Sunday, August 22, 2010

ကျုပ်တို့ မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာပြောရတယ် ကြောက်တော့ ခပ်ကြောက်ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုး လိုပဲ။ နေ့စဉ်ပူဇော်ပသနေလဲ မ ချင်မှ မ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လဲ မလွယ်သလို စိတ်ပျော်လို့ ကျီစယ်ရင်လည်း မချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ မ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့ အချက်ပဲ။ အမေရိကန်သမတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ် အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဘူးတယ်။

သုစိပုဘာ၊ ဝိလိသိဓာ

အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို

သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့…။ လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပါယ်က အသိပညာရရာရကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ကြားနာခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ ကြားနာလေ့လာ ဆည်းပူးခြင်းပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလိုကျင့်ကြံ နေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာ ရကြောင်း မြတ်ဗုဒ္ဓညွန်ကြားခဲ့တဲ့ တရားတွေပဲ။

ကျုပ်တို့ဗမာလူမျိုးတွေ ဘာသေယျကပ်သင့်နေတာ ကြာခဲ့ပြီ။ ကြားချင်တာ မကြားရ၊ သိချင်တာ မသိရ၊ ပြောချင်တာမပြောရ၊ မှန်တာမကြားရ၊ မမှန်တာ ကြားရ၊ မသိချင်တာ သိရ၊ မပြောချင်တာ ပြောရ။ မကြားချင်တာ ကြားနေရတာ ရာစုနှစ်ဝက်မက ကြာခဲ့ပြီ။ ပြည်ဖျက် ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ (၆၂) နှစ်ခုက စရေရမှာပေါ့။ ဒီ့အရင်ကလည်း ကြားနာခွင့်နဲ့ ပတ်သက်လို့ အနှောက်ယှက်မရှိဘူးလားဆိုတော့ ရှိသင့်သလောက်ရှိခဲ့တယ်။ ပါလီမန် ဒီမိုကရေစီဆိုတဲ့ ဦးနု ပဆဖလ အစိုးရက ပြည်သူတွေကို အသိပညာပေးနေတဲ့ သတင်းသမား ဆရာလူထုဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဗန်းမော်တင်အောင်တို့လို ပုဂ္ဂိုလ်တွေကိုတောင် စာပေရေးသားခြင်းကြောင့် ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့တယ်။ ဦးကျော်ငြိမ်းရဲ့ တောင်သူ လယ်သမားသမဂ္ဂအမည်ခံ စစ်သားတွေက သူတို့ဝန်ကြီး မီးခွက်မှုတ်သတင်းကို ဖော်ပြလို့ ဂျာနယ်ကျော်မမလေးရဲ့ ဟစ်တိုင်သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ဖူးတယ်။ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့ဖူးတာပေါ့။ ပြည်ဖျက် ဗိုလ်နေဝင်းခေတ်ကတော့ ပြည်သူတွေ လုံးဝ မျက်စိကန်း နားပိတ်ဖြစ်တော့တာပဲ။
ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းကာလတွင်းမှာ ဒီလိုမျက်ကန်း နားပိတ်ဘဝကနေ ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခု ပွင့်လာခဲ့တယ်။ ဒါက ပြည်ပရေဒီယို ဖြစ်တဲ့ BBC, VOA တို့ကနေ ပြည်သူတွေ ကြားချင်တာ၊ ကြားသင့်တာတွေကို ပိုပြီး အလေးပေး ထုတ်လွင့်လာသလို DVB တို့RFAတို့ဆိုတာတွေလည်း ပေါ်လာတယ်။ အဲဒီရေဒီယိုတွေ ပေါ်စတုန်းကဆို မိတ်ဆွေတယောက်က ကျုပ်တို့တော်လှန်ရေး တဝက် အောင်ပြီလို့တောင်ကြွေးကြော်ခဲ့သေးတယ်။ ကိုယ်လည်းထောက်ခံမိတယ်။ လုပ်နေကြသူများ ကလည်း လူထုဘဝကို စာနာသူတွေ၊ နိုင်ငံလှုပ်ရှားမှုတွေထဲက သွားကြသူတွေဆိုတော့ ယုံကြည်အားတက် ဖြစ်မိတယ်။

