Friday, March 12, 2010

နအဖ တပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်းချဉ်းကပ်

ယခုတပတ်အတွင်း နအဖ တပ်မများ ၀ ထိန်းချုပ်နယ်မြေအနီး ပိုမိုဖြည့်တင်းချဉ်းကပ်လာသည်ဟု စုံစမ်းသိရှိရပါသည်။ “မြောက်ပိုင်း ၀ နယ်မြေပတ်ပတ်လည်မှာ ဗမာတပ်မ ၄ ခုလောက်ရောက်နေတယ်။ ဒီလဆန်းပိုင်းကလဲ တပ်မ ၇၇ က အလုံးအရင်းနဲ့ တက်လာတယ်၊ ရိက္ခာတွေ၊ စစ်လက်နက်ပစ္စည်းတွေတင်ပို့တယ်။ မနေ့ကလဲ တပ်မ ၇၇ ဘဲ စစ်သားတွေ က ၅၀၀ ကျော်တယ်။ လားရှိုးကနေ သိန္နီကို ဖြတ်သွားပြီ၊ ကိုးကန့် နဲ့ ၀ နယ်ခြားဘက်ကိုဦး တည်တယ်ထင်တယ်” - ဟု အမည်မဖေါ်လို သည့် လားရှိုးသားတဦးက ပြောပါသည်။


မတ်ခ်ျ ၁၁ ရက် သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်ဘက်ရောက်နေသည့် တပ်မ ၅၅ ကလည်း အင်အား ၂၀၀ ခန့်ပါ စစ်ကား ၇-၈ စီးဖြင့် မိုင်းရှူးမြို့တဆင့် တာ့ဝန်းနောင်း ကူးတို့ဆိပ်သို့ဆင်းသွားကြောင်း၊ ထို့နည်းတူ သံလွင်အရှေ့ ခြမ်းမိုင်းပြင်းမြို့ နယ်အတွင်းရှိ နအဖတပ်များကလည်း မြောက်ဖက်ရှိ နမ့်ခါချောင်းကိုဖြတ်ကျော်၍ ၀ နယ်အနီး လွယ်ပန်လုံသို့အင်အား ထပ်ဖြည့်ထားသည်ဟု ဒေသခံများက ဆိုသည်။

“တပ်မ ၃၃ အင်အား ၁၅၀၀ ခန့်က ကိုးကန့်နယ်ဘက်မှာ ရှိနေပြီးသား။ မိတ္တိလာအခြေစိုက် တပ်မ ၉၉ က ရှိပြီးသားအပြင် ထပ်လာဦးမယ်”- ဟု ကိုးကန့်ဒေသခံတဦးက ပြောပါ၏။

ဧရာဝတီ သတင်းထုတ်ပြန်ချက်အရ အပစ်ရပ်တပ်ဖွဲ့များဖြစ်သည့် ကချင် KIA ၊ သျှမ်းတပ်ဖွဲ့ SSA ၊ ၀တပ်ဖွဲ့ UWSA ၊ မိုင်းလားတပ်ဖွဲ့ NDAA-ESS အား တိုက်ခိုက်ရန် နအဖ တပ် အင်အား ၇၀,၀၀၀ ပြင်ထားသည်ဟု ဆိုပါသည်။

တရုတ် နယ်စပ်အခြေစိုက် မြန်မာ့နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက ဗမာ့တပ်မတော်တွင် တပ်မတခု လျှင် ခလရ/ခမရ တပ်ရင်း ၁၀ ရင်းရှိကြောင်း၊ တပ်ရင်းတစ်ရင်းတွင် လက်နက်ကိုင်အင်အား ၁၅၀-၁၆၀ ကြား သာရှိ ကြောင်း၊ ၀ တပ်အား အမှန်တကယ်တိုက်ခိုက်မည်ဆိုပါက နအဖ တို့ကြီးမားသည့် အသက် သွေးချွေးအရင်းအနှီး သံယိုမှုအများအပြားပေးဆပ်ရမည်ဖြစ်ကြောင်း ပြောဆိုသုံးသပ်ပါသည်။

ဝနယ်အနီး နအဖ တပ်များချဉ်းကပ်လာသကဲ့သို့ ၀ တပ်အဖွဲ့ အကြီးအကဲများကလည်း ယခုလ ၂ ရက်နေ့ကမည်သည့် အဖွဲ့မဆို မိမိထိန်းချုပ်နယ်မြေ သတ်မှတ်မျဉ်းအတွင်းခြေ ၁၀ လှမ်းမျှကျွံဝင်လာပါက မိမိကိုယ်မိမိကာ ကွယ်ရန်အတွက် ပစ်မိန့်ထပ်ပေးထားကြောင်း - ၀ အရာရှိတဦးကပြောပါသည်။

အဆိုပါ စစ်ရေးတင်းမာမှုအပေါ် အမည်မဖေါ် လိုသည့် NGO၀န်ထမ်းတဦးက က သျှမ်းသံတော်ဆင့်သို့ဤကဲ့သို့ ပြောပါသည်။ “ပန်ဆန်းမြို့တွင်းမှာ ရော ဈေးထဲမှာရော ပြည်သူတွေကပုံမှန်ဘဲ။ အရင်ကလိုတော့ဈေးရောင်းမကောင်း တာက လွဲလို့ပေါ့။ ဗမာအာဏာပိုင်ရော၊ ၀ အာဏာပိုင်ရော အစစ်အဆေးအရမ်းများတော့ NGO တွေအလုပ်လုပ်ရတာ ကတိကအောင့်ပိုဖြစ်လာတာပေါ့”

၂၀၀၉ ကိုးကန့် အရေးအခင်းမှစ၍ အပစ်ရပ် ၀ တပ်ဖွဲ့ နှင့် နအဖ ဆက်ဆံရေး မပြေလည်မှုကြောင့် ပုံမှန်လည် ပတ်နေ သည့် NGOလုပ်ငန်းများ၏ ထက်ဝက်ခန့်လျောကျသွားသကဲ့သို့ ဘဏ္ဍာရေးဘက်လည်း ဖြတ်တောက် ခံရကြောင်း၊ နှစ်ဘက်အာဏာပိုင်များ အစစ်အဆေးလည်း ပိုမိုတင်းကြပ်လာကြောင်း၊ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်ရသောကြောင့် ထိထိရောက်ရောက် အလုပ်မလုပ်နိုင်ကြကြောင်း၊ ထို့အတူ ၀ ပြည်နယ်အတွင်း ရောက်ရှိ နေသည့် ဗမာစစ်တပ်သူလျှို အဖြစ် သင်္ကာမကင်းသူ (ဖျာထမ်း၊ စောင်ထမ်း၊ ငါးပိ ငါးခြောက် တံမြက်စည်း ရောင်းသည့်ဗမာလူမျိုးများ၊ ဘုန်းကြီးအတု အယောင်ဟု ထင်ခံရသူများ)အယောက် ၂၀ ခန့် စစ်ဆေး ဖမ်းဆီးခံရကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြပါသည်။