“ကျေးဇူးပြုပြီး အားလုံး မတ်တပ်ရပ်ပေးကြပါ ခင်ဗျာ”
“မိဘများကို အာရုံပြုပြီး လက်အုပ်ချီထားကြပါ ခင်ဗျာ”
“မိဘများကို အာရုံပြုပြီး လက်အုပ်ချီထားကြပါ ခင်ဗျာ”
“လုံးဝ လိုက်မဆိုကြပါနဲ့”
“လုံးဝ လိုက်မဆိုကြပါနဲ့”
အခမ်းအနားမှူး၏ ကြေညာချက် အဆုံးတွင် တီးလုံးသံနှင့်အတူ အဆိုတော်ကြီး ဟင်္သာတ ထွန်းရင်၏ “မိသားစု ကန်တော့ပွဲ” တေးသီချင်းစာသားများက နားစည်ဝသို့ လာရောက်ရိုက် ခတ်သည်။
“လူလားမြောက်တဲ့___အရွယ်ထဲကလေ၊ လောကဓံကို ___ရင်ဆိုင် တွေ့ကြုံခဲ့ပါပေ၊နိမ့်ချီတစ်ခါ ___သာချီတစ်လှည့်ရယ်နဲ့၊ သမုဒယနယ်မှာ___ကျင်လည် ကျက်စား၊ မအားလပ်နိုင်ရှာပေ ___၊ လောကဓမ္မတာ ___ သောက အဖြာဖြာ၊ကြုံခဲ့ရပေ ___
ချစ်သောဖေဖေ___ ချစ်သော မေမေ”
သီချင်း စာသားများက နားစည်မှ တစ်ဆင့် နှလုံးသားသို့ ပဲ့တင်လာ ထပ်နေသည်။ငိုချင်လျက် လက်တို့ ဖြစ်နေသော စိတ်တို့ကို မည်သို့မျှ ထိန်းသိမ်းနိုင်စွမ်း မရှိ တော့။ မျက်ဝန်းအိမ် နှစ်ဖက်မှ စိမ့်ထွက် စီးဆင်းလာသော မျက်ရည်ပူတို့က ပါးပြင်ပေါ်သို့ ကျရောက် နေရာယူကြလေပြီ။ ဓမ္မဗိမာန်ကြီး အတွင်းရှိ ခန်းလုံးပြည့် လူဗိုလ်ပုံ ပရိသတ် အလယ်တွင် တသွင်သွင် စီးဆင်းနေသော မျက်ရည်စတို့ဖြင့် လှိုက်လှိုက်လှဲလှဲ ငိုရှိုက်နေမိသူမှာ သူတစ်ယောက်တည်းတော့ဖြင့် မဟုတ် တန်ရာ။ အဘယ်ကြောင့်ဆိုသော် သူတို့ အားလုံးသည် ကျေးဇူးရှင် မိဘ နှစ်ပါးမှ ပေါက်ပွားလာသော သားသမီး အရင်းအချာများ ဖြစ်ကြသောကြောင့်ပင်။
မျက်ရည်တွေတွေ စီးကျနေရာမှ တရှိုက်ငင်ငင်ဖြစ်၍ လာသည်။ မှတ်တမ်းတင် ဓာတ်ပုံဆရာ၏ ကင်မရာ မီးပွင့်သံ တဖျပ်ဖျပ်ကိုလည်း မှိတ်ထားသော မျက်လုံးများနှင့်ေ၀၀ါးသော မျက်ရည်စတို့ ကြားမှပင် သိရှိခံစား၍ နေသည်။
ကျေးဇူးရှင် မိဘနှစ်ပါးနှင့်အတူ ပျော်ရွှင်စွာ ရှင်သန် နေထိုင် ခဲ့ရစဉ် ငယ်ဘ၀ ပုံရိပ်တို့ကလည်း “အတိတ် ကင်မရာ”ပေါ်သို့ တစ်ကွက်ပြီး တစ်ကွက် ပေါ်ထွက်၍ လာသည်။ အဖေ၊ အမေနှင့် သူတို့ ညီအစ် ကို ၃ ယောက်၏ လွမ်းမောဖွယ် မိသားစု ဖလင် ဆေးသားကွက်များ။ ယခုတော့ ပျက်ပြယ်၍ သွားခဲ့ရပြီ။ ကျေးဇူး ရှင်ဖခင်ကြီး ကွယ်လွန်ခဲ့သည်မှာ ၁၅ နှစ်တိုင်ခဲ့ပြီ။ မိသားစု ဘ၀ထဲမှ ရုတ်တရက် ထွက်ခွာသွားသော အစ်ကိုလတ်သည်ပင် ၁၀နှစ်တာ ကြာခဲ့ပြီ။ သူ၏ ရင်အစုံသည် မိသားစု သံယောဇဉ် တေးသွားအောက်တွင် တုန်ခါ လှုပ်ရမ်းလျက် ရှိနေပြီ ဖြစ်သည်။
