Monday, March 8, 2010

ပြည်ထောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံ မှ မဟာဗျူ ဟာ နှင့် မူဝါဒရေးရာဌာန ညွန်ကြားရေးမှူး မခင်မမမျိုး နှင့် အင်တာဗျူး

ပြည်ထောင်စုအမျိုးသားကောင်စီ-မြန်မာနိုင်ငံ (National Council of Union of Myanmar - NCUM) မှ ထုတ်ပြန် ထားသော Manifestoနှင့် ပတ်သက်၍ မဟာဗျူဟာ နှင့် မူဝါဒရေးရာဌာန ညွန်ကြားရေးမှူး ဖြစ်သူ မခင်မမမျိုးထံ ဟံသာဝတီ မှ ဆက်သွယ်မေးမြန်းရာ မခင်မမမျိုးမှ ယခုလို ပြည့်ပြည့်စုံစုံ ပြန်လည် ဖြေကြား ခဲ့ပါတယ်။

မေး။ ။ ပြည်ထောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံ အကြောင်းကို ပြောပြပေးပါ။

ဖြေ။ ။ ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ အောင်မြင်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှုများ ပြုလုပ်ဖို့ လိုအပ်ချက်ကို သိမြင် ထားကြတဲ့ အာဏာရှင်စနစ် ဆန့်ကျင် တော်လှန်ရေး လှုပ်ရှားမှုထဲက လူပုဂ္ဂိုလ် တွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းထားတဲ့ တပ်ပေါင်းစုကြီး တခုဖြစ်ပါတယ်။ ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ အနေနဲ့ တရားမျှတမှု၊ တန်းတူ ညီမျှမှုနဲ့ အမျိုးသား သင့်မြတ်ရေး၊ အမျိုးသားညီညွတ်ရေး အပေါ်မှာ အခြေခံထားတဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးကို သမိုင်းပေး တာဝန်တရပ်အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်။

မေး။ ။ ဒီသမိုင်းပေး တာဝန်ကို ဘယ်လို လုပ်ငန်းစဉ် အဆင့်ဆင့်တွေနဲ့ အကောင် အထည်ဖော် သွားနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဒီသမိုင်းပေး တာဝန်ကို အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ဖို့အတွက် အဆင့် ခုနစ်ဆင့် လိုအပ်တယ်လို့ တွေ့မြင် ထားပါတယ်။ ဒီလုပ်ငန်းစဉ် အဆင့်ခုနစ်ဆင့် ကတော့

(၁) စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်း လေးဆယ်ကျော် ကာလ တလျှောက် ဖိနှိပ် ချုပ်ချယ် ခံခဲ့ရသော မြန်မာ တမျိုးသားလုံး လွတ်မြောက်ရေး အတွက် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုကြီးကို အကောင် အထည်ဖော် ဆောင်ရန်
(၂) အချုပ် အခြာ အာဏာပိုင် ကြားဖြတ် အစိုးရ ကောင်စီအား ဖွဲ့စည်းရန်။ ယင်းသို့ ဖွဲ့စည်း ရာတွင် အလွှာမျိုးစုံ ၊ လူမျိုးပေါင်းစုံကို ကိုယ်စား ပြုသော အဖွဲ့ အစည်း များနှင့် ပူးပေါင်း ညှိနှိုင်း အကောင် အထည်ဖော် ဆောင်ရန်။ လိုအပ်ပါက ကမ္ဘာ့ ကုလသမဂ္ဂ မှ အကြံဥာဏ် တောင်းခံ ဆောင်ရွက်ရန်။
(၃) အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲကြီးအား ခေါ်ယူ ကျင်းပရန် နှင့် မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲရန်
(၄) ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို တင်ပြ အတည် ပြုရန်
(၅) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် အညီ ရွေးကောက်ပွဲ ကျင်းပရန်
(၆) ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် လူမှု တရားမျှတမှု အပေါ်တွင် အခြေခံသော လူ့ဘောင် သစ်ကို တည်ဆောက်ရန်
(၇) ဖြောင့်မတ် မှန်ကန်သော နည်းစနစ်များ နှင့် မူဝါဒများကို အသုံးပြု၍ အမျိုးသား ညီညွတ်ရေး ကို တည်ဆောက်ရန် တို့ပဲ ဖြစ်ပါတယ်။

