Sunday, September 26, 2010

ကျွဲရေလိုနှယ် ဒုံးခံတော့မယ်

သူ့အရပ်နဲ့ သူ့ဇာတ်
အောက်သားတွေက အညာသား ပဲစားလို့ ခေါ်ကြတာ မမှားပါဘူ။ စိတ်ဆိုးစရာလည်း အကြောင်း မရှိပါဘူး။ အောက်သားက ငါးပိ စားတယ်။ အညာသားက ပဲစားတယ်။သူ့အရပ်နဲ့ သူ့ဇာတ်ပဲ။ ဘာမှ မထူးဆန်းဘူး။ ဒါကြောင့် ကျွန်တော် ပဲကြိုက်တာကို အထွေအထူး စာဖွဲ့ စရာ မရှိပါဘူး။ ဒါပေမယ့် နည်းနည်း ထူးခြား တာလေး တစ်ခုတော့ ပြောချင်တယ်။ လူတွေရဲ့ ထူးဆန်းတဲ့ သဘာဝကို သိစေချင်လို့ပါ။ အညာ သားဆိုတော့ ကျွန်တော်က ပဲအားလုံးကြိုက် တယ်။ အဲဒီထဲက စားတော်ပဲကိုတော့ ထူးထူး ကဲကဲကို ကြိုက်ပါတယ်။ ပဲပြုတ်နဲ့ ထမင်းဆို ဘယ်တော့မှ ရိုးတယ်၊ အီတယ်ဆိုတာ မရှိဘူး။ နေ့တိုင်း စားနိုင်တယ်။

ပဲပြုတ်ပါရင် အကုန်ကြိုက်
မနက် အိပ်ရာ ထတာနဲ့ ပဲပြုတ်နဲ့ ထမင်း ဒါမှမဟုတ် ဆီထမင်းနဲ့ ပဲပြုတ်၊ ငချိတ်ပေါင်းနဲ့ ပဲပြုတ်၊ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ် စားရတာ နှစ်ခြိုက်တယ်။ တစ်ခါတလေ အပြောင်းအလဲ အဖြစ် နံပြားနဲ့ ပဲပြုတ်လို ထပ်တစ်ရာနဲ့ ပဲပြုတ်လို စားတဲ့အခါ စားတယ်။ ပဲပြုတ်ကို ဘယ်တော့မှ မုန်းတယ် မရှိဘူး။ နေ့ခင်းနေ့လယ် အပျင်းပြေ အဖြစ် စားတော့လည်း ပဲပြုတ်နဲ့ မုန့်ပြား သလက်၊ ပဲပြုတ်နဲ့ မုန့်ပေါင်း၊ ပဲပြုတ်နဲ့ မုန့်လင်မယား စတဲ့ အညာမုန့်တွေပဲ စားတယ်။ ပေါက်စီတောင်မှ ပဲပေါက်စီပဲ စားတယ်။ ၀က်သားပေါက်စီ မကြိုက်ဘူး။ ငယ်ငယ်ကစားရတဲ့ သကြားပေါက်စီလည်း ကြိုက်တယ်။ ဒါပေမယ့် သကြား ပေါက်စီက ခုခေတ်မှာ မတွေ့ရ တော့ဘူး။

