Monday, February 15, 2010

(ဆွေနိုင်)နံရံကပ်ကဗျာ


နံရံကပ်ကဗျာ
(ဆွေနိုင်)

ရန်ကုန်ဆောင်းရဲ့
လေညှင်းတချက်တချက်အဝှေ့မှာ
ပိတောက်ရနံ့လိုသင်းနေတဲ့
ပန်းသတင်းပါလာခဲ့တယ်။

လကွယ်ညတိုင်း
မိခင်များရဲ့ 
ကောင်းကင်ပြာကြီးဟာ
သူ့ရင်ခွင်မှာ
လရောင်တွေထွန်းညှိနေတုန်း
ဆောင်းညရှည်များတောင်
လူလားမြောက်လာခဲ့ကြပေါ့။

အစိမ်းပုပ်ရောင်မာယာအပြည့်နဲ့
မိုတက်ခြစားတောအုပ်ရဲ့
လက်ကြားမှာ့ 
ဝင်ချည်ထွက်ချည်
ကျင့်သားရပြီးသား
ပဉ္စမအိပ်မက်တွေ
နိုးကြွလာနေကြ။

ရွာကလေးကိုချစ်တဲ့
ဂေါဂီရဲ့အမေ့သားများပေါ့
မောင်စိမ်းနီရဲ့
မိုးရာသီကဗျာပိုက်ထဲက
လမ်းဘေးကပိတ်ကားရှေ့မှာ
------------------------------
ဆေးရောင်စုံများနဲ့
လူထုရဲ့ရင်ဖွင့်လွှာ ဇာတ်ကား
နေ့တိုင်းပြသနေလေရဲ့
မီးလျှံတွေလို့ 
တရိပ်ရိပ် တောက်လောင်လို့။