သိပ်မကြာပါဘူး။ အနှီပုဂ္ဂိုလ်များ ရေဒီယိုများက သမ္ဗုဒ္ဓေတဂါထာနဲ့ အရိယာဂိုက်ဖမ်းပြီး ပီဘိသတင်းသမားကြီးတွေလို၊ တရားသူကြီးနေရာ၊ ဒိုင်လူကြီးနေရာရောက်ကုန်ရော။ မီဒီယာ ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဘက်မလိုက်ရဘူးတို့၊ ပြဿနာဖြစ်ရင် နှစ်ဖက်အသံ ပါရမယ် ဖြစ်ကုန်ရော။ ပြည်တွင်းမှာ တဖက်သတ် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်ချင်သလို လိမ်နေသူတွေရဲ့ သဘောထားအသံကလည်း သူတို့ စံတွေထဲမှာ မဖြစ်မနေ ထည့်စဉ်းစားပေးစရာတွေ ဖြစ်လာပါရော။ ပီဘိသတင်းသမားကြီးတွေအတွက်တော့ တရွာလုံးက မုဒိမ်းသမား၊ လူသတ်သမားလို့ သိထားတဲ့ ရာဇဝတ်သားရဲ့ မုဒိမ်းကျင့်ရ၊ လူသတ်ရတဲ့ အကြောင်းရင်းတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ စတဲ့ ရှင်းလင်းချက်ပါမှ သတင်းဖြစ်တယ် ဖြစ်ကုန်ရော။ ကျုပ်တို့ ဗမာပြည်သူတွေရဲ့ အဖြစ်က စိတ်ချ ယုံကြည်လောက်တဲ့ ကိုယ့်ဇနီးမယားက သူခိုးကို ဓားရိုးကမ်းတာ ခံလိုက်ရတဲ့ ပဒုမမင်းသားရဲ့ အဖြစ်များလိုပါပဲ။

နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပြီးရင် သတင်းမီဒီယာ ဒါမှမဟုတ် စာနယ်ဇင်းတွေဟာ အရေးအကြီးဆုံး အရေး အရာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြတယ်။ နိုင်ငံတော် (သို့) ခေါင်းဆောင်နဲ့ လူထုကြားက ဆက်သွယ်ရေး ပေါင်းကူးဖြစ်သလို လူထုခြင်းအကြား ဆက်သွယ်ရေးနဲ့ ပညာပေးရေး ယန္တယားကြီးလည်းဖြစ်တယ်။ မူလအဓိက မဏ္ဍိုင် သုံးရပ်ကတော့ အုပ်ချုပ်သူ အာဏာပိုင် လက်ထဲမှာရှိတဲ့ အရာတွေသာဖြစ်တော့ စတ္ထုမဏ္ဍိုင်သာလျှင် လူထုရဲ့ အားကိုးရာဖြစ်တော့တယ်။


ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ သမိုင်းကြောင်းကိုလေ့လာရင် သတင်းမီဒီယာတွေ၊ စာနယ်ဇင်း တွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ အဓိကအခန်းက ပါဝင်ခဲ့ကြတယ်။ ဗမာ့ လွတ်မြောက်ရေး တိုက်ပွဲမှာလည်း ထိုနည်းလည်းကောင်း စာနယ်ဇင်းတွေ လူထုကို အလုပ် အကျွေးပြုခဲ့ကြတယ်။ သမိုင်းတာဝန် ကျေပွန်ခဲ့ကြတယ်။ ဒီလိုသမိုင်းတာဝန် ကျေခဲ့ကြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာသမားတွေ ရှိခဲ့သလို အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အလိုတော်ရိ သတင်းမီဒီယာသမားတွေလဲ ရှိခဲ့တာပဲ။ ဥပမာ ဗမာပြည်ကို ဝေလမင်းသား အလည်လာစဉ်က ဆုတော်ငွေ ငါးထောင်ထုပ်ကို မမက်ပဲ ဘုန်းတော်ဘွဲ့ရေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို သတင်းသမားရှိခဲ့သလို ကိုလိုနီအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ရေးရတာကိုပဲ ဧရာမဂုဏ်ကြီးလို ပျော်ပျော်ကြီးရေး ပေးခဲ့သူတွေ လည်းရှိခဲ့တယ်။ အဆုံးသတ်မှာတာ့ စာနယ်ဇင်း၊ သတင်းသမားတွေ ကျေးဇူး ကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့ အတွက်ကြောင့် အလိုတော်ရိ သတင်းသမားတွေ သတင်းစာတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားရသလို လူထု အကျိုး လူထုဆန္ဒကို ဦးထိပ်ထားတဲ့ စာနယ်ဇင်းတွေ အောင်လံထူပြီး လူထုမေတ္တာ ခံယူ နိုင်ခဲ့ကြတယ်။

