Wednesday, September 21, 2011

ဘယ်သူအာဏာပိုင်လဲ (Written by လူထုစိန်ဝင်း)

အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော်တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတဲ့ စကားများဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို ရည်ညွှန်းပြောဆိုကြတာပါ။

တစ်ချက်လွှတ်အမိန့်
တစ်ပါတီတစ်ဖွဲ့တစ်စည်းက အာဏာသုံးရပ်စလုံးကိုချုပ်ကိုင်ထားပြီး တစ်ချက်လွှတ်အမိန့်ပြန်တမ်းများနဲ့ အုပ်ချုပ်တဲ့အာဏာရှင်စနစ် အောက်မှာတော့ ဒီအသုံးအနှုန်းများဟာ လျော်ကန်သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုးလက်ထက်မှာတော့ ဒီအသုံးအနှုန်းတွေဟာ ဆီလျော်အပ်စပ်ခြင်းမရှိတော့လို့ မသုံးသင့်တော့ဘူး။ သက်ဆိုင်ရာဌာနများ၊ အစိုးရ၀န်ထမ်းများဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးစွဲသင့်ကြတယ်။

ဖျောက်ဖို့ခက်ပေမယ့်
နှစ်ပေါင်းငါးဆယ်လောက် ပါးစပ်ထဲမှာစွဲနေတာတွေမို့ ရုတ်တရက် ဖျောက်ဖို့ခက်တာမှန်ပေမယ့် နေ့စဉ်တဖွဖွပြောနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ အသံနဲ့နည်းနည်းမှ မအပ်စပ်ပါဘူး။ ပျောက်အောင် ဖျောက်ရပါလိမ့်မယ်။ အာဏာပိုင်ဆိုတဲ့စကားဟာ ကိုလိုနီခေတ်မှာ အတော်လေးသုံးစွဲကြတယ်။ အထူးအာဏာရ ရာဇ၀တ်တရားသူကြီးတို့ အထူးအာဏာရ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ စသဖြင့်သုံးကြတယ်။ မြို့အုပ်မင်းရုံးထိုင်လို့ သူကြီးမရှိတဲ့ မြို့နယ်လေးတွေမှာတော့ အရပ်ထဲက လူရိုသေရှင်ရိုသေပုဂ္ဂိုလ် တစ်ယောက်ယောက်ကိုရွေးပြီး သမာဓိမြို့ဝန်မင်းတို့၊ အထူးအာဏာရသမာဓိမြို့ဝန်မင်း တို့ဆိုပြီး ခန့်ထားခဲ့ကြတယ်။

မတော်လှန်ရဲအောင်
ကိုလိုနီလက်အောက်ခံနိုင်ငံတိုင်းမှာ အုပ်ချုပ်သူမျက်နှာဖြူ အရှင်သခင်ကြီးတွေက အာဏာပိုင်သခင်ကြီးတွေဖြစ်ပြီး ဌာနတိုင်းရင်းသားအုပ်စိုးခံတွေက ကျွန်တွေအစေအပါးတွေ ဖြစ်ကြတယ်။ အုပ်စိုးခံတွေ ကြောက်လန့်ပြီးမတော်လှန်ရဲအောင် အနိမ့်ဆုံးအဆင့် သူကြီးလောက်ကို အထူးအာဏာရသူကြီးမင်းတို့၊ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ လုပ်ထားကြတယ်။ မျက်နှာဖြူဘုရင်ခံနဲ့ အပေါင်းပါတွေတောပစ်ထွက်ရာမှာ လူတွေမောင်းထုခေါ်ပြီး တောခြောက်ပေးတဲ့ သူကြီးကလည်း 'ဘုရင်ခံမင်းတရားကြီး၏ ခြောက်လုံးပြူးဆုတော်မြတ် ပေးသနားခြင်းခံရသော အထူးအာဏာရ တိုက်သူကြီးမင်း' ဆိုတာမျိုးဖြစ်နေတယ်။ အဓိကကတော့ သာမန်တိုင်းသူပြည်သားတွေ ခေါင်းမဖော်ရဲအောင် ချိုးနှိမ်ဖိနှိပ်ထားဖို့ဖြစ်တယ်။