ပဲပြုတ်နဲ့ မျှစ်ကြော်
ထမင်း ပွဲမှာလည်း ဟင်းရံအဖြစ် မျှစ်နဲ့ ပဲပြုတ်ကြော် ပါရင်စားလို့ အင်မတန် မြိန်တယ်။ အထက်မှာ ပြောခဲ့တဲ့ ထူးခြားတာလေး တစ်ခု ပြောချင်တယ် ဆိုတာ မျှစ်နဲ့ ပဲပြုတ်ကြော် အကြောင်း ဖြစ်ပါတယ်။ အခု ဒီတစ်နှစ်လောက် အတွင်း စားရတဲ့ မျှစ်ကြော်တွေက ဖြူဖပ်ဖြူရော်နဲ့မို့ ကြည့်မလှဘူး။ အရင်လို နီနီရဲရဲလေး မဟုတ်တော့ စားရတာတောင် ပေါ့ရွှတ်ရွှတ် ဖြစ်နေတယ်လို့ ထင်မိတယ်။ အရင်ကတော့ မျှစ်တွေကို ဆိုးဆေးနဲ့ ပြုပြင်ထားတော့ နီနီရဲရဲနဲ့ အမြင်လှတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က စပြီး အစားအသောက်တွေမှာ ဆိုးဆေး ထည့်တာတွေကို ဖမ်းတယ် ဆီးတယ်လုပ်တော့ မျှစ်တွေလည်း ဆေးမဆိုးတော့ဘဲ သဘာဝ အတိုင်းပဲ ရောင်းကြတော့တယ်။

အတုတွေနဲ့ ယဉ်ပါးသွားလို့
လူ့သဘာဝက မထူးဆန်းဘူးလားဗျာ။ ဆိုးဆေး မျိုးစုံနဲ့ ပြုပြင် ဖန်တီးထားတဲ့ အတုတွေကို စားနေကျ ဖြစ်နေတော့ အစစ်အမှန်ကို အစစ်အမှန် သဘာဝ အတိုင်း စားရတာတောင် အတုလို စားလို့ မကောင်းဘူးတဲ့လေ။ ထူးဆန်းတာ မှန်ပေမယ့် လူတွေကို အပြစ် မတင်ပါဘူး။တစ်သက်လုံး အတုတွေနဲ့ ယဉ်ပါး လာခဲ့ကြရတာကိုး။ အတုတွေကိုပဲ အဟုတ် ထင်နေကြမှာပေါ့။ ခုခေတ် ကမ္ဘာ တစ်ခုလုံးမှာ လူသားတွေ ရှက်စရာကို ရှက်စရာမှန်း မသိကြတော့တာ၊ ကြောက်စရာကို ကြောက်စရာမှန်း မသိကြတော့တာတွေကို စိတ်ပျက်လက်ပျက် ဖြစ်မိတဲ့ အခါတိုင်း အတုတွေနဲ့ ယဉ်ပါးသွားတဲ့ သဘောကို ဆင်ခြင် သုံးသပ်ပြီး ခွင့်လွှတ် ပေးလိုက်ကြပါ တော့လို့ပဲ ပြောချင်တယ်။

အနိဋ္ဌာရုံတွေချည်းပဲ
အဲဒီလို နှလုံး မသွင်းတတ်ရင်တော့ ဒီလူ့လောကကြီးက တစ်စက်ကလေးမှ နေလို့ ကောင်းမှာ မဟုတ်ဘူး။နေရာတိုင်း အနိဋ္ဌာရုံတွေချည်းပဲ။ လူသားတွေ ရက်စက်ကြမ်းကြုတ် လိုက်ပုံများကလည်း ပြောလို့ ယုံနိုင်ဖွယ် မရှိဘူး။ခရီးသည် အပြည့်ပါ လာတဲ့ လေယာဉ်ပျံ ကြီးတွေကို အပိုင်စီးပြီး လူတွေထောင် သောင်းချီ ရှိနေတဲ့ မိုးမျှော်တိုက်ကြီးတွေကို ၀င်ဆောင့်ပစ်တဲ့ ကြမ်းကြုတ်မှုမျိုး ဘယ်ခေတ်က ကြားခဲ့ဖူးလို့လဲ။ အရူးကိုယ်မှာ ဗုံးတွေ ချိတ်ပေးလိုက်ပြီး ဈေးထဲမှာ လျှောက်ပြေး ခိုင်းတာမျိုးလည်း ဘယ်တုန်းက ကြားခဲ့ဖူးလို့လဲ။ တကယ့်ကို ပစ္စန္တရာဇ် အရပ်လို့ ပြောရမှာပဲ။

