Thursday, August 12, 2010

ချစ်ခြင်းအားဖြင့် . . .

Written by မောင်ကိုကို(အမရပူရ)
ထူးအိမ်သင် သီဆိုသော နှုတ်ဆက်တေးကို နားထောင်မိရာက ထူးအိမ်သင် ကွယ်လွန်သည့် ရက်စွဲမှာ၂၀၀၄ ခုနှစ် သြဂုတ် ၁၄ ဟု သိရ၏။ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၄ ဆိုလျှင် သူကွယ်လွန်တာ ခြောက်နှစ်ပြည့်ပြီ။ နှုတ်ဆက်တေးကို သူ့သူငယ်ချင်း မြင့်မိုးအောင် ရေးဖွဲ့ထားသည်။ နှုတ်ဆက်တေးသည် တေးရေး၏ ဘ၀ပေလား။ တေးဆိုသူ၏ ဘ၀ပေလော။ အနုပညာသည် တစ်ဦး၏ ဘ၀ပေလော။ ထိုသီချင်းကို ဗီစီဒီအဖြစ် လွင်မိုးက ရိုက်သည်။ ဆံပင်ကောက်ကွေး၊ နှုတ် ခမ်းမွှေး မုတ်ဆိတ်မွှေးငုတ်စိ၊ နှုတ်ခမ်းပြဲပြဲ၊ ပါဝါမျက်မှန်ထူထူ၊ ခေါင်းမာတတ်ဟန်တူသူ၊ အင်္ကျီအကွက်၊ ဂျင်းဘောင်းဘီအပြာ ၀တ်ဆင်ထားသူ မွန်မြန်မာလူငယ်လေး ဂစ်တာတီးနေသည်။ သီချင်းဆိုနေသည်။

ပြီးတော့ အလင်းရောင်အခန်းလေးကို ထားခဲ့သည်။ လှေကားအတိုင်း ဆင်းသွား၏။ အမှောင်ဆီသို့ သူတိုးဝင်သွားပြီ။ ဂျင်းဘောင်းဘီ အပြာသည် အမှောင်ထဲမှာ မှောင်သွားသည်။ ပုသိမ်ကောလိပ် ဂီတညဆီသို့ သွားမှာလား။

'နှုတ်ဆက်ခဲ့ပါတယ် အချစ်ဖွဲ့ သီချင်းလေးရယ် ငါ နောက်ထပ်ဆိုညည်းစရာ မလိုအပ်တော့ပါ' ချစ်မေတ္တာတရားကို တမ်းတတတ်လေသူက အချစ်ဖွဲ့သီချင်းလေးကို ပြတ်ပြတ်သားသား နှုတ်ဆက်သွားပြီ။ 'ငါပြန်မလာတော့ဘူး အခန်းလေးရယ်'ဟု သူ သည် သီချင်းနှင့် နှုတ်ဆက်သွား၏။

'နှုတ်ဆက်ခဲ့ပါတယ်ကောင်းမြတ်ခြင်းတရားရယ်။ငါမင်းရဲ့အလိုအတိုင်းသာစွန့်စားခဲ့တယ်။ငါ့အိပ်မက်တွေဟာ ဖြစ်မလာခဲ့ဘူး။အမှောင်မှာ ကျင်လည်ဖို့ ထွက်သွားပြီဟေ့'

ထူးအိမ်သင် ကွယ်လွန်ချိန်မှာ သူ၏ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထောသည် သူ့သီချင်းတွေ စိမ့်ဝင်နေသော သူ့ဂစ်တာလေးနှင့်အတူ ကျန်ရစ်ခဲ့ကြ၏။ သြစတြေးလျ ပလွေလေးမှာ မှုတ်သူကင်းမဲ့ချေပြီ။