သတင်းမီဒီယာဆိုတာ လူထုအတွက် အားကိုးရာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို သြဇာလည်း စူးရောက်တဲ့အတွက် အာဏာပိုင်တွေဘက်ကရော၊ အာဏာမဲ့တွေဘက်ကရော အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုစားကြတယ်။ ပြည်သူလူထုရဲ့ နားမျက်စိလို သတင်းမီဒီယာ တွေကို အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်ကလည်း သတင်းမီဒီယာတွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့ ကြိုးစား ခဲ့တယ်။ ဖောက်ပြန်တဲ့ သတင်းသမားတွေကို မက်လုံးပေးစည်းရုံးသလို တိတ်တဆိတ် ငွေထုတ်ပေးပြီး ခါးပိုက်ဆောင် သတင်းတိုက်တွေ ထောင်တာတွေလည်း လုပ်ခဲ့ကြတယ်။ ကိုယ်လိုရာကို ရေးသားဖြန့်ချီထုတ်လွှင့်ကြတယ်။ ဒါကြောင့် စာနယ်ဇင်း သတင်းစာတွေထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမဲ့ အရာတွေ ပါသလို၊ အဆိုးအပျက်တွေ ဖြစ်စေမဲ့ အဆိပ်အတောက်တွေလည်းပါနိုင်တယ်။ ဥပမာ ဆောင်ရရင် သတင်းစာမီဒီယာဆိုတာ လူထုအတွက် ငသားလောက်ကို စားရသလိုပါပဲ။ အရသာ ထူးကဲ့တဲ့ အာဟာရဖြစ်ပေမယ့် အစားမတတ်ရင် အရိုးလည်း စူးမျက်နိုင်သလို အစာမကြေ၊ အကျောတက်ပြီးလည်း ဖျားနာနိုင်ပါတယ်။

ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းစာမီဒီယာတွေ ဖေါက်ပြန်ရင်၊ တာဝန်မဲ့လာ ရင်တော့ အဲဒီ့လူ့အဖွဲ့အစည်း (ဝါ) နိုင်ငံပြည်သူတွေရဲ့ အနာဂါတ်ဘဝဟာ အန္တရယ်ကျရောက် တော့တာပဲ။ ဒါကြောင့် သတင်းစာ မီဒီယာတွေရဲ့ တာဝန်ဟာ လူ့ဘောင်လောကအတွင်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ကြရုံနဲ့ မလုံလောက်ပဲ လောကလူ့ရွာ အတွက်ဆိုးကျိုး အန္တရာယ်ကို ဖြစ်စေမဲ့ အတွေးအမြင်များကိုလည်း သုတ်သင်ဖယ်ရှား ရမှာဖြစ်သလို လောကလူ့ရွာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမဲ့ အတွေး အမြင်တွေ ပြန့်ပွားစေဖို့လည်း တာဝန်ရှိပါတယ်။

