Showing posts with label ခေတ်ပြိုင်-သတင်း. Show all posts
Showing posts with label ခေတ်ပြိုင်-သတင်း. Show all posts

Wednesday, February 10, 2010

နအဖကမ်းလှမ်းမှုကို ဝခေါင်းဆောင် ထပ်မံပယ်ချ



နအဖကမ်းလှမ်းမှုကို ဝခေါင်းဆောင် ထပ်မံပယ်ချ
ပေါက်ပေါက်/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁

စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ တွေ့ဆုံဆွေးနွေးလိုမှု ကမ်းလှမ်းချက်ကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်းက ပယ်ချခဲ့သည်။ယခုလ (၆) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရောက်ရှိနေသည့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောကြားချက်ကို ပေါက်ယူချန်းက ကျန်းမာရေးမကောင်းသဖြင့် လားရှိုးသို့ မလာရောက်နိုင်ကြောင်း၊ ဆွေးနွေးလိုပါက ပန်ဆန်းမြို့သို့ ကိုယ်တိုင်လာ ရောက်ရန် အကြောင်းပြန်ခဲ့သည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ပေါက်ယူချန်း ကျန်းမာရေး မကောင်းလို့ ပထမတခေါက်တုန်းကလည်း လာမတွေ့နိုင်ဘူးလို့ ပြောထားပြီးပြီ။ အခု ထပ်ခေါ်ပြန်တယ်။ တကယ် တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် ပန်ဆန်းကို ကိုယ်တိုင်သွားတွေ့ပေါ့။ ဟိုက ကျန်းမာရေးအရ မလာနိုင်ဘူးဆိုရင် သွားတွေ့နိုင်တဲ့သူက သွားတွေ့လို့ ရနေတာပဲ” ဟု ပြောသည်။


ဇန်နဝါရီ (၅)ရက်နေ့၌ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်းကြားခဲ့သည်ကိုလည်း ဝခေါင်းဆောင် ပေါက်ယူချန်းက ငြင်းဆိုခဲ့ပြီး ယခုအကြိမ်သည် တလအတွင်း ဒုတိယအကြိမ် ငြင်းဆိုခြင်းဖြစ်သည်။

ဝခေါင်းဆောင် ပေါက်ယူချန်းသည် သူ့အသက်အန္တရာယ်အတွက် တစုံတရာစိုးရိမ်မှုအရ သွားရောက်တွေ့ဆုံရန် ငြင်းဆိုသည်ဟု မထင်မြင်ကြောင်းနှင့် ကျန်းမာရေးကြောင့်သာ ယခုကဲ့သို့ ငြင်းဆိုပုံရပြီး ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကသာ စိုးရိမ်နေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဝတွေက မကြောက်လို့လည်း သူတို့ကိုယ်စားလှယ်တွေ လွှတ်နေတာပဲ။ ပန်ဆန်းမှာ အစိုးရဝန်ထမ်းတွေ ရှိတယ်။ ဝနယ်ထဲမှာလည်း သူ့တပ်ရင်းတွေရှိနေတာပဲ။ ဗိုလ်ရဲမြင့် ကိုယ်တိုင် စိုးရိမ်ကြောက်လန့်လို့ မသွားတွေ့တာဘဲ ဖြစ်နိုင်တယ်။ ဝခေါင်းဆောင်တွေဆီက ပြန်ကြားရတာက ဝကိုယ်စားလှယ်တွေကို ဗိုလ်ရဲမြင့်က မချေမငံ ဆက်ဆံတယ်၊ ဆွေးနွေးတဲ့ခါလည်း အပေးအယူ ညှိညှိနှိုင်းနှိုင်း ပြောလို့ ဆိုလို့မရဘူး။ ပြီးခဲ့တဲ့ (၄) လပိုင်းက ပြောခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေးပဲ ပြောနေတယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် အောက်ခြေတပ်ရင်းများ၌ မိမိတို့တပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းလိုပြီး မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ်တခုအဖြစ် သတ်မှတ်ကာ ဝတိုင်းဒေသကြီးအတွင်း ထည့်သွင်းရေး၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ဝတပ်ဖွဲ့ထိန်းချုပ်ထားရာ ဝမ်ဟုန်စစ်ဒေသအား ဝအုပ်ချုပ်ရေးဒေသအတွင်း ဆက်လက်ထားရှိရေး စသည့် ဝတပ်ဖွဲ့၏ တောင်းဆိုချက်များကို နအဖဘက်က လက်မခံဘဲ နအဖစစ်တပ်မှ အရာရှိနှင့်အခြားအဆင့် လူအင်အား (၃ဝ) ခန့် ပါဝင်မည့် နယ်ခြားစောင့်တပ်ရင်း ဖွဲ့ရေးကိုသာ နအဖဘက်က ဖိအားပေး ပြောဆိုနေသည်ဟု သိရသည်။