မြင်သူရှက်ခေတ်
ရက်စက် ကြမ်းကြုတ်တဲ့ နေရာမှာသာ ကမ်းကုန်တာ မဟုတ်ဘူး။ အရှက်တို့၊ ဂုဏ်သိက္ခာတို့ ကင်းမဲ့တဲ့ နေရာမှာလည်း ယိုသူ မရှက် မြင်သူရှက် ဆိုတဲ့ စကားအတိုင်း ဖြစ်ချင်တိုင်းကို ဖြစ်နေကြတော့တာ။ မိန်းကလေးတွေ ပေါင်ပေါ် ဒူးပေါ်ချက်ပေါ် ၀တ်တယ် ဆိုတာက ဒီခေတ်မှာ အတော် ယဉ်ကျေးတာလို့ ချီးကျူးရမှာ။ အခုက ကျောတစ်ပြင်လုံးနဲ့ ရင်ဘတ်အထက်ပိုင်း တစ်ခုလုံး ဗလာကျင်းထားတဲ့ ရင်ရှားနဲ့ အလှူမင်္ဂလာ ဆောင်ပွဲနေပွဲထိုင် သွားနေကြတာ။ တချို့က စင်ပေါ်တက်ပြီး ဆတ်ကော့ လတ်ကော့တောင် လုပ်ပြကြသေး တယ်။ဘီကီနီ ၀တ်ပြီး ဓာတ်ပုံ အရိုက်ခံ တာများ ဘာဆန်းလို့လဲလို့ ပြောတဲ့သူက ပြောသေးတယ်။

မျက်နှာမပျက် ပြောထွက်တယ်
ဝတ်စား ဆင်ယင်မှုသာ မြင်သူ ရှက်ဖြစ်တာ မဟုတ်ဘူး။ စိတ်ဓာတ်ရေးရာနဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာတွေမှာလည်း ဘာမှတယ် မထူးဘူး။ ကာယကံ ရှင်တွေက ရှက်ရကောင်းမှန်း မသိဘူး။ဘေးလူကသာ ရှက်နေကြရတာ။မလွှဲ မရှောင်သာတဲ့ အကြောင်းကိစ္စ တစ်ခုခုကြောင့် မဆက်ဆံချင်ဘဲ ဆက်ဆံရ တဲ့ အခါမျိုးတွေမှာ ကိုယ်ကသာ အားတုံ့ အားနာနဲ့ နှုတ်မရဲ လျှာမရဲ ဖြစ်နေကြတာ၊ သူတို့ကတော့ မထူးဆန်းတဲ့ ကိစ္စလိုပဲ၊ ဘယ်လောက်ပေးမှ လုပ်ပေးနိုင်တယ် ဆိုတဲ့စကားကို မျက်နှာတစ်ချက် မပျက် ပြောထွက်ရဲကြတယ်။ ယူတော့လည်း စားပွဲအောက်က ယူတာတို့၊ မုန့်ပုံးထဲ ထည့်ယူခဲ့ ခိုင်းတာတို့ မရှိပါဘူး။ ဗြောင် ပေး ဗြောင်ယူပါပဲ။ ပွင့်လင်း လွတ်လပ်တဲ့ ခေတ်ဆိုတာကြောင့်ပဲလား မသိ တော့ပါဘူး။

သိက္ခာဆိုတာ ဟန်ဆောင်ခြင်းတဲ့
လူ့ဂုဏ်သိက္ခာ ဆိုတာ ဘာမှန်း ညာမှန်း မသိ နေလာခဲ့တာ ကြာပြီဆို တော့ ဆေးဆိုးတဲ့ မျှစ်ကို အကောင်း ထင်နေသလိုမျိုး၊ ဂုဏ်သိက္ခာမဲ့ နေထိုင် ခြင်းမှာ ယဉ်ပါးပြီး နေသား ကျနေကြတာနဲ့ တူပါတယ်။ ဂုဏ်တို့၊ သိက္ခာတို့ ဆိုတဲ့ စကား ဒီခေတ်မှာ ပြောသံဆိုသံတောင် တယ်ပြီး မကြားရတော့ပါဘူး။ သိက္ခာကို ဟန်ဆောင်ခြင်း ဆိုပြီး ကဲ့ရဲ့ချင် သူတွေတောင် ရှိကြတယ်။ ပွင့်လင်းမှု၊ ရိုးသားမှုကို တန်ဖိုးထားတယ်လို့ အသံကောင်း ဟစ်သူတွေက ဟစ်ကြတယ်။