“မတွေ့တာကြာလေလေ___ ပို၍ သတိရလေလေ၊ရင်၌ လွယ်ဖွား___သားသမီးများက အတိုးချ ကန်တော့ပါရစေ___
မြင့်မိုရ်တောင်ဦး___ကျေးဇူးဂုဏ်တွေ ဆပ်လို့ မကုန်ပေ___
သီတာရေ တစ်ပေါက်ကလေး ကျရုံမျှနဲ့___မိဘတို့ဝမ်း___မငြိမ်း ချမ်းပေ”
လွန်ခဲ့သော ၁၅ နှစ်။ အဖေ ကွယ်လွန်သည့် အချိန်တွင် သူသည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား တစ်ဦးမျှ အရွယ် သာ ရှိသေးသည်။ ရုတ်တရက် ယိမ်းယိုင်သွားသော ဘ၀ကို သူ မနည်းပြန်လည် တည့်မတ်ခဲ့ရသည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အရေး သူအနိုင်နိုင် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ ကျန်ရစ်သည့် မိခင်ကြီးကို ကောင်းစွာပြုစု လုပ်ကျွေး စောင့်ရှောက် နိုင်ဖို့ သူ့မှာ စွမ်းအင်တွေ ပြည့်နေမှ ဖြစ်မည်။ မည်သည့်နည်းနှင့်မျှ လောကဓံကို သူအရှုံးပေးလိုက်၍ မဖြစ်။ မိခင်ကြီး၏ မျက်နှာကို ပြန်လည်မြင်ယောင် မိသည့်အခိုက် အတန့်တွင်ပင် မေတ္တာ အင်အားတို့က သူ့နှလုံးသားအတွင်းသို့ တစိမ့်စိမ့် တိုးဝင်လှုပ်ရှား ၍လာသည်။
၃၀-၁၂-၂၀၀၉ ပြာသိုလပြည့်နေ့ (အမေများနေ့)တွင် မတ္တရာ “ရွှေ”ပရဟိတ ဆယ်တန်းပညာဒါန စာသင်ကျောင်း ၁၂ နှစ် ပြည့် အထိမ်းအမှတ်နှင့် အမှတ်တရ စာပေဟောပြောပွဲသို့ “ရွှေ” ဦးစီးဦးဆောင် ဆရာဖြစ်သူ “ဦးခင်မောင်နိုင်ဦး” (ကဗျာ ဆရာ ခင်မောင်နိုင်ဦး) ၏ ဖိတ်ကြားမှုဖြင့် ဆရာ မင်းချမ်းမွန်၊ ဆရာမြေ လတ်မောင်မြင့်သူတို့နှင့် အတူ ရန်ကုန်မှ သူတို့ ရောက်ရှိ လာခဲ့ကြ ခြင်း ဖြစ်သည်။ မန္တလေးတွင် တိုင်းပြည်တာဝန် ကျေပွန်စွာ ထမ်းဆောင်ရင်း တစ်ဖက်တစ်လမ်းက ၀ါသနာထုံရာ စာပေများ ရေးသားနေသော “ဆရာ မောင်ရင့်မာ (ကျောင်းကုန်း)” ၏ အစစအရာရာ ကူညီစီစဉ် ဆောင်ရွက် ပေးမှုများကြောင့်လည်း သူတို့ ခရီးစဉ် တစ်လျှောက် မည်သည့် အခက်အခဲမျှ မရှိခဲ့ပေ။ သည်ပွဲတွင် သည်လိုကြုံရမည်ကို ဆရာမောင်ရင့်မာမှ တစ်ဆင့်ကြိုတင် သိရှိထားသော်လည်း သည်မျှ ခံစားရလိမ့်မည်ဟု ထင်မထားသည်ကိုတော့ ၀န်ခံရုံပဲ ရှိတော့မည်။
“ဖ၀ါး လက်နှစ်လုံး___ပခုံးလက်နှစ်သစ်___၀ါးဖတ်တော် ကစီနှစ်နဲ့___လူဖြစ်အောင် ကျွေး___မှတ်ခြင်ယင် မသန်းရ အောင်___ ပင်ပန်းကြီးစွာ မွေးမြူရပေ___ဒီကျေးဇူးဂုဏ်တွေ___ ရည်မျှော်မှန်းလို့___သား ကန်တော့ပါတယ်လေ___