''ကျွန်တော် စိတ်အ၀င်စားဆုံးက နှစ်ခုပဲရှိတော့တယ်။ အနုပညာရယ် သေခြင်းတရားရယ်ဗျ။ သေတော့လည်း ပျောက်သွားတာပဲဗျ။ ကျွန်တော်တို့လုပ်ခဲ့တဲ့ ကုသိုလ်တွေ၊ ကောင်းမြတ်တဲ့စိတ်ထားတွေ၊ ရိုးသားမှုတွေက ဘယ်လိုလဲ မသိဘူး''

ထူးအိမ်သင်က သူနှင့်တွဲဖော်တွဲဖက် စာရေးဆရာ နီကိုရဲကို ပြောခဲ့သည်။ တေးရေး၊ တေးဆို ထူးအိမ်သင်သည် သူ့မိတ်ဆွေ နီကိုရဲ၏ မွေးနေ့ မစ္စတာဂစ်တာမှာ ကျင်းပစဉ် မွေးနေ့ရှင်က သီချင်းဆိုပေးဖို့ တောင်းဆိုသော်လည်း အပြုံးလေးတစ်ပွင့် သာ ပွင့်ပြခဲ့၏။ သီချင်းဆိုမပေးပါ။

ဧရာဝတီမြစ်ဝှမ်းမှာ မြန်မာနိုင်ငံကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသော ရှေးမြန်မာတို့ကို သူအရမ်းအံ့သြ၊ အရမ်းကြည်ညို၊ အရမ်း လေးစားနေမိသည်။ ဧရာဝတီ၏ တောက်ပသော သမိုင်းကြောင်းကို သူ့ရင်ဘတ် ပေါက်ထွက်မတတ် ခံစားမိသည်။ ရှေ့ဆက်သွားမည့် သူ့မျှော်လင့်ချက်တွေကို ဖြန့်ကြက်ခင်းကျင်းကြည့်မိသည် . . .


သူ့ကို လုပ်ချင်တာကို လုပ်ရဲသော သတ္တိထက် မလုပ်ချင်တာမလုပ်ဘဲ နေရဲသော သတ္တိကို ပိုသဘောကျမိပါ သည်ဟု ၀တ္ထုရေးဆရာက မှတ်ချက်ချသည်။ အပိုဆာဒါးတွေ မလုပ်ခဲ့သူဟု ကျွန်တော်က ထပ်ဖြည့်ချင်၏။

နှုတ်ဆက်တေးကို နားထောင်အပြီးမှာ အလင်းဆိုင်လေးရဲ့သီချင်း၊ ကြယ်တွေစုံတဲ့ည သီချင်းနှစ်ပုဒ်ကို ကျွန်တော် ဆက်နားထောင်မိသည်။ အယ်ဖြူရေးသည်။ ၂၀၁၀ မှာ ကျွန်တော်သည် ထူးအိမ်သင်၏ ပရိသတ် အစစ်ဖြစ်သွားပြီ။ သူ့မျက်နှာပေါ်မှ ဟန်မလုပ်သော ရိုးသားမှုကို ကျွန်တော်ကြိုက်သည်။ သူသည် ပေါ်လွင်ချင်လွန်းသော လူစားမျိုးမဟုတ်။ သူ့မျက်နှာပေါ်မှာ ၀ါဝါထိန်ထိန် အရောင်များကို မတွေ့ရပါ။ ငြိမ်းချမ်းသော အပြာရောင်၊ ရိုးသားသော အဖြူရောင်ကိုသာ တွေ့ရတတ်သည်။

"ကျွန်တော် ဒီလောကကြီးမှာ နေမှု၊ ထိုင်မှု၊ ရှင်သန်မှုပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့် မတရားသဖြင့် အသက်ရှင်နေတာမျိုး မဖြစ်အောင်လို့ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီးတော့ နေထိုင်ပါတယ်''ဟု မဂ္ဂဇင်း အင်တာဗျူးတစ်ခုမှာ သူပြောခဲ့ဖူး၏။

သူလူ့ဘ၀မှာ မရှိတော့။ သူ့အနုပညာ၊ သူ့ရိုးသားမှု။ သူ့ကောင်းမြတ်ခြင်းတရားတို့က ပျောက်ကွယ်မသွားပါ။ ကျွန်တော်တို့ ခံစားနေရသည်။