ယိမ်းသမားတွေ ဖြစ်ကုန်ပြီ

ဂုဏ်သိက္ခာတော့ အထိပါး မခံနိုင်ဘူး။လျှာမြက်ပေါက်ချင် ပေါက်ပါ စေဆိုတဲ့ လူမျိုးကို ဒီခေတ်က အရူးလို့ သဘော ထားကြတယ်။ ခေတ်နဲ့အညီ လိုက်လျော ညီထွေဖြစ်အောင် ရောယိမ်းလိုက် ဘသား ယိမ်းလိုက် လုပ်တတ်တာကိုမှ လက်တွေ့ကျတာ၊“ပရတ်မားတစ်”(Pragmatic) ဖြစ်တာလို့ ချီးကျူး ကြတယ်။ဒီလိုနဲ့ပဲ လူတွေ အားလုံး“ယိမ်း သမား”တွေ ဖြစ်ကုန်ကြတော့တယ်။ မူ (Principle)တို့၊ ယုံကြည်ချက် (Conviction) တို့ ဆိုတဲ့ စကားတွေဟာ သိက္ခာဆိုတဲ့ စကားလိုပဲ ကွယ်ပျောက်တော့မလောက် ဖြစ်နေပြီ။ ပြောသံဆိုသံ တယ်မကြားရတော့ဘူး။

စိတ်မကောင်းစရာ မြင်ကွင်း
တစ်ညက ရုပ်မြင်သံကြားမှာ နိုင်ငံခြား သတင်းတွေ ကြည့်နေရင်းနဲ့ ထိုင်းနိုင်ငံမှာ ကွန်တိန် နာကားမှောက်လို့ တရားမ၀င် ခိုးဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ သုံးဆယ်ကျော် သေတဲ့သတင်း တွေ့ရတယ်။ ပွဲစားက တစ်ဆင့် အလုံပိတ် ကွန်တိန်နာ ကားကြီးနဲ့ ဘန်ကောက်ကို အလာလမ်းမှာ ကားမှောက်တာ ဖြစ်တယ်။ အသက်မသေ ကျန်ရစ်တဲ့ ယောက်ျား၊ မိန်းမ သုံးဆယ်လောက်ကို လမ်းဘေးမှာ ငုတ်တုတ် ထိုင်ခိုင်းပြီး ထိုင်းပုလိပ်တွေက စောင့်ကြပ်နေကြ တယ်။ထိုင်းပုလိပ်တွေ လက်ထဲမှာ ကြိမ်လုံး ကိုယ်စီ ကိုင်ထားပြီး ထိုင်နေသူတွေရဲ့ ခေါင်းတွေကို လိုက်ရိုက်နေတာလည်း တွေ့ရတယ်။ကြည့်ပြီး စိတ်မကောင်း ဖြစ်လိုက်ရတာ။ ဒီသတင်းမျိုးတွေ မကြာခဏ မြင်နေကြားနေရတယ်။

