Friday, September 30, 2011

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွစွာ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သတင်းရရှိပါသည်။

ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သော မြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို သိရှိရပြီးနောက် ယခုကဲ့သို့ ၀မ်းမြောက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။

လူထုစိန်ဝင်း
အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထားလေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီးပြောင်းလဲ သွားနိုင်ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီးဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင်လိမ့်မယ်လို့ယူဆပါတယ်။ ဒီဧရာဝတီကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာဟာ ပြည်သူတစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံးညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ်ခဲ့ကြတာဟာ အားလုံးသော ပြည်သူတစ်ရပ်လုံးအတွက် တူညီသော အမျိုးသား အကျိုးစီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလိုစည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက

ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော်သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ်မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော်လိုက်ချင်ပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် CPI ကုမ္ပဏီနှင့် Asia World ကုမ္ပဏီ တို့ကို တရားဝင် မေတ္တာရပ်ခံ ကန့်ကွက်ခဲ့သည့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ သမ္မကြီး ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်သူလူထုဆန္ဒကို လိုက်လျှောပေးခဲ့ခြင်းဟာ အစိုးရတစ်ရပ်အနေနဲ့ နှစ်ပေါင်း ၅၀ ကာလအတွင်း အရဲရင့်ဆုံးခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဆိုတာ ပြည်သူတွေရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ မိမိတို့ရဲ့ဆန္ဒအမှန်ကို ရဲရင့်တည်ကြည်စွာ ဖော်ထုတ်ခဲ့ကြသူတွေ အားလုံးနဲ့ ဒီဆုံးဖြတ်ချက်ကို ရဲရင့်စွာ ဆုံးဖြတ်ခဲ့ကြသူ အားလုံးကိုလည်း EMG အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၆၀ ကျော် သွေးကွဲနေခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းပဲဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ဦဆောင်းမှုနဲ့ ကျွန်တော်တို့အားလုံး မြစ်ဆုံမှာ ပြန်ဆုံတွေ့ကြနိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးအုန်း(ဒုဥက္ကဌ ၊ FREDA)
ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေတဲ့သူတစ်ဦး အနေနဲ့ ၂၀၁၁ခုနှစ်ရဲ့ အကောင်းဆုံး သတင်းတစ်ခုလို့ သုံးသပ်ပါတယ်။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါ၊အဓိကအားဖြင့် ကချင်ပြည်နယ်က ဒေသခံတွေက သူ တို့ရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးတာကို မကျေနပ်နိုင်သလို မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေအားလုံးကလည်း ဒီကိစ္စကို လက်ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒါပြည်သူအားလုံးရဲ့ ဆန္ဒပါ။ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ရာဇ၀င်မှာ အမဲစက် မထင်အောင် ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့ တတ်နိုင်သလောက် မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။ ဒီဆန္ဒကို သမ္မတကြီးက လိုက်လျော ပေးတဲ့အတွက် လေးစားပါတယ်။ အရမ်းကိုကျေနပ်ပါတယ်။ ဆက်ပြီး အကြံပြုချင်တာ တစ်ခုက ကချင် ပြည်နယ်တစ်ခုလုံးက biodiversity အလွန်ပေါ်တဲ့နေရာ ဖြစ်ပါတယ်။ သစ်ခွမျိုးစိတ်ပေါင်း ၈၀၀ကျော် ရှိတယ်။ဆင်၊ကျား၊ကျားသစ်၊သက်ဝံ ကအစရှိတဲ့ နေရာတွေရှိတယ်။အင် မတန်တန်ဖိုးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမျိုးကို ecotourism အဖြစ် ပြုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်'' ဟု FREDA မှ ဒုတိယဥက္ကဌ ဦးအုန်းက ပြောကြားခဲ့သည်။

ဦးစိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
"မြစ်ဆုံစီမံကိန်းရပ်တာ ၀မ်းသာစရာအကောင်းဆုံး သတင်းပါပဲ။ ဒီစီမံကိန်းရပ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ပူးပေါင်းမှု အားကြောင့်သာ ဒီလိုရလဒ်ရလာတာပါ။ မြစ်ဆုံကို ချစ်တဲ့သူ၊ ဧရာ ၀တီကိုချစ်တဲ့သူ၊ မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံးက မဖြစ်သင့်တဲ့ စီမံကိန်းကို ၀ိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒီလိုအောင်မြင်မှု ရလာတာကတော့ အားလုံးအတွက် ၀မ်းသာစရာပေါ့။ ကြိုဆိုပါတယ်"