ကျေးဇူးရှင် ဖေဖေနဲ့ မေမေ”
သီချင်းသံက ဆက်လက်၍ ပျံ့လွင့်နေဆဲ။ သည်ကနေ့ အဖို့ မျက်ရည်တို့ဖြင့် စိုစွတ်သော ပါးပြင်သည် ခြောက်သွေ့နိုင်စရာ လမ်းမမြင်တော့။ မိသားစု ဘ၀အတွင်းမှ ဖခင်ကြီး ထွက်ခွာ သွားသော်လည်း ခိုလှုံစရာ မိခင်ကြီး၏ မေတ္တာ ရင်ခွင်ရိပ်က “နွေးထွေးအေးမြ”နေဆဲမို့သာ လောကကြီး အတွင်း၌ နေပျော် သေးခြင်းဖြစ်မည် ထင်သည်။
(အပိုင်း-၂)
(အပိုင်း-၂)
မကြာမြင့်သေးမီ အချိန်ကာလကမှ မိခင် ဆုံးပါးသွားသဖြင့်လောကဓံကို တစ်ဝက် အကျောပေးလိုက်ရသော သူငယ်ချင်း ကဗျာဆရာ၏ ညှိုးနွမ်းသိမ်ငယ်သည့်မျက်နှာနှင့် နှလုံးသားမှ မခံမရပ်နိုင်၍ အန်ထွက်လာသော ကဗျာစာသားတို့က သူ၏ ဦးနှောက်ကို တံခါး လာခေါက်၍ နေပြန်သည်။
မွန်းတိမ်းနိုးခြင်း
ခလုတ်က စပ်ဖြဲဖြဲ အကြည့်နဲ့
မထိတထိ ကလိနေတယ်။
မချိပြုံးပြုံးရင်း
ရင်နင့်အောင် ရယ်လိုက်တယ်
နောက်ကျတဲ့ သတိကို
မှောက်ထားတဲ့ အသိက စားပစ်လိုက်ပြီ။
တ-မိတဲ့အမိ
အခု သူမရှိတော့ပြီဘဲ။
ဇိုး
“တ-မိတဲ့ အမိ အခု သူမရှိတော့ပြီ ဘဲ” ဟုဆိုသည့် သူငယ်ချင်းကဗျာဆရာ (ဇိုး)၏ အသံခပ်တိမ်တိမ်က သူ၏ နှလုံး သားအတွင်းပိုင်းသို့ ဗုံးတစ်လုံးကဲ့သို့ ၀င်ရောက် ဖောက်ခွဲပစ် လိုက်ပြီ ဖြစ်သည်။
(“ငယ်စဉ်တောင်ကျေး___ကလေးဘ၀က ___ တေးဆိုလို့___ ချော့မြူပုံတွေ မှတ်မိနေသေးပေ___ခိုဖြူ ခိုပြာ ခိုဝါနက်ကယ်___အဖမ်းခက်လို့ဆိုတဲ့ အသံတွေ___ မိတ္ထီလာကန်တော် အောက်က___ ဖားကလေးတွေ ကောက်ကာပေးဖို့___မှာလိုက်တဲ့ အသံလေးတွေ___သမီးဖြင့်ကြားယောင်မိတယ်လေ)၂
ဤခရီးကို သူ ဆရာ မြေလတ်မောင်မြင့်သူ၊ ဆရာမင်းချမ်း မွန်တို့နှင့် အတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၆နာရီကတည်း က ရန်ကုန်မှစတင်ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။ တစ်နေကုန်အောင် စီးခဲ့ရသော ရန်ကုန်-မန္တလေး အဆန်အမြန် ရထားကြီးပေါ်တွင် သူနှင့်ဆရာမြေလတ်တို့ ဘေးချင်းကပ် ထိုင်၍ အမေတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို အာရုံပြုခဲ့ကြပါသေးသည်။ ဆရာမြေလတ်သည်လည်း အမေငတ်သူ တစ်ယောက်မို့ “မိုးခေါင်တဲ့ အမေ့ရွာ”ဟူသော ဆရာ၏ ကဗျာသည်ပင် သားတစ်ယောက်က အမေ့ကို ချော့သော “အမေချော့တေး” ဖြစ်၍ နေမည်လား။