ရေကြည် မြက်နုရာ
တစ်ခါတလေ ကျတော့ တောထဲမှာသတ်ပြီး စွန့်ပစ်ထားတဲ့ မြန်မာတွေ လေးငါးခြောက် ယောက်ရဲ့ အလောင်း တွေ့ရတဲ့ သတင်းတွေ ကြားရမြင်ရတယ်။ မိန်းကလေးများဆို မတော်တရော် ပြုပြီးမှ အသတ် ခံကြရတာ များတယ်။ ဘယ်သူ ဘယ်ဝါတွေမှန်းလည်း မသိကြရဘူး။ ရေကြည်ရာ မြက်နုရာ သွားလာလှုပ် ရှားကြရင်း အသက်စွန့် သွားရှာကြရတာ။ဒီဘက်မှာ ကျန်ရစ် ကြတဲ့ မိဘ ဆွေမျိုးများကတော့ ဘယ်သိ ကြမှာလဲ။ တစ်နေ့ ပြန်လာနိုးနဲ့ လည်ပင်း ညောင်ရေအိုး ဖြစ်နေကြမှာပါ။ ရင်နာစရာ ဘယ်လောက် ကောင်းလိုက်ပါသလဲ။

မလိုလားတဲ့ မျက်နှာတွေ
တရားမ၀င် သွားကြသူတွေသာ ဒီလို အဖြစ်ဆိုးတွေ ကြုံရတာ မဟုတ်ဘူး။ပတ်စ်ပို့ ကိုင်ပြီး တရားဝင် သွားရောက် သူတွေလည်း ထိုင်းလေဆိပ် ရောက်တာနဲ့ ဂုဏ်သိက္ခာ အချိုးအဖဲ့ ခံကြရတာ ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ရှေ့ရောက်တာနဲ့ မြန်မာ ပတ်စ်ပို့ ကိုင်လာသူတွေ အားလုံးကို ဘေးမှာ ဖယ်ထားပြီး တခြားလူမျိုး တွေကို အရင်စစ်ဆေး သွားခွင့်ပေးတယ်။ လူအား လုံးကုန်မှ မြန်မာတွေကို အိတ်သွန်ဖာမှောက် ရှာဖွေ စစ်ဆေးတယ်။ မျက်နှာထား တွေကလည်း မလိုလားအပ်တဲ့ သူတွေကို ကြည့်တဲ့ မျက်နှာမျိုး။ တို့တိုင်းပြည်ထဲ လာရှုပ်မယ့် လူတွေပဲဆိုတဲ့ အကြည့်မျိုး။

ငါ့ဝမ်းပူ ဆာမနေသာ
ဒါတွေ အားလုံးဟာ လူ့ဂုဏ်သိက္ခာကို ချိုးဖဲ့ နင်းခြေခံရတာတွေပဲ မဟုတ်ဘူးလား။ တရား မ၀င် ၀င်ရောက်လာတာပဲ ဖြစ်စေဦးတော့ ဥပဒေ အရ ဖမ်းဆီး အရေးယူ အပြစ် ပေးနိုင်တာပဲ။ ကြိမ်နဲ့ ရိုက်စရာ မလိုပါဘူး။ ဘယ်နိုင်ငံ ဥပဒေကမှလည်း ရိုက်နှက်ခွင့် ပေးမထားကြပါဘူး။ ဒီလိုနိုင်ထက် စီးနင်း လုပ်တာတွေ ခံနေရတဲ့ ကြားကလည်း သွားတဲ့ လူတွေက သွားနေကြတာပဲ။ ဥပကနဲ့ မဆာဝါ တစ်ခါတလေ ကျတော့လည်း ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပမာ လူ့ဂုဏ်သိက္ခာ မှန်သမျှကို အောက်ဆုံး အဆင့်ထိ လျှော့ချ ထားခဲ့တဲ့ ဥပက တက္ကဒွန်းကြီးတောင်မှ မဆာဝါရဲ့ စော်ကားလွန်းမက စော်ကားတာတွေကို ခံရပါများ တဲ့အခါ နောက်ဆုံးကျတော့ မဆာဝါကို စွန့်ပစ် ထွက်ခွာ သွားခဲ့တဲ့ အဖြစ်ကိုသွားပြီး စဉ်းစားမိတယ်။ မဆာဝါရဲ့ စော်ကားပုံကို စလေအညာက ကဝေဆရာ ဦးပုညဖွဲ့ဆို ထားပုံကိုလည်းကြည့်ပါဦး။

