Tuesday, July 26, 2011

ဟုတ်ပါ့မလား မောင်ကာဠုရယ်

ဟုတ်ပါ့မလား မောင်ကာဠုရယ်
(မောင်မောင်လှကြိုင် -၂၀၁၁ ဇူလိုင် ၂၆)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမားဝန်ကြီး ဌာန ဦးအောင်ကြည်တို့ ၂၀၁၁ ဇူလိုင် ၂၅ ရက် တနင်္လာနေ့ နေ့လည်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၇၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့ဘို့ ၂၀၁၁ ဇူလိုင် ၂၄ ရက် တနင်္ဂနွေနေ့ကမှ အကြောင်းကြားဘိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

“ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများ ပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င်ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”လို့ တွေ့ဆုံပြောဆိုပြီးနောက် ဦး အောင်ကြည်က အသင့်ပြင်လာတဲ့ ကြေညာချက်ကိုဘတ်ကြားပြခဲ့ပါတယ်။ ဦးအောင်ကြည်ရဲ့အမူ အရာ လှုပ်ရှားမှုတွေဟာ အသက်ဝင်မှုမရှိသလို တက်ကြွမှုလဲ မရှိလှပါ။ မဖြစ်မနေ တာဝန်ထမ်း ဆောင်ပေးနေရတဲ့အသွင် ပေါ်လွင်လှပါတယ်။ “ပျားရည်ဖုံးမျက်နှာ”မှာ“သကာရည်” အတတ်နိုင်ဆုံး လောင်းထားလျက်ပါ။ တွေ့ဆုံပြောဆိုတာကို ‘အပြ’သဘော show jobs အနေနဲ့ မလွှဲသာ မရှောင် သာ လုပ်ဆောင်ပြခဲ့တာပါ။ စိတ်ရင်း စေတနာကောင်းနဲ့တော့ ဟုတ်ဟန်မတူပါ။

အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတို့အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီ၏ အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများဆက်သွယ်လုပ်ဆောင်ရန် ယင်းဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်တယ်လို့ စစ်အစိုးရကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ဟာ ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင် တွေ့ဆုံ ခဲ့ပြီး တွေ့ဆုံမှု ၉ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ တွေ့ဆုံခဲ့တဲ့အချိန်တွေကတော့

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။ တို့ဖြစ်ကြပါတယ်။

ဒါပေမဲ့ သိသာ ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီ ၉ ကြိမ်တွေ့ဆုံမှုတွေအပေါ် ဒေါ်စုက အားရကျေနပ်မှုမရှိခဲ့လို့ စိတ်ပျက် မိရကြောင်း ပြောကြားခဲ့ပါတယ်။ မျက်နှာသွင်ပြင်မှာလဲ ခံပြင်းမှုတွေပေါ်လွင်ခဲ့တာတွေ့ရပါတယ်။

“လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီ”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ၂၀၁၁ ဇူလိုင် ၂၂ ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း မှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။ အရပ်သားအစိုးရ လမ်းကြောင်းကို တကယ် ပြောင်းလဲချင်တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။

ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ လိုကြောင်းလည်း မစ္စက်ကလင်တန်ကပြောပါတယ်။

ဟီလာရီ ကလင်တန်က တရုတ်ပြည်ရောက်၊ ၂ နိုင်ငံအရေးကြီးကိစ္စများပြောမယ်၊ မြန်မာ့အရေးလဲ ပြောမယ်၊ တိုက်တွန်းမယ်၊ တရုတ်ကလဲ မြန်မာ့အစိုးရကိုပြောမယ်။ အမေရိကန်ရဲ့စကားကြောင့် ရုတ်ချည်း ကောက်လုပ်ပြတာလား၊ တရုတ်ရဲ့ဖိအားကြောင့် ကမန်းက တန်းထလုပ်တာလား၊ အာဆီ ယံဥက္ကဌ ဖြစ်လိုစိတ်အားကြီးလို့ အချိန်မှီ ထလုပ်ပြတာလား၊ တဘက်သတ်ဖန်တီးနေတဲ့ ပြည်တွင်းစစ် ကိုဖုံးကွယ်လိုလို့လား၊ ဒီမိုကရေစီအစိုးရဖြစ် show jobs တွေလုပ်ဘို့ ဖန်တီးလိုလို့လား ဆိုတဲ့ သံသယ အတွေးတွေနဲ့ စောင့်ကြည့်ကြရဦးမှာပါ။

