Sunday, December 28, 2008

ခါကာဘိုရာဇီ

ရာသီရိုင်းကို ဘယ်လို ရင်ဆိုင် အနိုင်ယူကြမလဲ ဇော်မှိုင်း
(၁) ၂၀၀၈ ခုနှစ်မကြာခင်ကုန်တော့မယ်။၂၀၀၉ ထဲမှာ စစ်အုပ်စု ဘာတွေလုပ်လာနိုင်သလဲ။၂၀၁၀ မှာ ချောချောမောမော အောင်ပွဲခံ ဘိသိတ်သွန်းနိုင်ရေးအတွက် စစ်အုပ်စု ဘာတွေပြင်နေပြီလဲ။
စစ်အုပ်စု ပြင်ဆင်ဆောင်ရွက်နေတာနှင့် အားချင်းမျှတဲ့ သို့မဟုတ် စစ်အုပ်စု ထက် ပိုမိုကြီးမားတဲ့ လုံ့လစိုက်ထုတ်မှုမျိုးနှင့် အစီအမံမျိုးတွေ ကျနော်တို့ ဘယ်လို ကြိုးကြိုးကုပ်ကုပ် အားထုတ်နေကြပြီလဲ။ကိုယ့်ကိုယ်ကို စက္ကန့်တိုင်းမှာ မေးခွန်းထုတ်နေသင့်တယ်။စက္ကန့်တိုင်းမှာ စမ်းစစ်နေသင့်တယ်။ အစမပြုရသေးဘူးဆိုရင် အစပြုကြရ လိမ့်မယ်။မလုံလောက်သေးဘူးဆိုရင် လုံလောက်အောင် အားစိုက်ကြရလိမ့်မယ်။၂၀၁၀ မှာ စစ်အုပ်စု စိတ်ထင်တိုင်းဖြစ်မသွားရေး၊ စစ်အုပ်စုရဲ့ ကြံစည် စိတ် ကူးထားတာတွေ တစမကျန် ပျက်သွားရေး၊ စစ်အုပ်စုရဲ့ အခြေခံဥပဒေ (၂၀၀၈) ဆို တာကြီးကို ဘယ်လိုမှ အသက်သွင်း အတည်ပြုလို့ကို မရအောင် ဆန့်ကျင်ဖျက်သိမ်း ပစ်နိုင်ရေးနှင့် ဒီမိုကရေစီခေတ်သစ်တစ်ရပ် ဖန်တီးရေးဟာ ကျနော်တို့အားလုံးရဲ့ ကနေ့ကာလ လုပ်ငန်းတာဝန်တွေဖြစ်တယ်။အလှည့်အပြောင်း အချိုးအကွေ့ဆိုင်ရာ လုပ်ငန်းရည်မှန်းချက်တွေ ဖြစ်တယ် လို့ ကျနော်မြင်တယ်။စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကို ကမ္ဘာတည်အောင် လုပ်ချင်တယ်။ လုပ် လည်း လုပ်တော့မယ်။ ဒါကို ကျနော်တို့ ဘယ်လိုတားဆီးကြမလဲ။၂၀၁၀ ဟာ သူ့အတွက် သေရေးရှင်ရေးကိစ္စဖြစ်တော့ မီးကုန်ယမ်းကုန် အား ကုန်အင်ကုန်သုံးမှာ သေချာတယ်။ ဒီပွဲကို သူအပျက်မခံနိုင်ဘူး၊ အပျက်ခံမှာ မဟုတ် ဘူး။ဒီပွဲကို အနှောက်အယှက်အနည်းဆုံးနှင့် အောင်မြင်စွာပြီးဆုံးသွားရေးဟာ စစ်အုပ်စုရဲ့ အိပ်မက်၊ စစ်အုပ်စုရဲ့ သန္နိဋ္ဌာန်ဖြစ်တယ်။ဒါကို ကျနော်တို့ ဘယ်လိုကာမလဲ။ ဘယ်လို ဖျက်ကြမလဲ။ (၂) စစ်အုပ်စုရဲ့ အကြံအစည်တွေရော စစ်အုပ်စုကိုရော ကျနော်တို့ အကုန်အစင် ဖယ်ရှားပစ်ကြရလိမ့်မယ်။ အကုန်အစင် ဖျက်သိမ်းပစ်ကြရလိမ့်မယ်။ဒီကိစ္စဟာ သာမန်ကိစ္စ၊ လွယ်လွယ်ကူကူ ကိစ္စတော့ လုံးဝမဟုတ်ဘူးဆိုတာ နိုင်ငံရေးရှိသူတိုင်း သိရှိကြပါတယ်။ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။တစ်ဦးချင်း၊ တဖွဲ့ချင်း၊ တပ်ပေါင်းစုတစုချင်း ဘယ်သူမဆို ဒီရည်မှန်းချက် တွေအောက်မှာ အလုပ်လုပ်နေသူတိုင်းကို ကျနော် အလေးအမြတ်ပြုပါတယ်။လုပ်ရပ်တခုစီတိုင်းအတွက် ဂုဏ်ယူပါတယ်။ တန်ဖိုးလည်းထားပါတယ်။ကျနော် ဒီလို စဉ်းစားမိတယ်။ဒီနေ့လို တိုက်ပွဲလိုအပ်ချက်က အင်မတန်ကြီးနေတဲ့ကာလမျိုးမှာ…အချိန်အကန့်အသတ်ကလည်း အင်မတန်ကြီးနေတဲ့ကာလမျိုးမှာ…ကျနော်တို့ရဲ့ အစီအမံတွေနှင့် ကျနော်တို့ရဲ့ အချိန်တွေဟာ တချက်ဆို ဆို သလောက်၊ တရက်ဆို ဆိုသလောက် ခရီးရောက် သွားဖို့၊ ရှေ့တဆင့်တိုးသွားဖို့ အလွန်ပဲ အရေးကြီးနေပြီလို့ စဉ်းစားဖြစ်ပါတယ်။ဒါဆို တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ဆောင်ရွက်နေကြတာထက်…တခေါင်းတဉာဏ် အားလုံး ၀ိုင်းဝန်းစဉ်းစား၊ ၀ိုင်းဝန်းဆုံးဖြတ်ပြီး စုဖွဲ့မှုရှိရှိ ဟန်ချက်ညီညီ ၀ိုင်းဝန်းလှုပ်ရှားဆောင်ရွက်ကြရင် ပိုပြီး အားမရှိပေဘူးလားလို့ တဆင့် တိုးပြီး စဉ်းစားဖြစ်ပါတယ်။သေချာတယ်။ဖြစ်နိုင်ရင် ခိုင်မာကျယ်ပြန့်တဲ့ ညီညွတ်ကြံ့ခိုင်တဲ့ တပ်ပေါင်းစုမျိုး အတွင်းမှာ ရော အပြင်မှာရော ဖွဲ့စည်းပြီး ဒီနေ့ကာလ တိုက်ပွဲလိုအပ်ချက်တိုင်းကို စနစ်တကျ ဦးဆောင်မှုပေးကြရလိမ့်မယ်။လူထုရဲ့ တက်ကြွနိုးကြားနေတဲ့ စိတ်ဓါတ်ကို မှန်ကန်တဲ့ခေါင်းဆောင်မှုနှင့် ပိပြီး ထက်သန်လာစေရမယ်။ (၃) ဘယ်လိုစုဖွဲ့ကြမလဲ။ပြည်တွင်းမှာ စုဖွဲ့မှုကို လူထုက Mandate ရ ပါတီတွေက ဦးဆောင်ကြလိမ့် မယ်။ ကမကထပြုကြလိမ့်မယ်။အခုကိုပဲ ဒီကိစ္စကို အမြော်အမြင်ရှိရှိ ဆောင်ရွက်နေကြပြီလို့ ပြောနိုင်ပါ တယ်။NLD, CRPP, UNA, UNLD စတဲ့ အင်အားစုတွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်ကန့်သတ်မှု တွေအောက်ကကိုပဲ အနှစ်သာရကျတဲ့ စုဖွဲ့မှုကို တည်ဆောက်ထားနိုင်ကြပါတယ်။- ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရေး- တွေ့ဆုံဆွေးနွေးအဖြေရှာရေး- ပြည်သူ့လွှတ်တော် ခေါ်ပေးရေးဆိုတဲ့ အရေးကြီးတဲ့ တောင်းဆိုမှုတွေအောက်မှာ ညီညွတ်စွာရပ်ခံ တိုက်ပွဲဝင်နေကြ တယ်။- နအဖ ရဲ့ အခြေခံဥပဒေကို လုံးဝလက်မခံဘူး- နအဖရဲ့ အဓမ္မလုယူကြေညာခဲ့တဲ့ ဆန္ဒခံယူပွဲရလဒ်ဆိုတာကို လုံးဝလက်မ ခံဘူး- နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးဆိုတာမှာ ညီညွတ်နေ ကြတယ်။၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတာ၊ အကောင်အထည်ဖော် တာ တစုံတရာမရှိဘဲ ဘယ်လိုရွေးကောက်ပွဲအသစ်ကိုမှ လက်ခံစဉ်းစားလိမ့်မယ် မဟုတ်ဘူးဆိုတာမှာ ညီညွတ်နေကြတယ်။ဒီ ညီညွတ်မှုတွေဟာ သိပ်ကို အားရစရာကောင်းပါတယ်။ပုဂ္ဂိုလ်ရေးအရ ညီညွတ်တာမဟုတ်ဘဲ ယုံကြည်ချက်ချင်း ညီညွတ်တာ၊ အတွေးအမြင်ချင်း ညီညွတ်တာ၊ ခံယူချက်ချင်း ညီညွတ်တာ၊ လုပ်ငန်းစဉ်နှင့် မျှော် လင့်ချက်ချင်း ညီညွတ်တာ ဖြစ်ပါတယ်။ဒီလို ညီညွတ်မှုမျိုးက ကျနော်တို့ ဒီနေ့ကျရောက်နေတဲ့ ရာသီရိုင်းကို ကြံ့ကြံ့ခံနိုင်ရုံမက အောင်ပွဲကို အရယူနိုင်တဲ့ ညီညွတ်မှုမျိုး ဖြစ်တယ်။ဒါကို အသက်သဖွယ် ထိမ်းသိမ်းစောင့်ရှောက်ကြရပေလိမ့်မယ်။ (၄) အပြင်မှာရော ဘယ်လိုစုဖွဲ့ကြမလဲ။ဒီတလောမှာ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ်ဖွဲ့စည်းဖို့ ပြင်ဆင်နေ ကြပြီဆိုတဲ့ အသံတွေ ကြားရတယ်။တည်ရှိနေတဲ့ ပါတီများ၊ အဖွဲ့အစည်းများ၊ တပ်ပေါင်းစုများရဲ့ တန်ဖိုးနှင့် အခန်းကဏ္ဍများကို တန်ဖိုးထားရင်း ပိုမိုလုပ်နိုင် စွမ်းကြီးတဲ့၊ ပိုမိုသန်စွမ်းတဲ့၊ ကနေ့ အခြေအနေသစ်နှင့် အဟတ်ညီတဲ့ တပ်ပေါင်းစုတရပ် စုဖွဲ့နိုင်ရေးကို ကြိုးစားနေပြီ ဆို တဲ့ အသံတွေ ကြားရတယ်။အင်မတန် အားရစရာကောင်းတဲ့၊ အင်မတန် အားတက်စရာကောင်းတဲ့ အသံတွေ ဖြစ်ပါတယ်။ကျနော် ဒီအသံတွေကို ကြိုဆိုတယ်။ကျနော်သိသလောက် ဒီဖက်မှာ အင်အားစုတွေ၊ စုဖွဲ့မှုတွေ အသီးသီးရှိကြပါ တယ်။ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရှိတယ်။ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရှိတယ်။တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) (ENC) ရှိတယ်။အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ရှိတယ်။မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)ရှိတယ်။မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ရှိတယ်။တိုင်းရင်းသားလူငယ်များဆုံရပ် (NY