အိပ်မက်သည်သူ၊ သူသည် အိပ်မက်။ အိပ်မက်သည်အသက် ဖြစ်စေ။ အချစ်ကြွင်းစေ၊ မြတ်နိုးမှု ကြွင်းစေ၊ မေတ္တာကြွင်းစေ။ လင်းလက်တောက်ပဆဲမှာ ကွဲကြေသွားသော ညနေကြယ်ဟု သူ့သူငယ်ချင်းများက သူ့ကိုတင်စားကြ၏။

'ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးက

ခဏကြည့်တာနဲ့ ရင်ထဲတုန်လှုပ်သွား။
ဘ၀မှာ ဆိုးရွားလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား။
ဉာဏ်ပညာရယ်၊ ချစ်ခြင်းတရား ရင်ထဲလှပတဲ့ နေ့တွေရှိဦးမလား။
ဉာဏ်ပညာရယ် ချစ်ခြင်းတရား ရင်ထဲတောက်ပတဲ့ နေ့ရက်တွေ ကြုံဦးမလား။
ယုံကြည်တမ်းတဲ့ နှလုံးသားများအားလုံးရဲ့ ကမ္ဘာသစ်ရယ်
ယုံကြည်တမ်းတတဲ့ နှလုံးသားများအားလုံးရဲ့ အိပ်မက်ရယ်

ဉာဏ်ပညာနှင့်ချစ်ခြင်းတရားတို့ ထုံးမွှမ်းသော အသစ်ကမ္ဘာကို လှပသည့်နှလုံးသားဖြင့် ယုံကြည်တမ်းတတတ်သူ ထူးအိမ်သင်၏ လူငယ်ဘ၀မှာ အသည်းကွဲသော အမေ့ဒုက္ခအိုးလေးဖြစ်သည်။

၁-၇-၆၃ မှာ သူ့မွေးရက်စွဲ။ ပုသိမ်မြို့မှာ မူလတန်းပညာ စတင်သင်ကြားခဲ့ပြီး အထက်တန်းပညာကို ပုသိမ် အ.ထ.က(၃)မှာ အောင်မြင်ခဲ့၏။ ၁၉၈၂-၈၃ တွင် ပုသိမ်ကောလိပ်မှာ ပထမနှစ်ကို နှစ်ကြိမ်ကျရှုံးပြီး ပြင်ပဖြေ (External) ကျောင်းသား တစ်ဦးဖြစ်နေ၏။

အခန်းထဲမှာ သူလဲကျနေ၏။ သူ့သူငယ်ချင်း၏ အခန်းလေးထဲမှာ သူသည် ခွေခွေလေး လဲကျနေ၏။ သူသည် အခန်းထဲမှာ ပစ်ချခံရသော ဖဲချပ်တစ်ချပ် ဖြစ်၏။ သူသည် အခန်းထဲက ပုလင်းလွတ်တစ်လုံး ဖြစ်သည်။ သူသည် အခန်းထဲမှာ ထောင်ထား သော ဂစ်တာစုတ်ကလေးတစ်လုံး ဖြစ်သည်။ သူသည် အခန်းပြတင်းပေါက်မှ ကြယ်ကလေးကို ငေးကြည့်နေသော ကြယ်ငေးသူတစ်ဦး ဖြစ်သည်။

'အမေ . . . ကျွန်တော့်ကို စိတ်မပျက်ဘူးလား

အမေယုံကြည်မျှော်လင့်ထားသမျှ ဘာတစ်ခုမှဖြစ်မလာ
ကိုယ်မှန်တယ်ထင်ရင်ပြီးရော ခေါင်းမာတတ်တဲ့အကျင့်ကဆိုး
ပိုက်ဆံတစ်ပြားမှမရှိဘဲ သူသိက္ခာရှိချင်သေးသတဲ့
အမေ့ရဲ့ဒုက္ခအိုးလေးပေါ့'