ကြောက်စိတ်မပျောက်
ကိုလိုနီနယ်ချဲ့သမားတွေရဲ့ အကြောက်တရားနဲ့ အုပ်စိုးခြင်းနည်းဗျူဟာက တော်တော်ထိရောက်တယ်။ ကိုလိုနီလက်အောက်ခံဘ၀ လွတ်မြောက်လာခဲ့တာ နှစ်ပေါင်းခြောက်ဆယ်ကျော်နေပြီ ဖြစ်တာတောင် မြန်မာလူမျိုးများဟာ ရုံးပြင်ကနားသွားရမှာ အင်မတန်ကြောက်ကြတယ်။ သခင်မျိုးဟေ့ တို့ဗမာလို့ပါးစပ်က ဘယ်လောက်အော်နေအော်နေ ကြောက် စိတ်ကဘယ်လိုမှ ဖျောက်လို့မပျောက်သေးဘူး။ ရုံးနားဂါတ်နားရောက်ရင် အလိုလိုနေရင်း ကျောထဲကစိမ့်စိမ့် လာတတ်ကြတယ်။ ဘယ်လောက်ပဲပြောပြော ယူနီဖောင်းဝတ်နဲ့ ရဲစာသင်(ဆာဂျင်)လောက် လာရင်ကို အာဏာပိုင်ပုဂ္ဂိုလ်ကြီးလာတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ လာတယ်ဆိုပြီး ခြေမကိုင်မိလက်မကိုင်မိ ပျာပျာသလဲဖြစ်နေကြရတယ်။

အရက်ယူခဲ့၊ ကြက်ယူခဲ့
'ပညတ်သွားရာဓာတ်သက်ပါ' ဆိုတဲ့စကားရှိထားတဲ့အတိုင်း ရဲစာသင်လောက်၊ မြို့အုပ်မင်းရဲ့တောလိုက်စာရေးလောက်၊ ပျာတာတော်မင်းလောက်ကလည်း သူတို့ကိုယ်သူတို့ တကယ်ကိုအာဏာပိုင်စိုးတဲ့ ပုဂ္ဂိုလ်ကြီးများအဖြစ် မှတ်ယူနေကြပြီး အရပ်သူအရပ်သားများကို တွေ့တာနဲ့ ဟိန်းဟောက်ခြိမ်းခြောက် လုပ်ကြတယ်။ အရက်ယူခဲ့၊ ကြက်ယူခဲ့နဲ့ အာဏာပါဝါပြကြတယ်။ တောသူတောင်သားတွေသာမဟုတ်ဘူး မြို့ပေါ်ကပညာတတ် လူတန်းစားတွေတောင် ဟိန်းဟောက်ခြိမ်းခြောက်ရင် ကြောက်ဒူးတုန်ကြတယ်။ အကျိုးသင့်အကြောင်းသင့် ပြန်လှန်မပြောရဲကြဘူး။ နှုတ်ဆွံ့ပြီး အ,အကြီးတွေလို ဖြစ်နေကြတော့တယ်။

ခေတ်ကြီးပြောင်းနေပြီ
အဲဒါကြောင့် 'ပညတ်သွားရာ ဓာတ်သက်ပါ' မဖြစ်ရလေအောင် အာဏာပိုင်ပုဂ္ဂိုလ်များတို့၊ အာဏာပိုင် အဖွဲ့အစည်းများတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ပပျောက်စေချင်တာပါ။ ဘာပဲပြောပြော ခေတ်ကြီးကပြောင်းနေပါပြီ။ အရှေ့အလယ်ပိုင်းက ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ရာဇပလ္လင်ပေါ်က ဆင်းသွားကြရပါပြီ။ မြန်မာပြည်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ဖြစ်နေပြီ။ တစ်ခေတ်ပြောင်းဖို့ တာစူချိန်ရောက်နေပြီ။

အမေးနဲ့ အဖြေ
ဒီနေရာမှာ ၁၁-၉-၂၀၁၁ နေ့ထုတ် မော်နီတာဂျာနယ်မှာပါတဲ့ အမေးအဖြေလေးတစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ မေးသူကို 'ဦးမြတ်ခိုင် (လျှပ်တပြက်သတင်းဂျာနယ်၊ မော်နီတာသတင်းဂျာနယ် အယ်ဒီတာချုပ်)'လို့ ဖော်ပြထားပြီး အမေးခံပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။

မေး - "ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျွန်တော်တို့သတင်းသမားတွေ တွေ့ဆုံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ကျွန်တော်တို့အပြင်မှာ ကြားသိနေရတာ အဘဦးစိုးသိန်းတို့ အဖွဲ့ကပျော့ပျောင်းတဲ့အဖွဲ့လို့ ကျွန်တော်တို့သိရပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျသွားနေတဲ့ ပြည်ထောင်စုဝန်ကြီးလို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ သိလိုပါတယ်။ အဲဒါနံပါတ် ၁ အချက်ပါ။ နံပါတ် ၂ အချက်ကတော့ နိုင်ငံခြားငွေနဲ့ ကားဝယ်ခွင့်ရတယ်ဆိုတဲ့အခါမှာ ပိုက်ဆံရတဲ့နည်းလမ်း၊ ဥပမာငွေဖြူကိစ္စ၊ ငွေမည်းကိစ္စတွေ ပြဿနာရှိလား၊ အဲဒါကိုသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။'