Forum) ရှိတယ်။တခြား လူထုလူတန်းစားအရေးတွေ ဆောင်ရွက်နေကြတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ရှိကြတယ်။ဒီအင်အားစုတွေအားလုံးဟာ ကိုယ်စီကိုယ်စီ အရည်အချင်းကြီးသူများ ဖြစ် ကြပါတယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းကြီးသူများ ဖြစ်ကြပါတယ်။ဒီအင်အားစုတွေအကုန်လုံးသာ တညီတညွတ်တည်း စုဖွဲ့စဉ်းစားပြီး တညီ တညွတ်တည်း စုဖွဲ့လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် ကြားရုံနှင့်တင် ရန်သူ ကြောက် ဒူး တုန်သွားစေနိုင်တယ်။ (၅) အခု…အဲဒီအင်အားစုတွေ စုဖွဲ့ဖို့ လုံးပမ်းနေကြပြီဆိုတာ ကြားရတော့ ကျနော် အား တက်တယ်။ အလုပ်တူ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်လုပ်နေကြပြီလို့ ကြားရတော့ ကျနော် အတိုင်းမသိ ၀မ်းသာတယ်။ပြီးတော့… အဲဒီအင်အားစုတွေ အားလုံးရဲ့အသံဟာ အတွင်းက NLD, CRPP, UNA တို့ရဲ့ အသံနှင့် တထပ်တည်းပဲဆိုတာ သိရတော့ အရေးတော်ပုံကြီးအတွက် ကျနော် ကျေနပ်တယ်။ကျနော်မြင်တာက…စစ်အာဏာရှင်စနစ် အကုန်အစင်ဖယ်ရှားရေးအတွက်ဆိုရင် ကျနော်တို့မှာ လုပ်စရာ အဓိကအားဖြင့် (၃) ခု ရှိတယ်လို့ မြင်ပါတယ်။နိုင်ငံရေးလုပ်ငန်း (လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲများ ဖော်ဆောင်ရေးအပါ အ၀င်)စစ်ရေးလုပ်ငန်းနှင့်သံတမန်ရေးလုပ်ငန်း။ဒီ (၃) ခု ဟာ အဓိကအကျဆုံး (၃) ခု လို့ မြင်ပါတယ်။ဒီ (၃) ခုလုံးမှာ ဒီနယ်ပယ် (၃)ခုလုံးမှာ စောစောက ကျနော်တင်ပြခဲ့တဲ့ အင်အားစုအသီးသီးက စုဖွဲ့မှုရှိရှိ လက်တွဲ ဆောင်ရွက်ကြဖို့ ပြင်ဆင်နေကြပြီ။ အရင် လက်တွဲလုပ်လက်စတွေကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေကြပြီဆိုတာ ကြားရလို့ ကျနော် အရမ်းကို အားတက်မိပါတယ်။ (၆) ပြီးခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီးသတ်အောင်ပွဲ မခံလိုက်နိုင်တာ ရဲ့ အကြောင်းရင်းတွေထဲမှာ…‘ခေါင်းဆောင်မှု အားနည်းခဲ့တယ်’ ဆိုတဲ့အချက်က