Sunday, November 28, 2010

ပျောက်ဆုံးနေသောနိုင်ငံချစ်စိတ်ကို ပြန်လည်တွေ့ရှိခြင်း

Written by ဇေဝင်းနောင်
ပိုကောင်းတဲ့ဘ၀တစ်ခုအတွက် ချက်ကိုစလိုဗက်ကီးယားကို စွန့်ခွာခဲ့ရမယ်လို့ အမိမြေက စတင်ထွက်ခွာတဲ့ ၁၉၆၈ ခုနှစ်ကတော့ လူငယ်ဘ၀မှာပဲရှိသေးတဲ့ ဂျူရက် တစ်ယောက်မတွေးမိခဲ့ဘူး။ ပညာတတ်တစ်ယောက်ဖြစ်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အပြင်ထွက်ခဲ့တဲ့ ရည်မှန်းချက်ကြီးတဲ့ ၂၂ နှစ်သားဟာ အတိတ်ရဲ့အရိပ်တွေကို အမိမြေမှာထားခဲ့ပြီး အနာဂတ်ကို မဖန်တီးပေးနိုင်တဲ့အစိုးရလက်အောက်က စွန့်ခွာခဲ့တယ်။

၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အဲဒီတုန်းက ဆလိုဗက်နယ် ဘရာတီဆလာဗားက ကောင်လေးတစ်ယောက်ရဲ့ဘ၀ဟာ သူ့ဟာနဲ့သူပျော်စရာကောင်းတာလေးတွေ ရှိခဲ့တာတော့ သေချာပါတယ်။ ကာပါသီယန်တောင်နိမ့်ပိုင်းတွေက ရေခဲကန်တွေမှာ ကျောင်းတုန်းက ရေခဲပြင်ဟော်ကီ ကစားခဲ့တာတွေ၊ သောကြာညတွေမှာ ဒင်းနျုမြစ် ဘယ်ဘက်ကမ်းပါးမှာ မိန်းကလေးတွေနဲ့ စကားတွတ်ထိုးခဲ့တာတွေ၊ စနေ တနင်္ဂနွေဆို တက်ထရာတောင်တန်းတွေဆီ ရထားနဲ့သွားပြီး နှင်းလျှောစီးခဲ့၊ စက်ဘီးစီးခဲ့တာတွေပေါ့။

ဒါပေမဲ့ အရာရာတိုင်းဟာ အကန့်အသတ်တွေ ရှိနေခဲ့တယ်။ လက်တစ်ကမ်းအကွာမှာ ရှိနေပေမဲ့ မရနိုင်ခဲ့တဲ့အရာတွေပေါ့။ ဘရာတီဆလာဗားရဲတိုက်တောင်ကနေကြည့်ရင် ဂျူရက်နဲ့ သူငယ်ချင်းတွေဟာ ဒင်းနျုတစ်ဖက်ကမ်းမှာရှိတဲ့ သြစတြီးယား လယ်ကွင်းတွေနဲ့ရွာတွေကို တွေ့နိုင်တယ်။ ဒါပေမဲ့ သံဆူးကြိုးတွေနဲ့မျှော်စင်တွေပေါ်ကနေ လက်နက်ကိုင်စောင့်ကြပ်နေတဲ့စစ်သားတွေက စက်ဘီးစီးပြီး ခရီးသွားချင်တဲ့ သူတို့ရဲ့ဆန္ဒကို ကန့်သတ်ထားခဲ့တယ်။ သူ့အဘိုးအဘွားတွေ ခေတ်တုန်းကလို သြစတြီးယား-ဟန်ဂေရီကိုရထားနဲ့သွား၊ ဟမ်းဘာ့ဂ်ျနဲ့ဘရီမင်ကို သင်္ဘောစီးပြီး ခရီးဆက်လို့ အမေရိကအထိ သွားလို့ရတဲ့ခရီးမျိုးကို သူလည်းသွားဖူးချင်ခဲ့တာ။

အခွင့်အရေးတွေက ၁၉၆၇ နွေရာသီမှာ သူ့ဆီကိုရောက်လာခဲ့တယ်။ အတော်ဆုံးကျောင်းသားတစ်ယောက်အနေနဲ့ ဂျာမနီမှာစာသွားသင်ဖို့။ အဲဒီမှာပဲ နယူးယောက်ကလာတဲ့ အန်နီတာဆိုတဲ့ မိန်းမပျိုနဲ့သူတွေ့ခဲ့တယ်။ နွေရာသီကုန်လို့ သူ ဘရာတီဆလာဗားကိုပြန်တဲ့အချိန် အန်နီတာကတော့ဂျာမနီမှာပဲ အင်္ဂလိပ်စာပြရင်းကျန်ခဲ့တယ်။ သူတို့တစ်တွေ စာတွေအပြန်အလှန်ရေးခဲ့ကြတယ်။ ဂျာမန်လိုပေါ့။