သို့သော် သူသည် ပုသိမ်ကောလိပ် အနီးအနားက အခန်းလေးထဲမှာ အမြဲတမ်း လဲကျနေသူ မဟုတ်ပါ။ လဲကျရာမှ သူရုန်းထသည်။ သူကိုယ်ကို သူကိုယ်တိုင် ထူမတ်ခဲ့၏။ မိဘများက မော်လမြိုင်သို့ တာဝန်ဖြင့် ပြောင်းရွှေ့ရပြီးနောက် သူလည်း မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒဘွဲ့ဖြင့် ကျောင်းပြီးသွားသည်။ မော်လမြိုင်မြို့တွင် ဂီတဆရာဦးအောင်စိုး(KC Francis) ထံမှ ဂီတသင်္ကေတနှင့်ဂီတပညာ သင်ယူသည်။ ၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှ မျက်ရည်စက်များ' အမည်ရှိ ပထမဆုံး သီချင်းအယ်လ်ဘမ်ကို ရန်ကုန်မြို့တွင် အသံသွင်းနိုင်ခဲ့သည်။ ဂီတကို ရေဆုံးရေဖျား စနစ်တကျ လေ့လာဆည်းပူးခဲ့သော ထူးအိမ်သင်သည် ပထမဆုံးသီချင်းများနှင့်ပင် နာမည်ပေါက်သွားသည်။ မှော်ဆရာ့အိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ။ သူ့သီချင်းများသည် ကောင်းကင်ကကြယ်ကလေးများနှင့် အဆက်အသွယ်ရသွားပြီ။ မြို့ပြလရောင်ညများထဲမှာ သူ့သီချင်းက သီချင်းဆိုနေသည်။ ဂျပ်ဆင်ထိပ်ကလရိပ်ပြာထဲမှာ သူ့သီချင်းဖွဲ့တည်သည်။

'ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ် ရင်ကိုခုန်စေတဲ့သီချင်းရယ် အမှောင်မှာအသာအယာ နားစွင့်ခဲ့သူမှာ . . .'

ထူးအိမ်သင်ရေးခဲ့သမျှ သီချင်းများထဲတွင် ကျွန်တော်အကြိုက်ဆုံး သီချင်းနှစ်ပုဒ်ရှိသည်။ အသစ်ကမ္ဘာသို့။ ရာဇ၀င်များရဲ့သတို့သမီး။ အသစ်ကမ္ဘာသို့ သီချင်းကို လေးဖြူ၊ အငဲ၊ မျိုးကြီးတို့အဖွဲ့က ထူးအိမ်သင်ကွယ်လွန်ပြီးမှ သီဆိုခဲ့ကြသည်။ ရာ ဇ၀င်များရဲ့ သတို့သမီးကို ထူးအိမ်သင်ကိုယ်တိုင် ရာဇ၀င်ပြောင်မြောက်အောင် သီဆိုခဲ့သည်။ လေးဖြူက ဂျပန်ဖူကူအိုကာမြို့မှာ မြန်မာလူမျိုး၊ မြန်မာပြည်ကိုယ်စားပြု Own Tune အဖြစ် ဂုဏ်ယူစွာ သီဆိုခဲ့သည်။ ကျွန်တော် တို့တိုင်းပြည်၏ ဧရာဝတီမြစ် ဖြစ်ပါသည်။

'ရာဇ၀င်သစ်တို့မွေးဖွားရာ ရွှေရောင်နေ့သစ်များအတွက်

ရင်ခုန်သူတို့ရဲ့သီချင်းတွေ ပျိုမျစ်စိမ်းလန်းရေးအတွက် ယုံကြည်သူတွေအသက်နဲ့ ထုဆစ်ခဲ့တဲ့ အိပ်မက်များ ဧရာဝတီ
ရာဇ၀င်များရဲ့သတို့သမီး ငါတို့ရဲ့မိခင် ဧရာဝတီ
ငါတို့ရဲ့ဝိညာဉ် ဧရာဝတီ'

