Thursday, November 19, 2009

ဆိုရှယ်လစ်ခေတ်ပျက်လွန်ကာလရဲ့
ဂုတ်သွေးစုပ်ပင်းကူအိမ်
ဆွေနိုင်
ဆက်သွယ်ရေးနည်းပညာတွေ
ဖြန့်ကျက်ထားတဲ့
(Information)ခေတ်ရဲ့
ကွန်ယက်ထဲမှာ့ ။

ဒိုင်နမိုတွေ
အာလုပ်သံတဘောင်းဘောင်းနဲ့
စလောင်းဖုံးကနေ
အံကျလာတဲ့
အနံ့အသက်တွေ
အငွေ့တထောင်းထောင်း။

နမိတ်မရှိ နမာမရှိ
မနက်မိုးမလင်းသေးဘူး
ငှက်ဆိုးထိုးသံလို
တတိယလှိုင်းပုတ်သံ
ဝဲဂယက်ထဲမှာ
ခြေသုတ်ပုဆိုး
မြွေစွယ်ကျိုးလို
အပိုးကိုကျိုးလို့။

ပင်းကူအိမ်ထဲတိုး
တနေ့စာတဲမိုးသူ မိုး
မြို့တိုးသူ တိုး
ကော်ဖီဆိုင်ထဲသွား
ကျားထိုးသူထိုး
စိုးရိမ်စရာအခြေအနေတွေက
မြန်မာ့နည်း မြန်မာ့ဟန်
အသားကျချင်တိုင်းကျနေလေရဲ့ ။

စစ်ရေးအမြင်ရှိသူသာ
တိုင်းပြည်ကိုအုပ်ချုပ်ရမယ်ဆိုတဲ့
စစ်ဗိုလ် လူတန်းစားတွေရဲ့
စစ်ရေး မဟာဗျူဟာ
အခင်းအကျင်းက
တသားမွေး တသွေးလှ
မိန်းမလို လှပလို့။

ဆိုရှယ်လစ်
ခေတ်ပျက်လွန်ကာလ
ရာသီဥတုတွေ
ဖောက်လွဲ ဖောက်ပြန်ဖြစ်နေတဲ့
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့
ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ။

အထည်ကြီးပျက်တွေ
ဖောင်းပွသလောက်
အထည်ကြီးဖြစ်တွေလည်း
ဖောင်းပွတယ်
ဒုက္ခသယ်ပေါင်းစုံ
ချမ်းသာနေတဲ့ 
မြေလူး တိုင်းပြည်ကြီး။
နှစ်ချို့စစ်ပွဲတွေဖြစ်လို့
မိုးတွေကြီးလို့
လေတွေကြီးလို့
မဟာပထဝီမြေကြီးလှုပ်လို့
လူသေအလောင်းတွေ
မြင်မကောင်းရှုမကောင်း
တောထလို့ ။

ခေတ်သစ်ဓားပြတွေ
ကျောချမယ့့် 
နှစ်ထောင့်တဆယ်(၂၀၁၀)
ရွေးကောက်ပွဲဟာ
မိတ်ကပ်ပါးပါးလူးပြီး
သူ့ရုပ်ကို သူလှနေလေရဲ့။