Saturday, October 3, 2009

မိုးမခဝက်ဆိုက်မှကူးယူဖော်ပြပါသည်

ဒေါ်စု နှင့် စစ်အစိုးရ၀န်ကြီး ဦးအောင်ကြည်။ ယခုတကြိမ်တွေ့ဆုံမှုသည် ၆ ကြိမ်မြောက် ဖြစ်သည်။
ထိန်းသိမ်းခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ အရာရှိတဦးနှင့် စကားပြောဆိုရန်အတွက် အာဏာပိုင်တို့က ခေါ်ဆောင်သွားသည်။ ရုတ်တရက် ထိုသို့ တွေ့ဆုံမှုသည် ဒေါ်စု၏ အယူခံလွှာကို တရားရုံးက ပယ်ချလိုက်ပြီး နောက်တနေ့တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကြိုတင်ကြေညာထားခြင်း မရှိသော ဒေါ်စု နှင့် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့၏ တွေ့ဆုံ စကားပြောဆိုမှုမှာ ၄၅ မိနစ်ကြာခဲ့ကြောင်း၊ ဒေါ်စု၏အိမ်အနီးတွင် ရှိသော အစိုးရ အဆောက်အအုံ တခုတွင် ဖြစ်ကြောင်း အရာရှိတဦးက ပြောသည်။ ယနေ့ ပြောဆိုမှု နှင့် ပတ်သက်သည့် အသေးစိတ်သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ယနေ့ တွေ့ဆုံမှုသည် ဒေါ်စုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာတစောင် ပေးပို့ပြီး တပတ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စာထဲတွင် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ရုတ်သိမ်းရေးနှင့် ပတ်သက်ပြီး သူက အာဏာပိုင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အနောက်နိုင်ငံများမှ သံအမတ် ၃ ဦးနှင့်လည်း တွေ့ဆုံလိုကြောင်း ဖော်ပြထားသည်။
ဒေါ်စုက စစ်အစိုးရနှင့် ယုံကြည်မှု တည်ဆောက်လိုကြောင်းကို အဆိုပါစာက ဖော်ပြနေသည်။ အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဒေါ်စုသည် နိုင်ငံရေးရင်ကြားစေ့ရေးအတွက် စစ်အစိုးရကိုဖိအားပေးရန် စီးပွားရေးဒဏ်ခတ်မှုကို ကြိုဆိုခဲ့ဖူးသည်။
ဆက်ဆံရေးဝန်ကြီး ရာထူးကို ကုလသမဂ္ဂက တိုက်တွန်းသဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဒေါ်စုသည် ပြီးခဲ့သည့် အနှစ် ၂၀အတွင်း ထိန်းသိမ်းခံရသည့် ကာလပေါင်း ၁၄ နှစ် ရှိပြီ ဖြစ်သည်။