ညတစ်ညတွင် ထူးအိမ်သင်သည် ပုဂံရှိ ကန်တော့ပလ္လင် ဘုရားပေါ်မှ ဧရာဝတီမြစ်ကို စိတ်ဝင်တစား စူးစူးရဲရဲကြည့်နေမိသည်။ ဧရာဝတီမြစ်၏ တစ်ဖက်ကမ်း စက်ရုံဆီမှ မီးရောင်များ၊ ဧရာဝတီမြစ်ပြင်ပေါ်မှာ တလက်လက်တောက်ပနေသော အလင်း ရောင်များ၊ ဤဘက်ကမ်းတွင် ရှေးဟောင်းဘုရား မည်းမည်းများ၊ မြစ်၏တစ်ဖက်တွင် တောင်တန်းများ။

ဧရာဝတီမြစ်ဝှမ်းမှာ မြန်မာနိုင်ငံကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသော ရှေးမြန်မာတို့ကို သူအရမ်းအံ့သြ၊ အရမ်းကြည်ညို၊ အရမ်းလေးစားနေမိသည်။ ဧရာဝတီ၏ တောက်ပသော သမိုင်းကြောင်းကို သူ့ရင်ဘတ် ပေါက်ထွက်မတတ် ခံစားမိသည်။ ရှေ့ဆက်သွားမည့် သူ့မျော်လင့်ချက်တွေကို ဖြန့်ကြက်ခင်းကျင်းကြည့်မိသည်။

ပုဂံညမှရခဲ့သော ညဧရာဝတီ ဈာန်ဝင်စားမှုကို အိုအေစစ်စတူဒီယိုမှာ တစ်လလုံးလုံး စိတ်ရှည်လက်ရှည် မအိပ်မနေ ရေးဖွဲ့တော့သည်။ သူ့ရင်ထဲမှာ၊ သူ့သွေးထဲမှာ ဧရာဝတီမြစ်သည် အားကောင်းဟုန်ပြင်း စီးဆင်းနေ၏။ သီချင်းမပြီးမချင်း သူအိပ်မ ပြန်တော့ပါ။ သူ့စိတ်မှာ သူ့ကိုယ်မှာ သူ့သွေးမှာ ဧရာဝတီမှလွဲ၍ အခြား ဘာမှမရှိတော့ပါ။ သီချင်းမပြီးမချင်း သူမာန်မချပါ။ ကွမ်းတစ်ယာ၊ ရေတစ်မှုတ်ဖြင့် သူစိတ်လျော့ချလိုက်ခြင်း မလုပ်ပါ။ သူဖန်တီးသော 'ရာဇ၀င်များရဲ့သတို့သမီး' ကြားရတော့ မြန်မာပြည်သည် ကြက်သီးဖြန်းဖြန်း ထရပြီ။

'ဣနြေ္ဒကြီးမားလွန်းတဲ့ ဒီမြေမှာ တို့ရဲ့သွေးတွေ ဖြတ်သန်းရင်းနဲ့စီးဆင်း

သူဟာရာဇ၀င်များရဲ့ လျှို့ဝှက်ချက်တို့သိမ်းဆည်းထား ဧရာဝတီ
ရွှေအတိပြီးသော မြို့ပြများ အစဉ်အလာကြီးမားခဲ့ကြရာ ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ
ဒီမြေဟာတို့ရဲ့အမိမြေ ယဉ်ကျေးမှုရဲ့ နှလုံးသား ရှင်သန်စေသူတန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ ဧရာဝတီ'
ရာဇ၀င်များရဲ့သတို့သမီးကို ဖန်တီးခဲ့သော ထူးအိမ်သင်ကို ခင်ဗျား မေ့ပျောက်ပစ်နိုင်သလား။ ကွဲကြေကြယ်သို့ ချစ်ခြင်းအားဖြင့်...။ ဤစာမျက်နှာတွင် သူ့ကိုအမှတ်တရ ရှိရပြီ။
မူရင်း http://www.news-eleven.com/