ဆရာအော်ပီကျယ်
“၀မ်းသာပါတယ် သမ္မတတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တယ်လို့ ယူဆပါတယ်။ ဒီအစိုးရလက်ထက်မှာ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒီအစိုးရလက်ထက်တစ်ခုစာတော့ သေချာသွားတာပေါ့။ အဓိကကတော့ Eleven အပါအ၀င် ဧရာဝတီကို အားလုံး ပြည်သူတစ်ရပ်လုံး ၀ိုင်းလုပ်တဲ့အောင်မြင်မှုပဲလို့ ယူဆပါတယ်။”

ဒေါက်တာတူးဂျာ(မြစ်ကြီးနားမြို့)
မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တဲ့ သတင်းက အရမ်းကို ၀မ်းသာကြိုဆိုပါတယ်။ ဒါဟာသမ္မတကြီးရဲ့သဘောထားကြီးမှု၊ အမြော်မြင်ကြီးမှုကို မြင်ရပါတယ်။ နောက်ပြီး ပြည်သူတွေရဲ့အသံကို အလေးထားတယ်ဆိုတာကိုလည်း ပြလိုက်တဲ့သဘောပါ။ ပြည်သူတွေရဲ့အသံကို အလေးထား၊ နားထောင်ပေးတဲ့ အတွက် ဒီမိုကရေစီနိုင်ငံကို ဦးတည်နေပြီလို့လည်း မြင်ပါတယ်။ ဒါကိုကြိုဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒီမနက်ကြားရတဲ့ သတင်းကတော့ တကယ့် မင်္ဂလာသတင်းပါပဲ။ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ သဘောထားကို နားထောင်ပြီး ဆုံးဖြတ်လိုက်တဲ့ ကိစ္စပဲလေ။ ဒီကိစ္စကလွှတ်တော်မှာ မဲခွဲပြီးဆုံးဖြတ်မယ်ဆိုရင်တောင် လွှတ်တော်အတွင်းမှာ ရှိနေတာက အစိုးရတစ်ရပ်ရဲ့လူတွေပဲလေ။ အဲဒီထဲကလူတွေအနေနဲ့ ကိုယ့်ဆန္ဒကြောင့်ပဲဖြစ်စေ၊ အဂတိမကင်းတဲ့ ကိစ္စတစ်ခုခုကြောင့်ပဲဖြစ်စေ ထောက်ခံတယ်ဆိုတာမျိုး ဖြစ်လာနိုင်သေးတယ်။ အဲဒီလိုဖြစ်လာခဲ့ရင်လည်း ပြည်သူရဲ့ တကယ့် အသံစစ်စစ်ကတော့ မြစ်ဆုံစီမံကိန်းက မဖြစ်သင့်ဘူးဆိုတာ ဖော်ညွှန်းနေမှာပါပဲ။ မြန်မာနိုင်ငံသား အားလုံးအတွက် အရေးပါတဲ့ ဧရာဝတီရယ်၊ ကချင်လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ မြစ်ဆုံလို ဒေသမှာ လုပ်မယ့်ကိစ္စက လုံးဝမဖြစ်သင့်တာလေ။ အဲဒါကို ပြည်သူ့ဆန္ဒတစ်ခု တည်းကြည့်ပြီး ရပ်ဖို့ ဆုံးဖြတ်လိုက်တာဟာ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ သတင်းလို့ ခံစားမိပါတယ်။ ကြားရတာ အင်မတန်မင်္ဂလာရှိတဲ့ သတင်းပါပဲ။

