ချုပ်တွေယူနီဖေါင်းချွတ်မလဲ ၊ နေရာခွဲဝေမှုပြဿနာရှိလာပြန်ပါတယ် ၊ အထက်

အောက်ကွာဟမှုကြီးမားပြီး အုပ်စုလိုက်ရော ၊ တစ်ဦးချင်းပါ အကျိုးစီးပွားအားပြိုင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေ ၊ ဒီပြဿနာညှိမပြီးသေးပါဘူး ၊ နိုင်နိုင်နင်းနင်း(ကိုယ့်ကုလားဖန်ကိုယ်ထိုး ကိုယ့်ဖဲကိုယ်ချိုး)လုပ်နိုင်မယ်ထင်ခဲ့လို့ ၂၀၀၈ မတိုင်ခင်ထဲကကြေငြာထားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ခုထိ ဘယ်နေ့ဘယ်လိုလုပ်မယ် မကြေငြာနိုင်သေးပါဘူး ။

စစ်အုပ်စုအဆိုးဆုံးရင်ဆိုင်ရမဲ့၊(ရင်ဆိုင်နေရတဲ့)၊ပြဿနာက လူထုစားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းမပေးနိုင်တဲ့ကိစ္စပါ ၊တပ်တွင်းကပဲပုန်ကန်မလား ၊၀န်ထမ်းတွေပဲ ထကြွမလား ၊ ပူပန်ရင်း လစာတိုးပေးတဲ့နည်းလမ်းနဲ့ဖြေရှင်းခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့ပါပြီ ၊အာဏာလက်ဝယ်ရှိသူမို့ ၅၀၀၀တန်လိုငွေစက္ကူတွေရိုက်ထုတ်နိုင်တာကြောင့်နဲ့ ၊ နိုင်ငံ့ဘဏ္ဍာ ကိုထင်တိုင်းကြဲသုံးနိုင်တာ ကြောင့် ၀န်ထမ်းတွေကို လစာတိုးပေးနိုင်ပေမဲ့ ၊ ကုမ္ပဏီတွေ ၊ လုပ်ငန်းရှင်တွေက လိုက်မတိုးပေးနိုင်ပါဘူး ၊ ကုမ္ပဏီအလုပ်သမားတွေ နဲ့ တနေ့လုပ်တနေ့စား လုပ်သားတွေဟာ ၀င်ငွေတိုးမရကြပါဘူး ၊ စစ်အုပ်စုရဲ့ဖြေရှင်းမှုအမှားနောက်က ကပ်ပါလာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်ကိုတော့ အလူးအလဲ ခံကြရပါတယ်၊၀န်ထမ်းတွေကရော၊လစာ တိုးရလို့ အဆင်ပြေချောင်လည်သွားပါပြီတဲ့လား ၊ တနေ့လုပ်တနေ့စားတွေလောက်၊စက်ရုံလုပ်သားတွေလောက် ၊ မဆိုးတာပဲရှိပါတယ် ၊ နှစ်သိမ့်ခံလိုက်ရတာသက်သက်ပါပဲ ။ တစ်လ သုံးလေးသောင်းဆိုတဲ့ဝင်ငွေဟာ လူတစ်ယောက် စားဘို့တောင်လောက်တယ်ဆိုရုံပါ၊ အ၀တ်အစားနဲ့ ဗာဟီရလူ့အသုံးအဆောင်တွေ မ၀ယ်နိုင်ပါဘူး ၊ ကျန်းမာရေးချို့တဲ့ရင် ဆေးကုဘို့ မတတ်နိုင်ပါဘူး ၊ လူတစ်ဦးချင်းအတွက်တောင်လောက်ငှမှုမရှိတာ မိသားစုဘ၀ တွေ ဘယ်လိုတည်ဆောက်ကြပါ့မလဲ ။ ခေါင်းဆောင်မှုချို့တဲ့ ၊ နှိုးဆော်သူချို့တဲ့နဲ့ မချိတင်ကဲခံနေခဲ့ရတဲ့ လူထုကြီးထဲက အငတ်မွတ်ဆုံးအလုပ်သမားတွေရဲ့၊အခြေအနေနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှု ၊ ဆန္ဒပြမှုတွေကတော့ တစစ ကြီးထွားလာနေပါပြီ ၊လစာနည်းတာလား ၊မလောက်ငှတာလား ၊ ကွဲပြားပြီး စက်ရုံတစ်ရုံခြင်းကနေ စက်ရုံတွေ အားလုံးပေါင်းစည်းပြီး၊အလုပ်သမားတွေပေါင်းစည်းပြီး ၊ လမ်းပေါ်ထွက်လာဘို့ တာစူနေပါပြီ၊ အလုပ်ရှင်တွေဆီကနေ အလုပ်သမားအခွင့်အရေးတောင်းဆိုမှုထက် ၊ အာဏာရှင်တွေဆီက လူ့အခွင့်အရေးတွေတောင်းဆိုဘို့၊လူထုတစ်ရပ်လုံးအုံကြွပါဝင်ဘို့ လမ်းစဖြစ်လာပါပြီ ။

ရှေးက နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ အင်္ဂလိပ်အခက် ဗမာအချက် ဆိုတဲ့ဆောင်ပုဒ်နဲ့ တိုက်ပွဲ ၀င်တွန်းလှန်ခဲ့ကြတယ်၊ခုလဲ စစ်အုပ်စုအခက် လူထုအချက်လို့ ကြွေးကြော်တိုက်ပွဲဝင်ရမဲ့ အချိန်ရောက်နေပါပြီ၊စက်ရုံအလုပ်ရုံအလုပ်သမားတွေရဲ့ဆန္ဒပြပွဲမှာ အားဖြည့်ပါဝင်ရင်း အလုပ်သမားတော်လှန်ရေးမှသည် လူထု အရေးတော်ပုံသို့ ဦးတည်ချီတက်ကြပါစို့ ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်ရမည် ။
ယုံကြည်ချက်ဖြင့်
ရဲဘော် ဗိုလ်သူ