ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အေအိုင်တီ တက္ကသိုလ်မှာ နောက်ဆုံးနှစ် မဟာဘွဲ့ကို တက်ရောက်နေတဲ့ အစိုးရ၀န်ထမ်း ပညာတော်သင်တစ်ဦးကအခုလို မောက္ခကို ရင်ဖွင့်ပြောခဲ့ပါတယ်။ “ကျွန်တော်က သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက ပညာတော်သင်ဆုနဲ့ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံ မဟာဘွဲ့ကို လေ့လာနေတာပါ။ ပြန်ဖို့ကို လုံးဝ စိတ်မပါတာပါဗျာ။ ထိုင်းမှာပဲ ရရာတစ်ခုခုကို လုပ်ချင်နေတာ။ ဒီမှာက ပိုလွတ်လပ်တယ် လေ။ ပြန်မယ်ဆိုရင် ၀န်ကြီးကအစ၊ ဌာနဆိုင်ရာအဆင့်ဆင့်ကို လာဘ်ထိုးရဦးမယ်။ အရင်အရာရှိ ရာထူးကလေး ပြန်ရဖို့ကလည်း မသေချာဘူး။ ကျနော်အတော်ကလေး စိတ်ဓါတ်ကျနေတာ။ ကျနော့် သူငယ်ချင်း အတော်များများလည်း ပြန်ဖို့ကို စိတ်ဆင်းရဲနေကြတယ်။”
စင်္ကာပူနိုင်ငံ၊ နန်းယန်တက္ကသိုလ်မှာ စီးပွားရေးပညာ (စီမံအုပ်ချုပ်မှု) အထူးပြု တက်ရောက်နေတဲ့ နောက်ကျောင်းသူတစ်ဦးဖြစ်တဲ့ မဟန်နီစိုးကတော့ မိဘတွေကလည်း ဒီတိုင်းပြည်မှာ ရောက်နေပြီ ဖြစ်ကြောင်းနဲ့ ဒီနိုင်ငံမှာပဲ အလုပ်လုပ်တော့မှာဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။“သမီးတို့အတွက် ဒီမှာက အခွင့်အရေးပိုကောင်းလို့ပါ။ နည်းနည်းလည်းနီးတော့ ပြန်လည်လို့လည်းရတယ်။”
မလေးရှားနိုင်ငံက တက္ကသိုလ်မှာ ဇီဝနည်းပညာ ကျောင်းသား ကိုပြည်မင်းက သူ့အနေနဲ့ သြစတြေးလျနိုင်ငံ ပြည်ဝင်ခွင့် ရရှိထားပြီဖြစ်ကြောင်းနဲ့ ကျောင်းပြီးတာနဲ့ skill migrant ရွှေ့ပြောင်း ကျွမ်းကျင် လုပ်သားအနေနဲ့ အလုပ်ပါ ရရှိနိုင်ကြောင်းပြောပြခဲ့ပါတယ်။
ထို့အပြင် အချို့သော ကျောင်းသူကျောင်းသားများမှာ ပညာတော်သင်နှင့် နိုင်ငံခြားထွက်ခွင့်တို့ကို တိုင်းပြည်ပြောင်းရွှေ့နေထိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် လျှောက်ထားကြကြောင်းလည်း သတင်း ရရှိသည်။
အဓိကအချက်များအနေဖြင့် ပညာတော်သင် မြန်မာကျောင်းသားများ တိုင်းပြည်သို့ မပြန်ကြခြင်းမှာ ထိုက်တန်သော အလုပ်အကိုင် ရရှိရန် မသေချာခြင်း၊ ၀င်ငွေ လွန်စွာ နည်းပါခြင်း၊ လွတ်လပ်ပွင့်လင်းမှု နှင့် တရားမျှတမှု မရှိသဖြင့် သင်ယူထားသော ပညာရပ်တို့ကို အသုံးပြုခွင့် ကန့်သတ် ခံထားရခြင်း တို့ဖြစ်ကြောင်းသိရသည်။