ဒီမိုကရေစီအတုအယောင်အစိုးရရဲ့ ရောင်းစားမဲ့ “အချိန်” တွေကို အလကားပဲတင်းနဲ့ ဝယ်ကြရဦးမှာပါ။

အခုတကြိမ်တွေ့ဆုံစကားပြောဘို့လဲ ဗြုန်းစားကြီးစီစဉ်တာပါ။ နောင်ဆက်လုပ်မဲ့အစီအစဉ် အတိအ ကျ မရှိလှပါ။ မရေရာ မသေချာတဲ့ ယေဘူယျဆန်တဲ့ အပြောတွေနဲ့ပဲ တခန်းရပ်လိုက်ပြန်ပါပြီ။ မဖြစ်မ နေ အခြေအနေကြောင့် ထလုပ်ပြရနေသလိုပဲ။ ယခင် ၉ ကြိမ်က လုပ်နည်းလုပ်ပုံအတိုင်း မသပ်မယပ် ထလုပ်ပုံပေါ်နေလျက်ပါ။ မနက်ဖန်တွေ့ဘို့ ဒီနေ့အကြောင်းကြား၊ ချိန်းထားချိန်ရောက်တော့ လာခေါ်၊ ခဏတဖြုတ်ပြောနဲ့။ ဒေါ်စုကိုများ ဂျပန်ပြည်က “ရိုဘော့”အရုပ်ကလေးလိုပဲ။ လိုရင် ယူဆော့လိုက်၊ မလိုရင် ချောင်ထိုးထားလိုက်နဲ့။

ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေးခရီးစဉ်အတွက်လုံခြုံရေးကို အစိုးရမှာတာဝန်ရှိတယ်လို့ ဇွန် လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်စုကို သာမန်ပြည်သူတယောက်လိုသာ သဘောထား ကြောင်း လက်ရှိ နိုင်ငံ့အကြီးအကဲတဦးက အတိအလင်းပြောခဲ့ပါတယ်။ အစိုးရသစ်အဖွဲ့ရဲ့ ပြည်ထဲ ရေးဝန်ကြီးက ဦးအောင်ရွှေ၊ ဒေါ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်ကြဘို့ ရပ်တန်းက ရပ်ဘို့ (၂၀၁၁ ဇွန် ၂၈)နေ့က အကြောင်းကြား သတိပေးခဲ့တာပါ။

ခုတော့လဲ သူတို့ မဟုတ်သလိုပါပဲ။ တလေးတစားအရေးတယူနဲ့ ပျူငှာရင်းနှီးပြနေလိုက်ကြတာ။

ဖြတ်ကနဲပေါ်- ဖြုတ်ကနဲထ- ဖြစ်ကတတ်ဆန်း လုပ်လေ့ရှိတဲ့ အာဏာရှင်တွေရဲ့ဉာဉ်အတိုင်း “ဖ ဦးထုပ် ၃ လုံး လမ်းစဉ်” ပါပဲ။ ယခင်က လုပ်ကိုင်ပြောဆိုသလိုပဲ အပြောင်းအလဲမရှိသေးပါ။ မိမိ တို့အကျိုးစီးပွါးကို ထိခိုက်လာတော့မှ အိနြေ္ဒမဲ့စွာ ကောက်ကာ ငင်ကာ ထလုပ်တတ်ကြတာပါ။

မလိုအပ်တဲ့အချိန်ကျရင် ဒေါ်စုကို တရားခံရှာလိုတာ မဟုတ်ဘူးလို့ ဘယ်သူကအာမခံမှာလဲ။
ဗက ဘိုးဘိုးကြီးလို “ဟုတ်ပါ့မလား မောင်ကာဠု ရာ”လို့သာ ဦးးအောင်ကြည်ကို မေးရတော့မှာပေါ့။