မေး။ ။ ဒီလုပ်ငန်းစဉ် အဆင့် ခုနစ်ဆင့်နဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်း နိုင်မယ်လို့ ယုံကြည် ပါသလား။

ဖြေ။ ။ ဒီလုပ်ငန်းစဉ်အဆင့် ခုနစ်ဆင့်မှာ အဆင့် တိုင်းဟာ မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု ဆိုင်ရာ လိုအပ်ချက် တွေကို အခြေခံ ထားပါတယ်။ ပထမ အဆင့်ဟာ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး နဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ ဒုတိယ အဆင့်က အသွင် ကူးပြောင်း ကာလ အုပ်ချုပ်ရေး၊ တတိယ အဆင့်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ နိုင်ငံတော်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး၊ စတုတ္ထ အဆင့်က ပြည်သူ လူထုရဲ့ ဆန္ဒ သဘောထား အစစ်အမှန် ရရှိရေး၊ ပဉ္စမအဆင့်က စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး၊ ဆဌမ အဆင့်က ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ်ရဲ့ အရေးကြီးဆုံး ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေး၊ သတ္တမ အဆင့်က အမျိုးသား ညီညွတ်ရေး စတဲ့ သဘော တရားတွေ အပေါ်မှာ အခြေခံပြီးမှ ပေါ်ထွက် လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ် ခုနစ်ဆင့်နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ် ဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်။

မေး။ ။ ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ က ချမှတ်ထားတဲ့ ဦးတည်ချက်နဲ့ လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ မဟာဗျူဟာ သဘောတရားအရ ဘယ်လို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ မဆို Ends ဆိုတဲ့ ပန်းတိုင်ရယ်။ Ways ဆိုတဲ့ သွားမယ့် လမ်းကြောင်းရယ်၊ Means ဆိုတဲ့ resources ရယ် သုံးမျိုးလုံး ပြည့်စုံမှ အောင်မြင် နိုင်ပါတယ်။ အခု ပြည်ထောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံ က ချမှတ် ထားတဲ့ တရား မျှတမှု ၊ တန်းတူ ညီမျှမှုနဲ့ အမျိုးသား သင့်မြတ်ရေး ၊ အမျိုးသား ညီညွတ်ရေး အပေါ်မှာ အခြေခံ ထားတဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နိုင်ရေး ဆိုတဲ့ သမိုင်းပေး တာဝန်ဟာ ပန်းတိုင် (Ends) ကို ကိုယ်စား ပြုပါတယ်။ လုပ်ငန်းစဉ် အဆင့် ခုနစ်ဆင့်က သွားမယ့် လမ်းကြောင်း (Ways) ကို ကိုယ်စားပြု ထားပြီး၊ ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ နဲ့အတူ မြေပေါ် မြေအောက် အသွင် သဏ္ဍာန် အမျိုးမျိုးနဲ့ လက်တွဲ ဆောင်ရွက် နေကြတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ resources တွေပဲ ဖြစ်ပါတယ်။

အခုအခါမှာ ဆိုရင် စစ်အာဏာရှင် စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ဖို့ ရည်ရွယ် ထားကြတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ လုပ်ငန်းစဉ် ပထမ အဆင့်ဖြစ်တဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ တိုက်ရိုက်ဖြစ်စေ၊ ချိတ်ဆက်လှုပ်ရှား သဏ္ဍာန်နဲ့ဖြစ်စေ၊ case-by-case သဏ္ဍာန်နဲ့ဖြစ်စေ တစထက်တစ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း လှုပ်ရှား နေကြပြီ ဖြစ်ပါတယ်။ ဒီလို ပူးပေါင်း ချိတ်ဆက် လှုပ်ရှားမှုတွေ အရှိန် ကောင်းလာ လေလေ၊ အောင်မြင်မှု ပန်းတိုင်နဲ့ ပိုပြီး နီးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို လက်တွဲ ၀န်းရံပြီး တက်တက် ကြွကြွ ပူးပေါင်း ပါဝင်ကြဖို့ ၊ ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစုများ အပါအ၀င် မြန်မာ တစ်မျိုးသားလုံးကို လေးစားစွာ တိုက်တွန်း ပြောကြား လိုပါတယ်။
၈ . ၃ . ၂၀၁၀ l HTWD