မဆာဝါရဲ့ အဆဲ
“ကြိုးလေးမြွာကြိမ် ပုခက်ကယ်နှင့်၊ စက်ပါရော့ သားညို ရွှေတောင်၊ ခက်ပါရော့မောင်။
စက်အောင်လို့ လွှဲပါတယ်ကို၊ သားမောင်ငယ် ပုခက်ထဲက စွဲကျင့်လို့ငို။
မင်းဖေအို မောင်လူထွက်လိုဘဲ အားတက်သလား၊
သားမောင်ရွှေသွယ်၊ မင်းကျင့် ဆိုးလှတယ်။
မကျယ်ပါနှင့် သည်းချာရွှေရိုး၊ မင်းဖအေရ ဟန်းကျိုး။
ရဟန်းကျိုးပီပီ၊ ကျောင်းဆောင်ထဲမှာ ပျော်လည်း မပျော်လို၊
လူလူလိုလို ရှိပါပဲနှင့်၊ လူထဲကို လာပြန် ချင်တယ်၊ ဘိုးလူ ထွက်ကယ်။
မင်းမွေးမေ ငါက ဆဲရင်လ၊ မင်းဖေအို မောင်ခပြဲမှာတဲ့။ မုန်းနိုင်ဘဲ ကျွဲရေလိုနှယ်၊ ဒုံးခံတော့တယ်။
မင်းမွေးမေ သည်လူထွက် ကိုတဲ့၊ ခါခါလေ စေတနာ ပျက်ပါလို့၊ အသက်ကယ် သေပါစေလို့၊ တောင်းတဲ့ဆုကို။ မသေလိုပါနိုင်ဘဲနှင့်၊ သည်မွေး မောင်တေတေး၊ ကြွင်းပြန်ရစ်သေး၊ ဧလည်းယင်ယင်ဧ။
ရွှေစင်ရင်သွေး မယ့်သားလေး၊ ဧလည်း ယင်ယင်ဧ။”

လူတိုင်းမှာ ဂုဏ်သိက္ခာ ရှိတယ်
လူ့ဂုဏ်သိက္ခာကို အဆုံးစွန်ထိ နင်းချေခံ လိုက်ရတဲ့ အခါကျတော့ ကျွဲရေလို ဒုံးပေကပ် သပ်တင်း ခံခဲ့တဲ့ ဥပကကြီးရဲ့ ခံနိုင်ရည် စွမ်းအင် ကျိုးပေါက် သွားခဲ့ရပြီး ဆာဝါကို ကျောခိုင်းစွန့်ပစ် လိုက်တော့တယ်။ ဘယ်လောက်ပဲ ခံနိုင်ရည် ရှိတယ်ဆိုဆို နောက်ဆုံးဆိုတဲ့ အဆင့်တစ်ဆင့် ကတော့ ရှိစမြဲ ဖြစ်တယ်။ ဆာဝါလို နိုင်တိုင်းဖိ ထောင်းတာ မကောင်းဘူး။ ဥပကလို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတောင်မှ နာလွန်းမက နာတဲ့ အခါကျတော့ သူ့နည်းနဲ့သူ တုံ့ပြန်တတ်တယ်။ လူဆိုတာ ဘယ်လောက်ပဲ နိမ့်ကျ နေပါစေ။“လူ” ဆိုတဲ့ ဂုဏ်သိက္ခာတော့ ရှိစမြဲဖြစ်တယ်။ ဒီဂုဏ်သိက္ခာ အတွက် အသက်စွန့်ဖို့ ၀န်မလေး တတ်ခြင်းဟာလည်း လူသားတို့ရဲ့ ဂုဏ်အင် လက္ခဏာ တစ်ခုဖြစ်တယ်။ လောကမှာ ဒီလို လူစားတွေ အများကြီးရှိတယ်။

လူထုစိန်ဝင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)