အံ့အားသင့်စရာကောင်းတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ချက်ကိုစလိုဗက်ကီးယားကို နောက်လတွေမှာရောက်လာခဲ့တယ်။ အလက်ဇန္ဒားဒူစက်ရဲ့ Human Face Of Socialism တို့၊ 'ပရက်ဂ်နွေဦး'တို့က ဆောင်ယူလာခဲ့တဲ့ရလဒ်တွေပေါ့။ နောက်နှစ်နွေရာသီမှာ ဂျူရက်ဟာ အနောက်နိုင်ငံတွေကိုသွားဖို့ အခွင့်အရေးရခဲ့ပြန်တယ်။ ဒီတစ်ခါတော့ နော်ဝေပါ့။ သုံးလေးပတ်လောက်နေဖို့ လုံလောက်တဲ့ အ၀တ်နည်းနည်းကို ထုပ်ပိုးပြီးသူထွက်လာခဲ့တယ်။ ဒါပေမဲ့ ပြန်မလာနိုင်ခဲ့တာ ၁၂ နှစ် ကြာသွားတယ်။

ဝါဆောစာချုပ်ဝင်နိုင်ငံတွေက တင့်ကားတွေ ၁၉၆၈ သြဂုတ် ၂၁မှာ ဘရာတီဆလာဗားကို ၀င်လာတဲ့ အချိန်မှာတော့ ဂျူရက်ဟာ သူ့ဘ၀ကို ပြောင်းလဲသွားစေမဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်။ ဂျာမနီ၊ အာချန်က နည်းပညာတက္ကသိုလ်မှာ စကောလားရှစ် လျှောက်တာရခဲ့တယ်။ ဂျာမန်တွေက သူ့ကိုနိုင်ငံရေးခိုလှုံခွင့်ပေးခဲ့တယ်။ အန်နီတာနဲ့သူပြန်တွေ့ရပြီ။ နှစ်နှစ်လောက်ကြာတော့ နယူးယောက်က ဘုရားကျောင်းတစ်ခုမှာ သူတို့လက်ထပ်ခဲ့ကြတယ်။ လူတစ်ရာလောက်တက်ပေမဲ့ ဂျူရက်မိသားစုကတော့ တစ်ယောက်မှမပါခဲ့ဘူး။ အာချန်ကိုပြန်လာပြီး သင်ခန်းစာတွေကို အပြီးသတ်ခဲ့ကြတယ်။ ကလေးတစ်ယောက် ဒီမှာမွေးခဲ့ကြတယ်။ အမေရိကန်ကိုပြောင်းလာပြီးတဲ့နောက် အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်လာခဲ့တယ်။

ဂျူရက်ဟာ သူ့အဘိုးတွေလက်ထက်ကလုပ်ခဲ့သလို သူငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့တဲ့ အတ္တလန္တိတ်ခရီးကို ပင်လယ်ကူးသင်္ဘောကြီးနဲ့ ၁၉၇၂ နွေမှာ ခရီးထွက်ခဲ့တယ်။ သူ့အဘိုးအဘွားတွေနဲ့ မတူတာကတော့ ဒီခရီးအပြီးမှာ အရှေ့ကိုပြန်မလာခဲ့တာပါပဲ။ ကွန်နက်တီကတ်မှာအခြေချတယ်။ နောက်ထပ်ကလေးတစ်ယောက် မွေးတယ်။ အင်္ဂလိပ်စာသင်တယ်။ သူ့နာမည်က အင်္ဂလိကန်လိုဖြစ်သွားပြီး ဂျေးတဲ့။

အတိတ်ကို ပြည်ဖုံးကားချထားခဲ့တယ်။ ချက်တွေ၊ ဆလိုဗက်တွေ ရောက်လာတာများရှိမလားလို့ လိုက်မရှာတော့ဘူး။ သူ့သားတွေရော၊ သူ့မိန်းမရော ဆလိုဗက်လို ပြောတတ်ဖို့လည်း လိုတယ်လို့ သူမထင်တော့ဘူး။