ဒီနေ့ သတင်းမီဒီယာတချို့ရဲ့ အမြင်နဲ့ လုပ်ဟန်တချို့ဟာ တာဝန်မဲ့လွန်းပါတယ်။ တချို့သတင်းသမားတွေ စည်းမစောင့်ဘဲ ကိုယ်သတင်းရဖို့ဘဲ မညှာမတာ လုပ်ရပ်တွေကြောင့် အထဲကလူတွေ အဖမ်းခံကြရ ဒုက္ခရောက်ကြတာတွေလည်းရှိသလို အချင်းချင်းအပေါ် စည်းမစောင့်တာတွေ တရားမဲ့တာတွေလည်း ကြားနေရတယ်။ ဒါတွေက ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက သတင်းသမားတွေရဲ့ အဓိကရပ်တည်ချက် ပြဿနာပါ။ သတင်းတွေကို အဖြစ်အပျက်တိုင်းပဲ ပြောရမယ်။ အမှားအမှန် ဝေဘန်သုံးသပ်ချက် မထည့်ရ။ မည်သည့် ရှုထောင့် အမြင်နဲ့မှ မတင်ပြရ။ ဘက်မလိုက် ကြားနေရမယ်လို့ ဆိုပါတယ်။ အမှန်တရားအပေါ် သို့မဟုတ် အကာကွယ်မဲ့ အဖိနှိပ်ခံ ဗမာပြည်သူတွေအပေါ် ကျောခိုင်း လိုက်တဲ့ အတွေးအမြင်ပဲဖြစ်တယ်။ ဒေါ်စုပြောခဲ့တဲ့ မတရားတာတွေ့ရင် ဒါ မတရားဘူးလို့ ပြောရမယ်။ ဒီလိုမပြောရင် ဒီမတရားမှုဟာ တနေ့ ကိုယ့်ဆီရောက်လာလိမ့်မယ်ဆိုတဲ့ စကား ကို မေ့ထားကြပြီထင်တယ်။ ဒီအမြင် ဒီအယူအဆတွေဟာ အမြင်အားဖြင့်တော့ အလွန်လှ အလွန်ကောင်းပါတယ်။ အနောက်တိုင်းနဲ့ လူမှုနိုင်ငံရေး (Socio-Politic) ဘဝ ပုံမှန်စနစ် ထဲမှာတော့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အဲဒီ့မှာ ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတိုင်းမှာ ကိုယ်ပိုင်အမြင် အယူအဆတွေကို လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချီ စည်းရုံးနိုင်ခွင့်ရှိပြီး စွပ်စွဲချက်တွေ ရှိခဲ့ရင်လည်း လွတ်လပ်စွာ ခုခံနိုင်ခွင့် ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘက်လိုက်စရာ မရှိပါဘူး။ လိုက်စရာအမှန်တရားမျက်နှာ တခုသာရှိတယ်။ သို့သော်လည်း ဗမာပြည်လို လူထုဆက်သွယ်ရေး ယန္တယားတခုလုံးကို ရေပက်မဝင်အောင် ထိန်းချုပ်ထားပြီး တဖက်သတ်ဝါဒဖြန့်၊ ဆန့်ကျင်ဘက်တွေကို အပုပ်ချနေတဲ့ စစ်အုပ်စုနဲ့ ရင်ဆိုင်နေရတဲ့ ဗမာပြည်သူတွေရဲ့ တိုက်ပွဲပဲဆိုဆို ပဋိပက္ခပဲဆိုဆို ပြဿနာအပေါ်မှာ ဘယ်ဘက်မှ မလိုက် ဘူးဆိုတာဟာ အမှန်တရားနဲ့ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားကို ကျောခိုင်း လိုက်ခြင်းသာဖြစ်ပါတယ်။

အထက်မှာဆိုခဲ့သလို သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းပြီး အမှောင်ခေတ်ထဲက ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခုလို ဖြစ်နေတဲ့ ပြည်ပရေဒီယိုတွေနဲ့ နောက်ပေါ် အွန်လိုင်းသတင်းဋ္ဌာနတွေက ပီဘိသတင်းသမားကြီးတွေ ဂိုက်ဖမ်းပြီး ဘယ်ဘက် မှ မလိုက်ရဘူးဆိုတဲ့ မူအပေါ်မှာ ရပ်လိုက်ချိန်မှာတော့ ရှိတဲ့ကောက်ရိုးတမျှင် လဲ ဆုံးရှုံးသွား ရတော့တယ်။ တိုက်ဆိုင်ချင်တော့ ရန်သူစစ်အုပ်စုက လုပ်လာတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ဗျူဟာကို အကောင်အထည်ဖေါ်တဲ့ အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတယ်။