သူသည်လည်း ခရီးမထွက်မီ တစ်ရက်က တစ်စုံတစ်ရာ သော ငွေကြေးပမာဏဖြင့် အမေ့ခြေရင်း ၀ပ်စင်း၍ ဦးတိုက်ခဲ့ပါ သေးသည်။ “သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမငြိပါစေ နှင့်” ဟူသော အမေ့ ဆုပေးသံကိုလည်း နှလုံးသားဖြင့် ညံ့သက်စွာ သူနာယူခဲ့ပါသေးသည်။ သို့သော် ပြုံး၍နေသော အမေ့မျက်နှာက မိသားစုကို လွမ်းတသော မျက်ရည်စတို့ဖြင့် သီသီဝေ့လျက်။
“ကလ’ာလရေကြည်___သြော်___ သန္ဓေတည်ကတည်း က___ပူငန်စပ်ခါး___ ရှောင်ရှားကာလေ ___မကောင်း မေတ္တာ_ __သြော်___ ကောင်းရာညွှန်လို့ ရင်းနှီးပေးဝေစေ ___အတတ်ကို လည်း သင်စေ___ ထိမ်းမြားခြင်း ၀တ်ငါးထွေ___ ကျေပွန်ပါ ပေ___ကြီးမားသော မေတ္တာမျိုးနဲ့___သားသမီးဆိုးတွေကိုလည်း ___ပစ်ရိုးထုံးစံ မရှိခဲ့ပေ___တို့ဘုရားသော်မှ___နို့တစ်လုံးဖိုး ကျေ___အနန္တဂိုဏ်းဝင်___ကျေးဇူးရှင် မိဘ ၂ ပါးကို___သား ကန်တော့ပါတယ်လေ___”
အဖေ ဆုံးသည့် အချိန်တွင် အမေ့အသက် ၄၅ နှစ်ကျော် ကျော်သာ ရှိလိမ့်ဦးမည်။ ဘယ်လောက်တောင် အမေ ပူဆွေး
သောက ရောက်ခဲ့ရမည်လဲ။ သားတို့၏ မျက်နှာဖြင့်အမေသည် အံကိုတင်း မာန်ကို ခဲခဲ့ခြင်းသာ ဖြစ်မည်။ သားတို့၏ အနာဂတ် အတွက် အပူရုပ် ဟန်လုပ်ပြီး လောကဓံကို ရဲရဲရင့်ရင့် အမေ ရင်ဆိုင်ခဲ့ခြင်း ဖြစ်မည်။ တည်ငြိမ်စ ပြုပြီဟု ယူဆရမည့် အချိန်ကလာ ၅ နှစ် အကြာတွင် ညာဝိုက် လက်သီးတစ်လုံး ကျွေးပြီး ဖြစ်သော လောကခါးခါးသည် အမေ့ထံ ဘယ်ဝိုက် လက်သီးတစ်လုံးဖြင့် ထပ်မံ ရောက်ရှိလို့ လာခဲ့ပြန်သည်။ သားတစ်ယောက် လျော့သွားသော အမေသည် ချစ်ခြင်းမေတ္တာကို နှစ်ဆတိုး၍ ကျန်သား ၂ ယောက် အပေါ် ကြဲဖြန့်အုပ် မိုးလွှမ်းခြုံ၊ သားတို့၏ အနာဂတ်ကို ပိုမို လုံခြုံစေခဲ့ပြန်ပါ သည်။
“တစ်အူတုံဆင်း___ တို့မောင်နှမအရင်းတွေ ___ချစ်ခြင်း မေတ္တာ___ အဓိကထားလို့လေ___ ကျေးဇူးရှင် မိဘနှစ်ပါး ရဲ့___သြ၀ါဒ စကား__ _မကြားရတာ___ ကြာ ခဲ့ပြီလေ___ချစ်သော ဖေဖေ___ချစ်သော မေမေ”
မိဘတို့၏ ဂုဏ်ကျေး ဇူးကို တစ်ရက်တာကလေး မျှဖြစ်စေ အောက်မေ့ သတိရ တမ်းတစေလိုသည့် စိတ်ဖြင့် ဦးဆောင် ကျင်းပသော မတ္တရာ “ရွှေ” ပရဟိတ ဆယ်တန်းပညာဒါန သင်တန်း တာဝန်ခံ ဆရာ “ဦးခင်မောင်နိုင်ဦး” ၏ ရိုးရှင်း ပြတ်သားသော မျက်နှာက နှလုံးသားဝယ် ပုံရိပ်ထင်လာသည်။ ယခုမှ အသက် ၄၀ သာ ရှိသေးသော လူတစ်ယောက်၏ အများအကျိုး သယ်ပိုးဆောင်ရွက်လိုစိတ်နှင့် လွန်ခဲ့သည့်၁၂ နှစ်တွင် အသက် ၂၈ နှစ်အရွယ်သာ ရှိလိမ့်ဦးမည့်လူငယ် တစ်ယောက်၏ ပရဟိတစိတ်ဓာတ် ထက်သန် တက်ကြွမှုကို သူဦး မညွတ်ဘဲ မနေနိုင်တော့ပါ။ မလေးစား မကြည်ညိုဘဲ လျစ်လျူရှု ၍ မထားနိုင်တော့ပါ။