သူ့အစ်မတစ်ယောက်တော့ ခင်ပွန်းနဲ့ သမီးကိုခေါ်ပြီး အမေရိကကို ကူးလာနိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ဘရာတီဆလာဗားတိုက်ခန်းမှာတော့ အာဏာပိုင်တွေနဲ့ ရှုပ်ရှက်ခတ်ကုန်တယ်။ သူ့မိဘတွေ ကြေကွဲစရာတွေ့ကြုံခဲ့ရတယ်။ ရဲတွေက ဂျူရက်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်တယ်။ ဂျူရက်ဆီကစာတွေဟာ လမ်းမှာတင် ပျက်စီးခဲ့ရတယ်။ အိမ်ခန်းသုံးခန်းပါတဲ့မြို့လယ်က အိမ်ကနေ အဲဒီတစ်ဝက်လောက်ကျယ်တဲ့ အိမ်ကလေးကို မိဘတွေရွှေ့ပေးခဲ့ရတယ်။

၁၉၈၀ မှာတော့ အမိမြေကို ပြန်ဖို့ အချိန်ကျပြီလို့သူခံစားမိတယ်။ ရန်သူမွေးသလိုဖြစ်တဲ့ အပြန်ခရီးလို့မစဉ်းစားမိဘဲနဲ့ပေါ့။ အာဏာပိုင်တွေက သူ့ကိုထိန်းသိမ်းထားလို့ရအောင် သူ့အိတ်ထဲကို သံသယရှိဖွယ်ကောင်းတဲ့ ပစ္စည်းလို့သတ်မှတ်ခံရတာ တစ်ခုခုကို တစ်ယောက်ယောက်က ထည့်လိုက်တာမျိုးကြုံခဲ့ရတယ်။

သူ့သားတွေနဲ့အတူ အိမ်အပြန်လမ်းဟာမျှော်လင့်ထားသလို ချောချောမောမောမဖြစ်ခဲ့ရှာဘူး။ သူငယ်ချင်းတစ်ယောက်အိမ် ခဏ၀င်တယ်ဆိုရင်ပဲ သူထွက်သွားပြီး မကြာခင် သူ့သူငယ်ချင်းခမျာ အမေးအမြန်း ခံရတော့တာပဲ။ ဟိုတယ်တစ်ခုမှာတည်းတဲ့ အမေရိကန်လိုပဲပြောတတ်တဲ့သားတွေပါတဲ့ ဂျူရက်တို့မိသားစုဟာ ငွေမာကိုင်ထားတဲ့အမေရိကန်တွေလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။

နောက်တစ်ကြိမ်ပြန်လာဖို့က ဆယ်စုနှစ်တစ်နှစ်လောက်ကြာသွားတယ်။ စစ်အေးခေတ် အပ်ကွက်ဝင်နေတဲ့အခြေအနေက ချက်ကိုစလိုဗက်ကီးယားကို ဒုံရင်းဒုံရင်းမှာပဲ ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းအထိ ရှိနေစေခဲ့တယ်။

၁၉၆၈ တုန်းက ဖြစ်ခဲ့သလိုပဲ သမိုင်းဝင်ဖြစ်ရပ်တွေဟာ နောက်တစ်ခေါက် ထပ်ဖြစ်လာတယ်။ တစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်စုချင်းကနေ လူ့အဖွဲ့အစည်းတစ်ခုလုံးအထိ ထင်မထားတဲ့ လားရာဆီကို အမှတ်မထင်ရွေ့လျားသွားခဲ့တယ်။

၁၉၈၉ နိုဝင်ဘာမှာ ဂျူရက် 'ဂျေး'ဇက်နစ်ဟာ သံကန့်လန့်ကာ ပြိုလဲသွားတာကို တီဗွီကထိုင်ကြည့်နေခဲ့တယ်။ သူ့အိပ်မက်တွေကိုတားဆီးထားခဲ့တဲ့ သူ့ရဲ့အတိတ်နဲ့ပြန်လည်ဆက်သွယ်ဖို့ကို ကာဆီးထားကဲ့တဲ့ သံကန့်လန့်ကာပြိုလဲချိန်ကိုပေါ့။ ဂျူရက်ရဲ့သားကြီး ရက်ဇက်နစ် ကတော့ အမေရိကန်ကောလိပ်တစ်ခုက အဆောင်မှာ ရှိနေခဲ့စဉ်ပေါ့။