ပြင်ပ မီဒီယာပေါင်းစုံတို့ မျက်ကန်းနားပိတ် ဗမာလူထုကို ကျောခိုင်းတဲ့ ထုတ်လွှင့်မှုတွေ ထင်သာမြင်သာဖြစ်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က ရွေးကောက်ပွဲ အသံတွေ ထွက်လာချိန်က စတယ်လို့ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက ဦးဆောင်ပါတီတွေကို မသိမသာဝေဘန်ရင်း ကြွက်မဟုတ် ငှက်မဟုတ် ပညာရှင်ပြောလိုက် တတိယအုပ်စုပြောလိုက် လင်းနို့လိုလို လူတွေကို ဇန်းတင်လာတယ်။ လက်တွေ့ နိုင်ငံရေး ဆိုတဲ့ အသံတွေ ထုတ်လာတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းတွေမှာ ထောက်ခံသူတွေနဲ့ မယှဉ်နိုင်တဲ့ အားနဲတဲ့ ဆန့်ကျင်သူတွေနဲ့ ပွဲတည်ပေးပြီး ရွေးကောက်ပွဲကို မသိမသာ ဇောင်းပေးတယ်။ မျက်ကန်းနားပိတ်ဘဝ လူထုကို ရွေးကောက်ပွဲမှ တပါး အခြားရွေးချယ်စရာမရှိဆိုတဲ့ အမြင်တွေဖြစ်ပေါ်အောင် ဖန်တီးထုတ်လွှင့်ကြတယ်။ ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင်ဖိတ် စင်တင်ပြီး ရွေးကောက်ပွဲ ကြော်ငြာပွဲ ကြီးလုပ်ကြတယ်။ နောက်ထပ် ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ်တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲ ထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန်နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေ အကျဉ်းထောင်တွေ ထဲမှာ ဆက်ပြီးထိမ်းသိမ်းခံနေရစဉ် ထူးကဲစွာ လွတ်မြောက်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် အမည်ခံ မျိုးရန်နောင်သိမ်းရဲ့ အမြင်တွေကို ယနေ့ဗမာလူငယ်တို့ရဲ့ အမြင်တွေ ဖြစ်လေဟန် ထုတ်လွင့်ချက်ဟာ အလွန်ကို အော့နှလုံးနာစရာကောင်းပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းကျလူငယ်တွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက်မှုအောက်မှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ ဗမာလူငယ်ထုကို စော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီအစီအစဉ် ထုတ်လွင့်သူဟာ အဖိနှိပ်ခံလူထုအတွက် စေတနာထားစရာမလိုပဲ တကယ်တမ်း ဘက်မလိုက် ဘူးဆိုရင်တောင် တခြားလူငယ်တွေရဲ့ အမြင်တွေကိုပါ အလှည့်ကျ ထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ ဖောက်ပြန်တဲ့ အမြင်ကိုပဲ ဆက်တိုက်လွှင့်ပေးနေ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်ကိုပဲ ဖော်ထုတ်ပေးနေခြင်းဟာ ဗမာလူငယ်ထုအပေါ် RFAရဲ့ မတရားတဲ့ အပြုအမူ၊ စော်ကားတဲ့ အပြုအမူပဲဖြစ်တယ်။ ဒီထုတ်လွှင့်ချက်တွေဟာ သွေးရိုးသားရိုး လုပ်ရပ်အဖြစ် ယူဆစရာ အကြောင်းမရှိပါဘူး။ (ဒီစာကို သြဂုတ်လဆန်းက ရေးခဲ့ပေမဲ့ မအားလပ်တာကြောင့် အချောမသတ်ပဲ အခုမှ နောက်ကျပြီး အစသတ်နိုင်ပါတယ်။ တချို့စာပါအချက်အလက်တွေက ပြောဖို့လိုအပ်တယ် ယူဆလို့ နောက်ကျမှ ဖြန့်ချီလိုက်တယ်။ အခုနောက်ဆုံးအခြေအနေအရ RFAက လူငယ်ကဏ္ဍမှာ မဖြူဖြူသင်းရဲ့ အမြင်တွေကိုလည်း ကြားညှပ် ထုတ်လွင့်ပေးနေတယ်လို့ သိရပါတယ်။ မျိုးရန်နောင်သိမ်းရဲ့ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်တွေကိုလည်း ဆက်လက်ထုတ်လွှင့်နေဆဲလို့ သိရပါတယ်။)

