Thursday, December 18, 2008

ခေတ်ပြိုင်ဝက်ဆိုက်

အန်အယ်လ်ဒီ၏ အနာဂတ်မှုန်ဝါးနေဟု ဦးတင်သုံးသပ် Numbered List

အန်အယ်လ်ဒီ၏ အနာဂတ် မှုန်ဝါးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း စစ်အာဏာရှင်စနစ်၏ အရိပ်မည်းကြီး လွှမ်းမိုးနေသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။ မကြာခင်က ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်၌ ကျင်းပခဲ့သည့် လူငယ်နှင့် အနာဂတ်ဟောပြောပွဲတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အန်အယ်လ်ဒီ၏ အနာဂတ် မှုန်ဝါးနေသည်ဟု ဆိုရာ၌ စိတ်ပျက်ခြင်း၊ အဆိုးမြင်ချင်း စသည့် အမြင်များပေါ် အခြေခံပြောကြားခြင်းမဟုတ်သော်လည်း လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအရ ဒီမိုကရေစီသည် ယနေ့ နက်ဖြန်ဆိုသလို ဗြုန်းကနဲ ပေါ်လာမည့်အရာမဟုတ်ဟု ဦးဝင်းတင်က သတိပေးလိုက်သည်။ ခေါင်းဆောင်မှုအပိုင်းနှင့် ပတ်သက်၍ ဦးဝင်းတင်က ဆက်ပြောရာ “နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာအရေးကြီးပါတယ်။ သက်ဝင်နေရမယ်၊ လှုပ်ရှားနေရမယ်၊ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကိုခေါင်းဆောင်နိုင်ရမယ်။ ခေါင်းဆောင်တယ်ဆိုတာလည်း စည်းရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့မရဘူး၊ ဆိုင်းဘုတ်တင်ထားရုံနဲ့လည်း ခေါင်းဆောင်လို့ မရဘူး။ အမြဲတမ်းလှုပ်ရှားနေရမယ်။ အဲဒီတော့ ကျနော်တို့ ဆွေးနွေးကြတယ်” ဟု ပြောသည်။ မြန်မာပြည်၏အနာဂတ်နှင့်ပတ်သက်၍ ဦးဝင်းတင်က သုံးသပ်ရာ၌ “ဗမာပြည်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီထဲမှာ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေးတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ကျနော် ပြောချင်တာကတော့ အနာဂတ်အကြောင်းပါပဲ။ ကျနော်တို့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မျှော်မှန်းခဲ့တဲ့အနာဂတ်ကလည်း စစ်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ အုပ်ချုပ်မှုနဲ့ ဆိုတာတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။ နောက်ထပ်အနှစ်နှစ်ဆယ်ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင်ချောချောမွေ့ မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ပြောတာမဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ” ဟု ပြောသည်။ (၆) လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရန် လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရကို ရာဇသံပေးထားသော်လည်း စစ်အစိုးရဘက်က မည်သို့မျှ အကြောင်းပြန်ခြင်း မရှိသေးပေ။ အန်အယ်လ်ဒီဘက်ကလည်း (၆) လကျော်သည်ထိ စစ်အစိုးရဘက်က အကြောင်းမပြန်ပါက မည်သို့ နိုင်ငံရေးအရ ဆက်လက်ဆောင်ရွက်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေကမူ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို (၆) လ မပြည့်မချင်း အန်အယ်လ်ဒီက ဆုံးဖြတ်မည်မဟုတ်သေးကြောင်း ခေတ်ပြိုင်သို့ ပြောသည်။ “အခြေခံဥပဒေ ပြန်လည်သုံးသပ်ခွင့်ရမယ်ဆိုမှသာလျှင် ရမယ် မရဘူး ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ၂၀၁၀ ကို ဖြတ်သန်းဖို့ စဉ်းစားရမှာဖြစ်တဲ့အတွက် ခုချိန်ခါမှာ ဘာကိုမှ ကြိုပြီးတော့ စဉ်းစားလို့ မဖြစ်နိုင်သေးတဲ့ အနေအထားမို့လို့။ တောင်းထားတဲ့ (၆) လ ဆိုတဲ့ကာလလည်း မပြည့်သေးတဲ့အတွက် အန်ကယ်တို့အနေနဲ့ ဘာမှ ပြတ်ပြတ်သားသား ပေးလို့မရသေးပါဘူး။ လက်ရှိလောလောဆယ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က ရှိနေသေးတယ်။ အစိုးရကနေ တရားဝင် ပစ်ပယ်ပါတယ်ဆိုပြီးတော့ ဥပဒေထုတ်ပြီးတော့ကာ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို ကျုပ်တို့အစိုးရကနေပြီးတော့ ဖျက်သိမ်းလိုက်ပြီလို့ ကြေညာထားခြင်း မရှိသေးပါဘူး။ အဲဒီတော့ ဒီဟာတွေကို ကျော်လွှားပြီးတော့ကာ အန်ကယ်တို့က စဉ်းစားလို့ မဖြစ်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။

(လူငယ်နှင့် အနာဂတ် ဟောပြောပွဲမှ ဦးဝင်းတင်၏ ပြောကြားချက် အပြည့်အစုံ)