ဒေါက်တာ ဖုန်းဝင်း
“အစိုးရအဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်ကတော့ အချက်သုံးချက်နဲ့ ပြောချင်တယ်။ ပထမတစ်ချက်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုချင့်ချိန်ပြီး လုပ်နိုင်မယ်ဆိုရင် နိုင်ငံဟာ ရေရှည်တည်တံ့ပြီး sustainable development ဖြစ်တဲ့ နိုင်ငံဖြစ်လာမှာပဲ။ ဒီလို မူဝါဒမျိုးချ မှတ်ရင် အစိုးရအတွက်၊ ပြည်သူအတွက်၊ တိုင်းရင်းသားတွေအတွက် ကောင်းတယ်။ ဒုတိယတစ်ချက်ကတော့ ဒီလိုရပ်ထားတာဟာ အရင်ကလုပ်ချင်တဲ့သူနဲ့ မလုပ်ချင်တဲ့ သူတွေကြားက ပဋိပက္ခတွေကို ပြီးသွားစေတယ်။ နည်းသွားစေတယ်။ နောက်ဆုံး အချက်ကတော့ မြစ်ဆုံစီမံကိန်းဟာ မလုပ်သင့်တဲ့ကိစ္စမို့လို့ ပြန်စဉ်းစားပါလို့ အားလုံးက ကန့်ကွက်ခဲ့ ကြတယ်။ နိုင်ငံသား တာဝန်ကျေပွန်အောင် ရပ်တည်ခဲ့ကြတယ်။ ရလာ တဲ့ရလဒ်ကလည်း ကောင်းတယ်။ ကျွန်တော့်အမြင်ကတော့ တခြား ကိစ္စတွေမှာလည်း ဒီလိုသာ ဆက်လုပ်သွားနိုင်မယ်ဆိုရင် တစ်နေ့မှာ သွားချင်တဲ့ ရည်ရွယ်ချက်ဆီ ရောက်မယ်ဆိုတာပါပဲ”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦး
မြန်မာနိုင်ငံက ပြည်ထောင်စု တိုင်းရင်းသားတွေ အတွက် မင်္ဂလာသတင်းပါ။ မြစ်ဆုံကို ရပ်ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာတယ်။ ဒေသခံတွေ နောင်လာနောက်သားတွေ အတွက် ရတက်မအေးဘူး ဖြစ်နေရတာတွေ မဖြစ်တော့ဘူးပေါ့။ မြစ်ကြီး မကောတော့ဘူးပေါ့။ ဒါဟာ ဧရာဝတီကို အသက်ဆက်ပေးလိုက်ရုံတင် မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးကိုပါ အသက်ဆက်ပေးလိုက်တာပါ။

ကိုသီဟ၊ စီးပွားရေးလုပ်ငန်းရှင်၊ အသက် ၃၀ နှစ်၊ မြစ်ကြီးနားမြို့
မြစ်ဆုံစီမံကိန်း ရပ်တယ်ဆိုတဲ့သတင်းကို ကြားရတော့ ပြောမပြတတ်အောင်ပဲ ၀မ်းသာပါတယ်။ မြစ်ကြီးနားမြို့က ဒေသခံအားလုံးအတွက် သာမကပဲ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက တိုင်းရင်းသား တွေအားလုံးအတွက်ပါ ၀မ်းသာတာပါ။ မြစ်ဆုံစီမံကိန်း လုပ်နေတဲ့ကာလက စိုးရိမ်ပူပန်မှုတွေလည်း အခုတော့ ပျောက်သွားရတာပေါ့။ သတင်းကောင်းပါပဲ။ နောက်ဘယ်တာ့မှ ထပ်မဆောက်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။

ဒေါ်ငွေကြိုင်(အသက် ၆၀ နှစ်၊ ရှမ်း စုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့)
“ရပ်လိုက်ပြီလား။ တကယ်ရပ် လိုက်ပြီလား။ ၀မ်းသာလိုက်တာကွယ်။ မြစ်ဆုံကို လုပ်နေတုန်းက စိတ်ပူတာ မပြောပါနဲ့တော့။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်မြို့လုံးပဲ။ တစ်ပြည်လုံးပဲ။ ဒါက သဘာဝပျက်စီးမှာလေ။ အားလုံး ဒုက္ခရောက်မှာ။ အခုလိုကြားရတာ ၀မ်းသာလိုက်တာ။”
ကိုမရစ်နော်ဆန်း(မြစ်ကြီးနားမြို့)

“ကျွန်တော့်အမြင် ပြောရရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ပါဝင်ဆောင်ရွက်နေတော့ သဘာဝအတွက်လည်း အလွန်အရေးကြီးတာ နားလည်ထားတယ်။ ကိုယ်က သစ်ပင်တစ်ပင်တောင် မနည်း စိုက်နေရတဲ့အချိန်မှာ သူ့ဘာသာသူ သဘာဝအရ ဖြစ်ထားတဲ့ ရှုခင်းလှပတဲ့ နေရာတစ်ခုကို ဘာလို့ဖျက်ဆီးမလဲ။ ဒီဆည်ကြီးဆောက်လိုက်လို့ ရလာမယ့် အကျိုးထက် ဆုံးရှုံးရ မှာက ပိုနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ အတွက်လည်း ယဉ်ကျေးမှု အမွေတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို ရပ်လိုက်တာ လုံးဝ ထောက်ခံတယ်။ ကြိုဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တားကြပြုကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။”