ပြည်သူလူထုကရွေးချယ်တင်မြှောက်ထား
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းအဖြေ
ကျွန်တော်က ဒီမှာလာတာ ဧည့်သည်ဗျ။ သို့သော်လည်း လာကူညီတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပျော့ပျောင်းတယ်၊ မာတယ်ရယ်လို့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်းစုမြို့နယ်က ပြည်သူ့ကိုယ်စားလှယ် ဖြစ်ပါတယ်။ ပြည်သူအနေနဲ့ ရွေးချယ်တင်မြှောက်ခံရပြီး ပြည်ထောင်စုဝန်ကြီးတာဝန်ကို နိုင်ငံတော်သမ္မတက တာဝန်ပေးထားတာပါ။ ပြည်သူ့အကျိုးအတွက် ကျွန်တော်တို့လုပ်ကြဖို့ ဝန်မလေးတာပါ။ တကယ်လုပ်ရမယ့်အလုပ်ဆိုရင် ကျွန်တော်တို့သံမဏိကဲ့သို့ တကယ်မာပါတယ်"

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လို့ ပြည်သူ့အကျိုးအတွက် လုပ်ကြဖို့ ၀န်မလေးတာပါလို့ ပြောသွားတာကျေနပ်စရာပါ။ ခေတ်ပြောင်းသွားပြီလို့ ၀န်ကြီးကအသိအမှတ်ပြုတဲ့ သဘောလို့ ယူဆပါတယ်။ ၀န်ကြီးဟာ အရင်အစိုးရလက်ထက်က ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပုဂ္ဂိုလ်ပါ။

အကျင့်ဆိုးမဖျောက်နိုင်
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းလို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ယူခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ခေတ်ပြောင်းသွားတာကို လက်ခံအသိအမှတ်ပြုပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ဖို့ ၀န်မလေးပါလို့ ပြောပေမယ့် ဗျူရိုကရေစီယန္တရားကြီးအတွင်းက ရုံးတစ်လုံး ဓားတစ်စင်း အာဏာရှင်စိတ်ဓာတ် မပျောက်သေးတဲ့ ဗျူရိုကရက်ကြီးတွေနဲ့ ဗျူရိုကရက်ကလေးတွေကတော့ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့အကျင့်ဆိုးတွေကို မဖျောက်နိုင်ကြသေးတာ တွေ့ရတယ်။ ကိုယ်ရုံးဌာနရှေ့ရောက်လာသူ မှန်သမျှကို ဟိန်းဟောက်ခြိမ်းခြောက်ပြီး အာဏာပါဝါပြတာမျိုးတွေ ဆက်ပြီးလုပ်နေကြဆဲဖြစ်တယ်။

ပြည်သူ့အစေခံ
ဝန်ထမ်းဆိုတာ ဘယ်လောက်ကြီးကြီး ဘယ်လောက်ငယ်ငယ် ပြည်သူလူထုရဲ့လစာရိက္ခာကို စားသောက်နေကြရသူများဖြစ်တယ်။ 'Public Servant' လို့ခေါ်တဲ့ အင်္ဂလိပ်စကားရဲ့အဓိပ္ပာယ်က 'ပြည်သူ့အစေခံ' ဖြစ်တယ်။ သဘောကတော့ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ လစာပေးခန့်ထားခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုက အရှင်သခင်ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဗျူရိုကရေစီ ယန္တရားကြီးအတွင်းက အသိဥာဏ်အဆင့် နိမ့်ကျသူ ဗျူရိုကရက်ကြီးငယ်များဟာဒီအချက်ကို သဘောမပေါက်ကြသေးဘဲ ပြည်သူလူထုအပေါ်မှာ အာဏာရှင်များသဖွယ် ပြုမူဆက်ဆံနေကြဆဲဖြစ်တယ်။

တားမရတော့ဘူး
အာဏာရှင်စနစ်မှာက တိုင်းသူပြည်သားများရဲ့ ဆန္ဒကို လုံးလုံးဂရုမစိုက်ဘဲ ဘုရင်တစ်ပါး၊ ဆူလတန်တစ်ယောက်၊ အာဏာရှင်တစ်ဦးရဲ့ ဆန္ဒသဘောထား တစ်ခုတည်းနဲ့ အုပ်ချုပ်တာဖြစ်တယ်။ လူတွေအများကြီးက ဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး။ အာဏာရှင်ရဲ့ပါးစပ်က ထွက်တဲ့စကားဟာ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာတော့ တိုင်းသူပြည်သား လူများစုရဲ့ဆန္ဒကို ဘယ်သူမှလွန်ဆန်လို့မရဘူး။ အားလုံးပြည်သူ့ဆန္ဒအတိုင်း လုပ်ရတယ်။ ပြည်သူလူထုဟာ အကြွင်းမဲ့အာဏာပိုင်များဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်တယ်။ ဗျူရိုကရက်ကြီး ဗျူရိုကရက်လေးတွေက ပြည်သူလူထုရဲ့ 'အဘ' မဟုတ်ဘူးဆိုတာ သိထားသင့်ကြတယ်။ ခေတ်ကြီးက ပြောင်းနေပါပြီ။ ဘယ်သူတားတား တားလို့ မရတော့ပါဘူး။