ကျုပ်တို့ကို
ခေတ်ပုပ်ပုပ်တွေထဲ
ဘယ်သူတွေက
ဇွတ်အတင်း သွတ်သွင်းခဲ့တာလည်း။
ကျုပ်တို့နှလုံးသားပေါ်
ခြေရာတွေ
ဘယ်သူတွေက
ချန်ထားခဲ့တာလည်း။
ဒဏ်ရာအထပ်ထပ်
လောကဇာတ်ခုံအတုပေါ်
မျက်ရည်
ဘ၀တွေ
အငွေ့ပျံ။
ပဲ့တင်သံမြစ်ဖျားဟာ
နွေ(၃၀)ခြားသွားပေမဲ့
ဘယ်တော့မှတိမ်ကောမသွားပဲ
ရာဇ၀င်နှလုံးသားထက်က
သေရာပါမည့်
ခြေရာတွေပေါ့။
ကျုပ်တို့ရဲ့
အချိန်တွေကို
ခိုးစားသွားတဲ့
မိစ္ဆာတို့ရေ့ 
ဖိနှိပ်ခြင်းဥပဒေတွေ
ထောင်ငရဲတွေ
လူသတ်လက်နက်တွေနဲ့
အခါခါမခြောက်ကြပါနဲ့
သွေးအိုင်ထဲကနေ
ကြိုးစင်တက်ရဲတဲ့
နူးညံ့တဲ့သံမဏိနှလုံးသား
ကျုပ်တို့မှာရှိတယ်။
ခန္တာကိုယ်က
သွေးကြောတွေပါးပျဉ်းထ
မိုးကောင်းကင်ပြိုကျလို့
နောဧရဲ့ သင်္ဘောပေါ်မှာ
“အရိမေတ္တယျဘုရားအလောင်းလျှာ”ကို
ဖွားမြင်တဲ့အခါ
ကမ္ဘာမြေဟာ
ဖြူစင်တဲ့
သူ့ရင်သွေးအတွက်
ငိုကြွေးရလိမ့်မယ်။ ။