တော်တော်ပဲ အဓိက ကျ တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူများ ထောက်ပြခဲ့ကြတယ်။ လူထုရဲ့ နိုးကြွရုန်းထမှုနှင့် တထပ်တည်းဖြစ်တဲ့ ညီညွတ်တဲ့ ခေါင်းဆောင်မှုမျိုး အဲဒီကာလက အဆင်သင့်ဖြစ်မှု မလုံလောက်ခဲ့ဘူးလို့ ထောက်ပြကြတယ်။ကျနော် သဘောတူပါတယ်။ဒီနေ့ ကျနော်တို့ ဒီသင်ခန်းစာကို ယူနိုင်ကြဖို့လိုတယ်။ဒီသင်ခန်းစာကို ကျကျနနယူပြီး ပြင်ဆင်မှု ပြည့်စုံသည်ထက် ပြည့်စုံအောင် အင်အားစုတိုင်းက အရှိန်မြှင့်လှုပ်ရှားနေကြပြီလို့လည်း ယုံကြည်ပါတယ်။ညီညွတ်ရေးကို တည်ဆောက်ကြတဲ့နေရာမှာ အပြန်အလှန်လေးစားဖို့၊ အပြန်အလှန် တန်ဖိုးထားဖို့၊ ရိုးသားဖြောင့်မတ်ဖို့၊ တဦးချင်းအကျိုး တခုချင်းအကျိုး ထက် တတိုင်းပြည်လုံးအကျိုး တမျိုးသားလုံးအကျိုးကို မျက်နှာမူဖို့၊ တစိပ်တပိုင်း အကျိုးထက် တစုံလုံးအကျိုး တခုလုံးအကျိုးကိုရှေ့ရှုဖို့ အထူးလိုအပ်တယ်ဆိုတဲ့ အချက်တွေက ညီညွတ်ရေးသမားတိုင်း စိတ်ထဲ၊နှလုံးထဲမှာ အမြဲစွဲထားရမယ့် အခြေခံ စိတ်ထားတွေ ဖြစ်ပါတယ်။ဒီစိတ်ထားတွေကို မိမိရဲ့ မျက်လုံးအိမ်သဖွယ်၊ မိမိရဲ့ အသက်သဖွယ် ထား ကြမယ်ဆိုရင်…ကျနော်တို့ အလုပ်သဘောဆောင်တဲ့ စုဖွဲ့မှုမျိုးတွေကို မုချ ရှာဖွေတွေ့ရှိကြ လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။“ရိုးသားစွာလုပ် ကောက်ကျစ်စွာမလုပ်နဲ့”“စည်းလုံးရေးလုပ် သွေးကွဲရေးမလုပ်နဲ့”“ဒီမိုကရေစီနည်းနှင့်လုပ် အာဏာရှင်နည်းနဲ့ မလုပ်နဲ့”ဆိုတဲ့ စည်းရုံးရေးလမ်းညွှန်တွေကို ကျနော်ဖတ်ဖူး ကြားဖူးခဲ့တာ ကြာပြီ။အခု ကျနော်တို့အင်အားစုတွေအားလုံးက ဒီစည်းရုံးရေးလမ်းညွှန်တွေကို လက်တွေ့ကျင့်သုံးနေကြပြီဆိုတာ ကြားရတော့ ကြားရရုံနှင့်တင် အရေးတော်ပုံကြီး တခုလုံးအတွက် ကျနော် သာဓုခေါ်ချင်တယ်။တနေ့ပြီးသွားတိုင်း ရှေ့ကို တလှမ်းတိုးသွားနိုင်ကြပါစေလို့လည်း ဆန္ဒပြုပါ တယ်။၂၀၀၈ ကုန်တော့မယ်။ကျနော်တို့အားလုံး ရိုးသားစွာ၊ အမြော်အမြင်ရှိစွာ၊ ဇွဲနပဲကြီးစွာ အစွမ်းကုန် ကြိုးစားရင်း အောင်ပွဲအရောက် လက်တွဲချီတက်ကြပါစို့လို့ အင်အားစုအသီးသီးကို ပန်ကြားတောင်းဆိုလိုက်ပါရစေ။ ။