၁၉၈၉ ဟာအပြောင်းအလဲများရဲ့နှစ်ဖြစ်ခဲ့တယ်။ အရှေ့ဥရောပက ကွန်မြူနစ်အစိုးရတွေ ပြုတ်ကျသွားခဲ့ပြီး သမိုင်းသစ်ကို ရှေးရှုနိုင်ခဲ့ကြတယ်။ သမိုင်းပညာရှင် တီမိုသီဂါ တန်အက်ရှ်ကတော့ "ပိုလန်မှာ ၁၀ နှစ်ကြာတယ်၊ ဟန်ဂေရီမှာ ၁၀ လ ကြာတယ်၊ ချက်ကိုစလိုဗက်ကီးယား မှာတော့ ၁၀ ရက်ပဲ ကြာတယ်"လို့ ပြောခဲ့ဖူးပါတယ်။ ၁၉၈၉ နိုဝင်ဘာ ၁၇ ကနေ ၂၇ အထိ ၁၀ ရက်ဟာ ကတ္တီပါလို့ထင်ရှားတဲ့ သမိုင်းဖြစ်ရပ် တစ်ခုအတွက် လုံလောက်ခဲ့ပါတယ်။ ပရက်ဂ်နွေဦးရဲ့ အရေးနိမ့်မှုကြောင့် ဆွံ့အနေတဲ့ ချက်ကိုစလိုဗက်ကီးယားမှာ ဖြစ်မလာနိုင်တော့ဘူးရယ်လို့ ထင်ထားတဲ့ အခြေအနေကနေ အပြောင်းအလဲကို ညင်ညင်သာသာနဲ့ ရွေ့သွားနိုင်ခဲ့မယ်လို့ ဘယ်သူမှ မမျှော်လင့်ရဲခဲ့ကြဘူး။

ဂျူရက်ရဲ့သားကြီးရက်ဇက်နစ်ဟာ ကတ္တီပါကို မြင်ပြီးတဲ့နောက် ဘရာတီဆလာဗားကို ပြန်ချိန်ကျပြီဆိုတာသိခဲ့တယ်။ နောက်နှစ်ဇန်န၀ါရီအစောပိုင်းမှာပဲ ဖခင်ရဲ့မွေးရပ်ကို ခြေချနိုင်ခဲ့တယ်။ အဘိုးအဘွားတွေရဲ့ ဘ၀ကိုလေ့လာပြီး ဖခင်ဂျူရက်ရဲ့ အတိတ်ကို နားလည်ခွင့်ရခဲ့တယ်။ ဗားကလပ်ဟေဗယ်ရဲ့ပထမဆုံးမိန့် ခွန်းကို ရင်ပြင်ရှေ့ဆုံးဒုတိယတန်းက နားထောင်ခွင့်ရခဲ့တယ်။ အပြောင်းအလဲကို ဦးဆောင်ခဲ့တဲ့ ဟေဗယ်တစ်ယောက် သမ္မတဖြစ်လာတာကို သူတို့သားအဖ မြင်ခွင့်ရခဲ့ကြတယ်။ နောက်သုံးနှစ်အကြာမှာ သားအဖနှစ်ယောက် အဲဒီရင်ပြင်ထဲကို အတူရောက်ခဲ့ကြတယ်။

ချက်နဲ့ဆလိုဗက်တွေရဲ့ကတ္တီပါလမ်းခွဲမှာ ရှန်ပိန်တွေစီးဆင်းနေတာ၊ လူတွေ ကနေကြတာကို မြင်ခဲ့ကြရပြီး ဘရာတီဆလာဗားရဲ့ မျက်နှာသစ်ကိုကြုံခဲ့ရတယ်။

လွယ်လွယ်ကူကူနဲ့တော့ မတိုးတက်ခဲ့ပါဘူး။ ဆလိုဗက်ကီးယား စီးပွားရေးကလည်း မကောင်းခဲ့ပါဘူး။ အမျိုးသားရေးကြွေးကြော်သံနဲ့ လူထူကြိုက်အောင်လုပ်နေတဲ့ အစိုးရဟာ နေတိုးကို ၀င်ဖို့ရော၊ အီးယူကို ၀င်ဖို့ပါ အဆင်မပြေဖြစ်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်အထီးကျန်အောင် လုပ်နေခဲ့ပြန်တယ်။