မြို့ ကြီးပြကြီးတွင် အောင်မြင်သော ဘာသာရပ်သင် ဆရာ တစ်ယောက်အဖြစ် မိသားစုအတွက် ၁၅ နှစ်တာလုံး ရုန်းကန် ရှင်သန်လှုပ်ရှားနေခဲ့ရသော သူ၏ပုံရိပ်တို့နှင့်ကိုယ်ကျိုး လုံးဝမပါ အများအကျိုးအတွက် သက်သက် ၁၂ နှစ်တာ ပတ်လုံး အောင်မြင်စွာ ရပ်တည်စွမ်းဆောင်နိုင်ခဲ့သော “ရွှေ” ပရဟိတ ပညာဒါန သင်တန်းကျောင်းမှ ဆရာ၊ ဆရာမတို့၏ ဖြူစင်သော နှလုံးသားပုံရိပ်တို့ကို နှိုင်းယှဉ်ကြည့်မိသောအခါ စိုးရွံ့အားငယ်စိတ် တို့နှင့်အရှက်တရားတို့ကသာ သူ၏ သွေးကြောများအတွင်းသို့ တရကြမ်း မွှေ့ရမ်းစီးဝင်၍ လာသည်။
“သားတွှို ___သမီးတို့___လက်ဆယ် ဖြာယှက်ခါမိုး လို့___ရှိခိုးလို့ ကန်တော့ပါရစေ___”
“ကျေးဇူးရှင် ဖေဖေနဲ့ မေမေ___”
“ကျေးဇူးရှင် ဖေဖေနဲ့ မေမေ___”
“ကျေးဇူးရှင် ဖေဖေနဲ့ မေမေ___”
သီချင်း ဆုံးသွားပေပြီ။ အခမ်းအနားမှူး၏ အသံကတော့ ဆက်လက် ပေါ်ထွက်၍ နေဆဲ။
“အားလုံး လိုက်ဆိုကြပါခင်ဗျား”
“အားလုံး လိုက်ဆိုကြပါခင်ဗျား”
မိဘ ၂ ပါးတို့ အပေါ် ထားရှိသော သားသမီးတို့၏ မေတ္တာသည် တစ်ပတ်ပြန်၍ လည်ချေပြီ။ ခန်းမကြီးတစ်ခုလုံး ပွင့်ထွက် လွင့်စင်သွားမတတ် ထွက်ပေါ်၍လာသော သားတို့၊ သမီးတို့၏ ရင်တွင်း နှလုံးသားဖြင့် နက်ရှိုင်း လှိုက်လှဲစွာ အော်မြည်သီကျူး လိုက်ကြသော ၅၂၈ မိသားစု သံယောဇဉ် သံစဉ်လှိုင်းများကြားတွင် သူသည် အလိုက်သင့် စီးမျော ပါဝင်၍ သွားလေပြီ။
မျက်ရည်တို့သည်လည်း ခန်းခြောက်၍ သွားပေပြီ။ ခန်း ခြောက်သွားသော မျက်ရည်စတို့ နေရာတွင် စိုစိုလက်လက် တောက်တောက်ပပ အပြုံးလှလှတို့က ၀င်ရောက် နေရာယူချေပြီ။ ထိုအပြုံးပန်း လှလှတို့သည် သား၊ သမီးတို့ ရင်တွင်း နှလုံးသားထဲ၌ တစ်ရံ တစ်ဆစ်မျှ ညိုးနွမ်း မသွားနိုင်သည့်“မညိုးပန်း” များအဖြစ် ကမ္ဘာတည်သရွေ့ ထာဝစဉ် ရပ်တည် ရှင်သန်နေလိမ့်ဦးမည်ဟုလည်း ထင်မြင်ယူဆ နေမိပါသေးသည်။
(၁၂-နှစ်မြောက် မတ္တရာ ရေနည်းငါးလေးများ“ရွှေ”ပရဟိတ ဆယ်တန်း ပညာဒါန သင်တန်းဆရာ/ဆရာမများသို့ လေးစား ဦးညွတ်လျက်)
ညီမင်းညို