နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက်ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းမှာ နအဖဗိုလ်ချုပ်တွေ ခံစစ်အနေအထားကနေ မပြောင်းနိုင်တဲ့အပြင် ပိုလို့တောင် နစ်လာနေတဲ့သဘောပါ။ မြွေပူရာကင်းမှောင့်တာလေလား။ ကောက်ကောက်ကျစ်ကျစ် လုပ်တယ်ဆိုတာမှာ အမြဲ အဆင်မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။
နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီးလုပ်မယ်စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာအတွေးအခေါ်နဲ့ နျူကလီးယားဗုံးကိုပိုင်ဖို့ လုပ်တယ်ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလိုဖြစ်ရုံမက တန်ပြန်ဆိုးကျိုးတွေ ထွေးရောဥပဒ်ပါ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့လုပ်နေတဲ့ နိုင်ငံခြားရေးဝါဒအောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာရပါတော့မယ်။
ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုးခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ်တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာကိုယ်တိုင်ကြေညာထားတဲ့ လက်နက်ချတယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက်ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ်ဆိုတာကိုသိလို့ ပူပန်တာလား၊ မသိချင်ဟန်ဆောင်ပြီး ပူရုပ်ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှသိမှာပါ။ နိုင်ငံ့အာဏာကို အကြိမ်ကြိမ်သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့စစ်တပ်ဟာ အာဏာလွှဲပြောင်းရေးမှာ အဖုအထစ်ဖြစ်နေရင် လုယူမှာသာဖြစ်တယ်၊ သူတို့အတွက် ဘာမှမချောမွေ့စရာမရှိဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း သူတို့ကို ရှောရှောရှူရှူ အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာကို အဲဒီကပ်ပါး ကလောင်ရှင် မေ့နေဟန် တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးကိုမေးလာရင် အညံ့စားဟာသတခုကို ထုတ်လာတယ်လို့ ပြောရမယ့်အခြေအနေဖြစ်ပါတယ်။ ဗေဒင်မေးနေရင် ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။
သူ့လိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပူပင်နေကြတာတွေအထဲမှာ ရွေးကောက်ပွဲဟာ လုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လိုလူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော်ကြောဖက်မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကိုအရှက်ပြေဖုံးကွယ်ဖို့အတွက် နအဖဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည်တံခါးဝ ရောက်ကာမှ ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ သူတို့လိုလူတွေအတွက်တော့ နအဖက တရားမဝင်တဲ့နည်းနဲ့ (၁ဝ)လ (၁ဝ)ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ လေလည်ပေးလိုက်ပါတယ်။
အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထားသူတွေက အချိန်ဆွဲတာ၊ အချိန်ကစားတာတွေ ပိုပြီးလုပ်နိုင်ပါတယ်။ နအဖသက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင်အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစညအဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ထင်ထားတာထက် ပိုကောက်လိမ့်မယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာတာနဲ့အမျှ ပါတီဝင်သန်းနဲ့ချီ ရှိပါတယ်လို့ ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့်ငွေအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောကို တွေ့နေရပါတယ်။ ဖဆပလအဆက် နု-ဆွေ-ငြိမ်း သမီးတွေဆိုရင်လည်း အသံသိပ်မထွက်နိုင်တော့ပါဘူး။ သူတို့အနေနဲ့ စည်းစိမ်အပြုတ်ခံပြီး ကြံ့ဖွံ့ကိုရင်ဆိုင်ဖို့ဆိုတာကို နှစ်ခါမကပြန်စဉ်းစားနေရပါပြီ။ ဒီနေ့အခါမှာ သူတို့နည်းတူပဲ “ပြည်ပက အထောက်အပံ့မှတပါး အခြားအားကိုးစရာမရှိပြီ” ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရူးနေသူတွေမနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့လှည်းတုတ်အကြားမှာ ဒုက္ခတွေ့နေကြတယ်လို့ဆိုရင် မမှားပါဘူး။
ဒီလိုအချိန်မှာ နအဖဟာ လက်နက်ကိုင်တပ်နောက်ခံမရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်တွေ ဖောခြင်း သောခြင်း ထုတ်ပေးနေတာ တွေ့ရပါတယ်။ သူတို့ဘာလို့ ဒီလိုပေးတယ်ဆိုတာကတော့ ရှင်းပါတယ်။ နံပါတ်တစ်က နအဖစစ် အစိုးရဟာ တိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊ နေရာပေးလိုကြောင်း အသားယူချင်လို့ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာနဲ့ပတ်သက်လို့ နာမည်ပျက်လှတဲ့အနေအထားကို တစုံတရာဖာထေးလို့ ရလိုရငြား စဉ်းစားပြီးလုပ်တာ ဖြစ်ပါတယ်။ နံပါတ်နှစ်က တချို့တိုင်းရင်းသားပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲထားတာကို ဖုံးကွယ်နေအောင်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာမဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာနေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ ကံကောင်းမှဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့်ကိစ္စကို နအဖစစ်ဗိုလ်တွေက လိုလိုလားလားခွင့်ပြုနေတာဟာ ဘာမှမဆန်းပါဘူး။
တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခုမဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်တမ်းအုပ်ချုပ်မှာက “စစ်ရေးအမြင်ရှိတဲ့” သမ္မတနဲ့ လွှတ်တော်အတွင်းရှိ စစ်တပ်ကိုယ်စားလှယ်အစုက ရွေးတင်လိုက်တဲ့ ဒုသမ္မတတို့သာဖြစ်ပြီး ဒီလွှတ်တော်ဆိုတာက အဲဒီသမ္မတ နှစ်ယောက် ပြောတာတွေကို အတည်ပြုပေးတဲ့ အလုပ်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ပိုတိကျအောင်ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း (၅) မှာ ဒီသမ္မတဆိုသူကို လွှတ်တော်မဖြတ်သန်းဘဲ လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားပါသေးတယ်။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလို သမ္မတက လွှတ်တော်ကို အတည်ပြုခိုင်းတယ်ဆိုရင် ဘယ်သူကဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလိုလွှတ်တော်မျိုးမှာ ကိုယ်စားလှယ် လုပ်ရတယ်ဆိုတာဟာ တိုက်ကြက်အတွက် အနာခံလေ့ကျင့်ပေးရတဲ့ ခွပ်လက်ခံကြက် ဘဝလောက်တောင်မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တွေရလေ့ရှိတဲ့ လှုပ်ရှားခွင့် စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။ တကယ်တော့ လူတချို့ဟာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခွင့်ရတဲ့ စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။
ခေတ်ပြိုင်မှ
ခေတ်ပြိုင်မှ