လောကကြီးမှာ အကြီးဆုံးရန်သူ ဒုက္ခအပေးနိုင်ဆုံး အန္တရာယ်ဟာ မိတ်ဆွေ ယောင်ဆောင်ထားတဲ့ ရန်သူဖြစ်တယ်။ တည်ကြည်တဲ့ ရန်သူထက် မိတ်ဆွေယောင်ဆောင် ထားတဲ့ ကောက်ကျစ်သူက အန္တရာယ်ပိုကြီးတယ်ဆိုတဲ့ စကားလည်းရှိတယ်။ ယုံကြည်စိတ်ချ မှုကြောင့် မကောင်းအကြံကိုလည်း လက်ခံမိသလို အဆိပ်ကိုလည်း သုံးစားမိတတ်ပါတယ်။ ဆရာသမားအပေါ်မှာ လေးစားကြည်ညိုစိတ်နဲ့ ယုံကြည်မိတဲ့ အင်္ဂုလိမာလဟာ ဆရာသမားရဲ့ အကောက်ကြံမှုကြောင့် တောပုန်းလူဆိုးကြီးဖြစ်ရတယ်။ ရာဇဝတ်သားဖြစ်ရတယ်။ သံသရာ ဝန်လေးတဲ့ အလုပ်တွေကို မှားမှားယွင်းယွင်း လုပ်မိခဲ့ရရှာတယ်။

အခုကျွန်တော်တို့ မီဒီယာတွေဟာ မျက်ကန်းနားပိတ် ဗမာလူထုအတွက် နားမျက်စိ ဖြစ်ရမည့်အစား တရားသူကြီးလိုလို၊ ဒိုင်လူကြီးလိုလို ဂိုက်ဖမ်းလာတာဟာ စိတ်ချယုံကြည် ထားသူရဲ့ ဖောက်ပြန်မှုကို ခံရသလိုပါပဲ။ ကိုယ့်နားမျက်စိတွေရဲ့ ဖောက်ပြားလှည့်စားတာကို ခံရသလိုပါပဲ။ အားကြီးသူနဲ့ အားနည်းသူတို့ ကြားက ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ လက်နက် မဲ့တွေရဲ့ကြားက တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ကြိုးစားတာဟာ ဘယ်လို သဘောထား၊ ဘယ်လိုလူစားတွေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒီလိုမမျှတတဲ့ တိုက်ပွဲတွေကြားမှာ ကြားနေတယ်ဆိုတာ အကျိုးသက်ရောက်မှုအားဖြင့်တော့ အားကြီးသူကို ဗိုလ်ကျအနိုင်ယူခွင့် ပေးလိုက်တာ၊ သွယ်ဝိုက်သောအားဖြင့် မတရားမှုကို အားပေးထောက်ခံ တာပဲဖြစ်တယ်။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက ဒီနေ့ဗမာလူထုက အားကိုးယုံကြည်နေတဲ့ မီဒီယာတွေမှာ လုပ်ကိုင်နေသူအများစုဟာ တချိန်က အမှန်တရားဖက်က တိုက်ပွဲဝင်ခဲ့သူတွေ၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ အားထုတ်ခဲ့ကြဘူးတဲ့ တော်လှန်ရေးသမားဟောင်း၊ နိုင်ငံရေး သမားဟောင်းတွေ ဖြစ်နေတာပဲ။ ဘယ်လိုဖြစ်သွားကြတာလဲ။ ပြည်သူလူထု မျက်နှာထက် ထမင်းထုပ်မျက်နှာက ပိုကြီးသွားတာလား။ အလုပ်ရှင်မျက်နှာက ပိုကြီးသွားတာလား။ ဒါမှမဟုတ် မိစ္ဆာစစ်အုပ်စု မျက်နှာက ပိုကြီးသွားတာလား။

ဗမာသတင်း ဂျာနယ်လောကရဲ့ စံပြုပုဂ္ဂိုလ် ဂျာနယ်ကျော်ချစ်မောင်ရဲ့ “ မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမရွေး၊ မှန်တိုင်းရေးပိမ့်”ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့တော့ အတော် ဖီလာဖြစ်တာပဲ။ ပြောမည့်သာပြောရတာပါ။ ဒီနေ့သတင်းသမားဆိုသူ အတော်များများ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နာမည်ကို ကြားတောင်မှ ကြားဖူးရဲ့လားမသိဘူး။ မကြားဖူး ကြသေးရင်လည်း ရှာဖွေလေ့လာကြပါဦး။ သတင်းသမားလုပ်မယ်ဆိုရင်တော့ လူထုဦးလှရဲ့ ကျနော်သတင်းသမားဆိုတဲ့ စာအုပ်တို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းတို့ ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ဂျာနယ်ကျော်မမလေးရေး ထားတဲ့ သူလိုလူဆိုတဲ့ စာအုပ်တွေလောက်တော့ ဖတ်ဖူးထားသင့်ပါတယ်။ ဝရဇိန်လက်နက်ကြီးကိုင်ထားပြီး အစွမ်းမ သိ ဆေးလိပ်မီးညှိုလိုက်၊ ရေနွေးကျိုလိုက်လောက်ပဲ သုံးမိနေရင် ရင်နာစရာ။ ပြီးတော့ ကိုယ်စီး တဲ့မြင်း အထီမှန်းးအမမှန်းမသိရင် ခက်မယ်။