ဂျူရက်အဖေ ၁၉၉၄ နွေဦးမှာ လေဖြတ်နေချိန်မှာတော့ ဂျူရက်ရော သူ့သားတွေရော သူ့အဖေ၊ သူတို့အဘိုးရဲ့ ဘ၀နေ၀င်ချိန်မှာ နံဘေးကို မကြာခဏလာနေဖို့လွယ်ကူနေခဲ့ပါပြီ။ ၁၉၉၅ မှာ ဂျူရက်အဖေ ကွယ်လွန်သွားပေမဲ့ ဂျူရက်ကတော့ တစ်နှစ်တစ်ခါဆိုသလို ပြန်လာမြဲပါ။ တစ်ခေါက် တစ်ခေါက်ပြန်လာတိုင်း သူ့အတိတ်နဲ့ ပိုပြီးဆက်သွယ်နိုင်ခဲ့တယ်။ မိသားစုတွေ ပြန်ဆုံကြ၊ အမျိုးတွေ ဘယ်သူဘယ်ဝါနဲ့ လက်ထပ်သွားကြတာ၊ ဘယ်သူတွေကွယ်လွန်သွားကြပြီ ဆိုတာတွေပေါ့။ ဂျူရက် အမျိုးတွေ၊ သူငယ်ချင်းတွေလည်း ဥရောပတစ်လွှားမှာ ခရီးသွားလို့ရနေပါပြီ။ သြစတြီးယားမှာ ဈေးဝယ်၊ အနောက်ဥရောပမှာ စီးပွားရေးလုပ်၊ အမေရိကန်ကို ပျော်ပွဲစားထွက်ပေါ့။

ထောင်စုသစ်ကို အရောက်မှာတော့ ဆလိုဗက်ကီးယားဟာ နေတိုးနဲ့ ဥရောပသမဂ္ဂကို ၀င်ရောက်နိုင်ခဲ့ပြီး ၁၀ စုနှစ်လေးခုကြာ သမိုင်းစက်ဝန်းကိုအပြည့်လည်ခွင့်မရတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အရင်တုန်းကဆို ကိုယ့်ကိုယ်ကိုယ် အမေရိကန်တစ်ယောက်လို့ပဲ မိတ်ဆက်တတ်တဲ့၊ စကားဝဲတယ်နော်လို့ ပြောကြရင် ရှက်ကိုးရှက်ကန်းနဲ့ အရှေ့ဥရောပကလာတာမို့ပါလို့ ပြောတတ်တဲ့ ဂျူရက်၊ အိုမင်းလာချိန်မှာတော့ နာမည်ကျော် ဟော်ကီနဲ့ တင်းနစ်ကစားသမားတွေထွက်တဲ့ ဆလိုဗက်ကီးယားက လာတာဗျလို့ ရဲရဲကြီးပြောတတ်နေပါပြီ။ သူ့သူငယ်ချင်းတွေအတွက် ဧည့်လမ်းညွှန်ကြီးလုပ်ပြီး ဒင်းနျုမြစ်ကြီးအကြောင်း မြိန်ရည်ယှက်ရည် ပြောတတ်နေပါပြီ။ သူ့သားတွေကိုလည်း ဆလိုဗက် စကားသင်ပေးတယ်။ ဒီလိုနဲ့ပဲဘ၀နေ၀င်ချိန်တွေကို ကုန်ဆုံးနိုင်ခဲ့ပါတယ်။

မပြီးသေးတာတွေ ရှိနေပါသေးတယ်။ ဂျူရက်ဇက်နစ်ဆိုတဲ့ လူတစ်ယောက် အာဏာပိုင်တွေက နိုင်ငံမဲ့ဖြစ်အောင်လုပ်ခဲ့လို့ ခိုလှုံခွင့်ယူခဲ့ရသူတစ်ယောက် ပျောက်ဆုံးခဲ့တဲ့အရာပေါ့။ ဒါကို ၂၀၁၀ မှာ၊ ကတ္တီပါ အလွန် ၂၁ နှစ်မှာ သားဖြစ်သူ ရစ်ဇက်နစ်က ပြန်လည်ရယူဖို့လုပ်ခဲ့ပါတယ်။

ဘရာတီဆလာဗားက အရာရှိအမျိုးသမီးကို ရက်ဇက်နစ်ကလျှောက်ထားထားတာလေးများကျပြီလားလို့ မေးလိုက်တော့ အဲဒီအမျိုးသမီးက ပြန်ဖြေပါတယ်။ ဂျူရက်တစ်ယောက် နိုင်ငံကို စွန့်ခွာခဲ့ရတဲ့အချိန်တုန်းက အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ စကားကို အစိုးရ၀န်ထမ်းတစ်ယောက်က သူ့သားကို ပြောလိုက်ပါတယ်။ "ရှင် ဆလိုဗက်တစ်ယောက် ဖြစ်သွားပါပြီ"တဲ့။
Ref : Wall Street Journal, Love of Country Lost and Found by Rick Zednik
http://www.news-eleven.com/