ဦးပေါဟိန်း(နာယက၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း)
“အင်မတန်ဝမ်းသာပါတယ်။ ဆည်တည်ဆောက်မှုကြောင့် နှစ်ရှည်လများ ခံစားရမယ့် အများပြည်သူနဲ့ ပြည်သူလူထုအားလုံးရဲ့ စိုးရိမ်စိတ်ကို အလေးထားပေးတဲ့အတွက် ၀မ်းသာတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရဖြစ်တဲ့ အများဆန္ဒဆိုတာကို ရှေ့တန်းတင်ထားတဲ့အတွက်လည်း ဒီမြစ်ဆုံကိစ္စဟာ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ပထမဆုံး မှတ်ကျောက်တင်ရမယ့် ကိစ္စလို့တောင် မြင်မိတယ်။ မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်ပြီးတော့ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြသွားကြတဲ့ ပညာရှင်တွေကိုလည်း လေးစားပါတယ်။ အထူးသဖြင့် EMG နဲ့ ဒေါက်တာသန်းထွဋ်အောင်ကို လည်း ကျေးဇူးတင်ပါတယ်။ အချုပ်အနေနဲ့တော့ ဒီမိုကရေစီအရသာ ကို စပြီး ခံစားလိုက်ရတာပါပဲ။”

ဦးကျော်သူ(အတွင်းရေးမှူး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်)
“ကြားရတာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ တိုင်းရင်းသားတွေ ဒေသခံတွေလည်း အရမ်းကို ပျော်ရွှင်သွားကြမှာပါ။ ပြည်သူတစ်ရပ်လုံးလည်း သူတို့ရဲ့ဆန္ဒ၊ စိုးရိမ်စိတ်တွေကို အလေးထားပေးတာ တွေ့ရလို့ ၀မ်းသာကြမှာပါ။ ပြည်သူက ရွေးကောက်လို့ ပြည်သူဆန္ဒကို ပြန်အလေးထားတယ်ဆိုတဲ့ အချက်ကတော့ တော်တော်ကို အားတက်စရာပါပဲ။ မြစ်ဆုံဆည်ကိစ္စအတွက် မလုပ်သင့်ဘူး၊ ပြန်လည် စဉ်းစားပေးပါဆိုပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြောခဲ့လုပ်ခဲ့ကြတဲ့ EMG နဲ့အခြားမီဒီယာ အချို့နဲ့ ပညာရှင်တွေ အားလုံးကို လေးစားမိပါတယ်။ အစိုးရသစ်အနေနဲ့လည်း ပြည်သူအတွက် ပြည်သူ့ဆန္ဒ ကို အလေးထားကြောင်း မြစ်ဆုံကိစ္စက မှတ်ကျောက်တစ်ခုအဖြစ် ထင်ကျန်တော့မှာပါ။ အရမ်းဝမ်းသာပါတယ်။”

ဦးရဲမင်းအောင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်း)
“မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဒီလိုဖြစ်လာအောင် တိုက်တွန်းပေးတဲ့ EMG အပါအ၀င် လေ့လာပြောကြားခဲ့တဲ့ ပညာရှင်တွေအားလုံးကိုလဲ လေးစားပါတယ်။ အထူးသဖြင့် အစိုးရရဲ့ အများပြည်သူ စိတ်ချမ်းသာမှု၊ ကျေနပ်မှုအပေါ် အလေးအနက်ထား လုပ်ဆောင်ပေးတဲ့အချက်ကိုလည်း အားရကျေနပ်မိပါတယ်။ ဆက်ပြီးတော့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုသာ လွှတ် ပေးခဲ့မယ်ဆိုရင် အများပြည်သူအားလုံး ထပ်ပြီးပျော်ရွှင်ရဦးမှာပါ။ ဒီမိုကရေစီ လမ်းစဉ်ဖြစ်တဲ့ အများပြည်သူဆန္ဒကို ဦးထိပ်ထား လုပ်ဆောင်ပေးတယ်။ အိမ်နီးချင်းနိုင်ငံနဲ့လည်း ရေရှည်ဆက်ဆံနိုင်အောင် သိမ်မွေ့စွာ ဖြေရှင်းသွားဦးမယ် ဆိုတာကိုလည်း ထည့်ပြောသွားတဲ့အတွက် အစိုးရနဲ့ ပြည်သူကြားမှာ သားရွှေအိုးထမ်းတဲ့ ကိန်းပါပဲ။ မြစ်ဆုံဆည်ဆောက်မှ သားရွှေအိုးထမ်းတဲ့ကိန်း မဟုတ်ပဲ အခုမှ တကယ့် ရွှေအိုးထမ်းတဲ့ကိန်းပါပဲ။”

ဦးအောင်လှထွန်း (Reuters)
ကျွန်တော့်အတွက် ဒီအစိုးရ လက်ထက်မှာ ဒီထက်ဝမ်းသာစရာ ကောင်းတဲ့သတင်း မကြားဖူးသေးဘူး။ ဒါဟာ ၀မ်းသာစရာ အကောင်းဆုံးပါ။ ဒုတိယက ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး တွေ့တဲ့သတင်းပဲ။
Ref:http://www.news-eleven.com/index.php?option=com_content&view=article&id=10336&Itemid=112