ကာလသားပုံပြင် တခုပါ။ ကာလသားပုံပြင်ဆိုတော့ နည်းနည်းတော့ ညစ်ညမ်းတယ်။ သိသာ အောင်တော့ ပြောဦးမယ်။ တခါက လူသေးလူ့ဗလံခရီးသည်တယောက် မြင်တစီးနဲ့ ညနေ စောင်းမှာ တောအုပ်တခုထဲ ဖြတ်သွားတယ်။ တောအုပ်အလယ် ညောင်ပင်ကြီးရောက်တော့ ခဏနားမယ်လုပ်တုန်း ဘီးလူးတကောင်ပေါ်လာပြီး စားမယ်ဆိုဖမ်းရော။ ခရီးသွား လူဗလံလေးလဲ အသက်ဘေးဆိုတော့ ကြောက်အားလန့်အားနဲ့ ခုခံတာပေါ့။ အကြောင်း ကောင်း ထောက်မလို့ လူ့ဗလံလေးနိုင်သွားတယ်။ ဒီတော့ ဘီလူးက အသက်ကို ချမ်းသာပေးပါ။ လိုရာဆုပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ဒီတော့ လူဗလံလေးလဲ တသက်လုံး သူတပါးပြက်ရယ်ပြုခံလာရတဲ့ သူ့ရဲ့သေးညှက်ညှက် ခန္ဓာကိုယ်ကို ဗလငါးတန်နဲ့ ပြည်စုံ အောင် ဖန်ဆင်းပေးဖို့ပြောတယ်။ ဒီတော့ ပြည့်စေဆိုပြီး ပြည့်စုံသွားတယ်။ ပြီးတော့ သူ့ရဲ့ ဗလငါးတန်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ဖို့ သူ့ဖွားဘက်တော်ကိုလည်း သူစီးလာတဲ့ မြင်းလောက် ရှိပါစေဆိုပြီး တောင်းဆိုပြန်တယ်။ ဒါလည်းပြည့်စေပေါ့။ ဒီလိုနဲ့ ခရီးသွား အိမ်ပြန်ရောက် လာတယ်။ ဇနီးသည်က မမှတ်မိဘူး။ အကျိုးအကြောင်းရှင်းပြမှ သဘောပေါက်သွားတယ်။ မယားလုပ်သူလည်း ဝမ်းသာအားရ ယောက်ျားဖြစ်သူရဲ့ ဗလငါးတန် ခန္ဓာကိုယ်ကြီးကို အားရကျေနပ်စွာနဲ့ ကြည့်ပြီး လက်မောင်း၊ ရင်အုပ်၊ ကြွက်သားတွေကို စမ်းကြည့်တယ်၊ ညှစ်ကြည့်တယ်။ သဘောအကျကြီးကျနေတာပေါ့။ တဖြည်းဖြည်းအောက်ဆင်းစမ်းလာလိုက် တာ ဟိုနေရာလဲရောက်ရော မိန်းမလုပ်သူက အလန့်တကြားနဲ့ အော်လိုက်တယ်။ “ ဟင့် အတူတူပဲဟာကို” တဲ့။ ဒီတော့မှ ပြေးကြည့်တော့ သူစီးခဲ့တဲ့ မြင်းက အမကြီးဖြစ်နေသတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်အကြောင်း နဲ့အဲ့ဒီ့ အလုပ်တန်ဘိုးကို သိဖို့ အလွန်ရေးကြီး ပါတယ်။ ကိုယ်စီးတဲ့မြင်း အထီမှန်းးအမမှန်းမသိရင် “အတူတူပဲဟာကို” ဖြစ်သွားမယ်။

