Wednesday, November 3, 2010

နိုဝင်ဘာလ ၇ ရက်နေ့တွင် ခရီးသည်တင်ယာဉ်များ မှတ်တိုင်အားလုံး၌ အချိန်ကြာမြင့်စွာ ရပ်နားမှု လုံးဝ မရှိစေရန် စစ်ဆေး အရေးယူသွားမည်

 ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်ယာဉ်များ မှတ်တိုင်များ အားလုံး၌ အချိန် ကြာမြင့်စွာ ရပ်နားမှု လုံးဝ မရှိစေရန် ကြီးကြပ် ဆောင်ရွက်သွားမည့် အပြင် စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ယခု ကာလအတွင်း၌လည်း မှတ်တိုင်အချို့တွင် ခရီးသည်ယာဉ်များ ကြာရှည်စွာ ရပ်နားမှုကြောင့် အဆိုပါ ယာဉ်ပေါ်တွင် ပါရှိသည့် ခရီးသည်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် တာဝန်ရှိသူများမှ ကြာရှည်စွာ မရပ်စေရန် ဆောင်ရွက်နေသော်လည်း လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် မှတ်တိုင်များအားလုံး၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မ.ထ.သ(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးကလည်း ''အခုလာမယ့် နိုဝင်ဘာလ ခုနစ်ရက်နေ့(ရွေးကောက်ပွဲနေ့)မှာ ခရီးသွားပြည်သူတွေ ကိုယ်လိုရာ ခရီးကို မြန်မြန်ဆန်ဆန်နဲ့ သွားရောက်ဖို့ ယာဉ်လိုင်းတွေအားလုံးကို မှတ်တိုင်တွေမှာ ခရီးသည်ကို စောင့် သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ မှတ်တိုင်မှာ အကြာကြီး ရပ်ခွင့် လုံးဝ ခွင့်မပြုတော့ဘူး။ အခုချိန်မှာလည်း စစ်ဆေးမှု ပြုလုပ်နေတယ်။ ဒါ့အပြင် အဲဒီနေ့ကြရင် မှတ်တိုင်တွေ အကုန်လုံးမှာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ကြီးကြပ်သွားမယ်။ စစ်ဆေးတွေ့ရှိရင်လည်း ဒဏ်ငွေချမှတ်ပြီး အရေးယူသွားမှာပါ။ အဲဒီနေ့မှာ တာဝန်ကျတဲ့ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေ၊ ယာဉ်ကြီးကြပ်တွေနဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ ကျေးရွာ၊ ကော်မရှင် အဖွဲ့ခွဲတွေနဲ့ ညှိ နှိုင်းပြီးတော့ ကြိုတင်မဲဆန္ဒပေးဖို့ကိုလည်း စီစဉ်ထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။

အလားတူ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမီတက်မှ တာဝန်ရှိသူ တစ်ဦးကလည်း ''နိုဝင်ဘာလ ခုနှစ်ရက်နေ့မှာ အထူးယာဉ်လိုင်းတွေရော ရိုးရိုး ယာဉ်လိုင်းတွေ အကုန်လုံး မှတ်တိုင်တွေမှာ အချိန်ကြာမြင့်စွာ မရပ်နားဖို့အတွက် စစ်ဆေးရေး အဖွဲ့ကနေ အမြဲတမ်း ရှောင်တစ်ခွင် ၀င်ရောက် စစ်ဆေးသွားမယ်။ စစ်ဆေးတွေ့ရှိရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဒဏ်ငွေ ရိုက်မယ် သို့မဟုတ် ယာဉ်လိုင်းကနေ ထုတ်ပယ်သည်အထိ အရေးယူ ဆောင် ရွက်သွားပါ့မယ်''ဟု ပြောကြားခဲ့သည်။

မ.ထ.သ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ နေ့စဉ် ပုံမှန်ယာဉ်လိုင်းများနှင့် ပတ်သက်၍ ခရီးသည်များမှ တစ်စုံတစ်ရာ ကျေနပ်မှု မရှိခြင်းကြောင့် တစ်နေ့လျင် တိုင်ကြားမှု သုံးမှုမှ ငါးမှု ကြားရှိနေကြောင်း သိရှိရပါသည်။