ပြင်ပရေဒီယို သတင်းဋ္ဌာနတွေ အသစ်တွေပေါ်၊ အားတွေကောင်းလာချိန်က အရေးတော်ပုံအတွက် တအားတက်ခဲ့သလို ကြုံတဲ့လူတိုင်းကိုလဲ ရေဒီယိုနားထောင်ဖို့နဲ့ ဒါဟာလည်း နိုင်ငံရေးအလုပ်တခုလို သဘောထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့မိတယ်။ အခုတော့ ဒီရေဒီယိုတွေ၊ သတင်းဋ္ဌာနတွေကိုလည်း မျက်စိမှိတ် နားမထောင်ဘဲ ငါးစားသလို သတိ တရားနဲ့ အရိုးအသား ခွဲခြားစားကြဖို့ ဝေဘန်နားထောင်ကြဖို့ ပြောင်းပြီး နှိုးဆော်နေရတယ်။ အခုလို မျက်ကန်းနားပိတ် လူထုဘဝကို ကျောခိုင်းလာချိန်မှာတော့ ကျုပ်တို့ မီဒီယာတွေကို ကာတွန်းကံချွန်ရဲ့ မျက်လှည့် ဆရာပုံပြင်ထဲက မြွေဆေးရောင်းသမား အော်သလိုပဲ အော်ရတော့မယ်ထင်တယ်။


ပုံပြင်က။ တခါတုန်းက မြွေလပ္ပာယ်ပြပြီး ဆေးရောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တယောက်က မြွေလပ္ပာယ်ပြတယ်၊ တယောက်က အာဘောင်အာရင်းသန်သန်နဲ့ မြွေဆေး ရောင်းတယ်။ တခါတော့ မြွေလပ္ပာယ်ပြတဲ့သူက ဖျားနာတယ်။ တရက်မကောင်း၊ နှစ်ရက် မကောင်းနဲ့ ရက်ကြလာတော့ စားဝတ်နေရေး မပြေလည်တော့ဘူး။ ဒီတော့ မြွေဆေး ရောင်းသမားက မထူးဘူးဆိုပြီး မြွေပုခြုပ်ထမ်းပြီး ထွက်လာတယ်။ သိသလောက် တတ်သ လောက်နဲ့ မြွေလပ္ပာယ်ပြပြီး ဆေးရောင်းမယ်ပေါ့။ လူစည်းကားရာမှာ ချပြီး အရင်ဆုံး သိထား သလောက်နဲ့ မြွေလပ္ပာယ်ပြတယ်။ အတော်လေးကြာတော့ ဘိန်းကျွေးထားတဲ့မြွေက ဘိန်းငိုက်ပြေပြီး ရှုးရှုှးရှားရှားဖြစ်လာတယ်။ ဆေးရောင်းသမားလည်း ကြောက်ကြောက်နဲ့ ထိန်းဘို့ကြိုးစားတယ်။ မရဘူး။ ဖမ်းလည်းမဖမ်းရဲတော့ဘူး။ ကြည့်နေတဲ့ ပရိတ်သက်ထဲက တယောက်ယောက်ကို ကိုက်လိုက်ရင် ဒုက္ခကြီးတော့မယ်။ ဒီတော့ မြွေဆေးသမားလည်း ကိုယ်ထမင်း ရှာစားနေရတဲ့ မြွေကြီးကို မညှာနိုင်တော့ဘဲ မချိတင်ကဲနဲ့ အော်လိုက်ရတယ်။ “ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့” တဲ့။

မီဒီယာဆိုတာ ကျွန်နော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက်လက်နက် တခုပါ။ ကျွန်နော်တို့ အဖိနှိပ်ခံ ဗမာလူထုလွတ်မြောက်ရေးအတွက် အားတခုအဖြစ် ဆက်လက်ရပ်တည်ကြစေချင်ပါတယ်။ မြွေသမားရဲ့ ကျုပ်မြွေကြီးပါ မဖြစ်စေချင်ပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် လက်ဆောင်အောက်က ကဗျာလေးကို ရေးမိပါတယ်။

မိုးကြိုးလက်နက် ရှိန်စော်ထက်

မျောက်လက်ရောက်ရှာ ခွင့်မသာ
ရောင်ဝါမှေးလျှက် အကြေးတက်။
သတင်းထက်မြက် လူထုတွက်
မျက်စိနားနှာ ပုံပမာ
သိက္ခာကွယ်ဝှက် တန်ခိုးပျက်။