Thursday, January 8, 2009

ဒေါက်တာလွမ်းဆွေဘလော့ဂ်မှ

အစိုးရများ … အစိုးရများ …စိုင်းအိမ်မွဲကာတွန်းဟန်လေးရဲ့ မြန်မာပြည်မှ အစိုးရများဆိုတဲ့ ကာတွန်းကို မြင်လိုက်ရတော့မှ သြော် … ဒို့ဗမာပြည်မှာ ဖွဲ့စည်းထားတဲ့ အစိုးရတွေ ကိုယ်ထင်တာထက် များနေပါလားဆိုပြီး ပိုလို့သိလိုက်ရပါတယ်။ ကာတွန်းဟန် လေး စာရင်းတို့ထားတဲ့ အစိုးရများကို အစဉ်လိုက်ကြည့်လိုက်တော့ …။ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီအစိုးရဟာ ဥပဒေလမ်းကြောင်းအရ အခုအထိ တရားဝင်သေးတယ်လို့ ပြောတဲ့သူ တွေ တယောက်စ နှစ်ယောက်စ ကျန်နေသေးတာကိုး။ တခါတခါ အီးမေးလ်တွေထဲမှာ တွေ့နေရပါသေး တယ်။ ငပွကြီး စစ်အစိုးရကတော့ မြန်မာပြည်မှာ အကြီးဆုံးအစိုးရအဖြစ် အလံထူနေပါသေးတယ်။ နောက် တော့ NCGUB လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် အဝေးရောက် ညွှန့်ပေါင်းအစိုးရကလည်း ရှိနေပါသေးတယ်။ နောက်တခုကတော့ ရှမ်းအစိုးရဆိုတာကိုလည်း တွေ့ရပါတယ်။ သူတို့ကလည်း မခေပါဘူး။ ရှမ်းပြည်နယ်များ သံအမတ်ကိုတောင် ဂျာမဏီမှာ သူ့တို့ဟာသူတို့ တဖက်သတ် ခန့်ထားခဲ့ဖူးပါတယ်။ ပြီးတော့ စစ်အင်အား နှစ် သောင်းကျော်ရှိတယ်ဆိုတဲ့ ၀အဖွဲ့ကလည်း အစိုးရဆိုတဲ့ အမည်နာမကို စတင်သုံးစွဲနေပါပြီ။ သူတို့ကတော့ ၀ပြည်ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဖွဲ့တဲ့အစိုးရလို့ ဆိုပါတယ်။ အပြီးသတ်လွတ်လပ်ရေးလို့ မပြောဘဲ ပြည် နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ပြောတာ နည်းနည်းတော့ တော်သေးတာပေါ့။ နောက်ဆုံးတခုကတော့ ပြည် ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ လို့ခေါ်တဲ့ NCUB ကဖွဲ့စည်းမယ့် အမျိုးသားညီညွှတ်ရေးအစိုးရဆို တာ ဖြစ်ပါတယ်။ သူတို့ကတော့ အစိုးရဖွဲ့မယ်လို့ နှစ်သစ်ကူးတုန်းက အတိအလင်း ကြေညာထားပါတယ်။သို့သော်လည်း MPU လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမတ်တဦးဖြစ် တဲ့ ခွန်မြင့်ထွန်းက NCUB ရဲ့ ကြေညာချက်ဟာ မှားယွင်းကြေညာမိတာသာဖြစ်ကြောင်း ဖုံးဖိရှာပါတယ်။ အ များက မညီမညွှတ်ဖြစ်နေတဲ့ အတိုက်ခံတွေလို့ ထင်မှာကို စိုးရိမ်ဟန်တူပါတယ်။ABSDF လို့ခေါ်တဲ့ ကျောင်းသားတပ်မတော်ရဲ့ တချိန်တုံးက ဥက္ကဌဟောင်းများဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ဒေါက်တာနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ရဲ့ သဘောထားတွေကိုလည်း အင်တာနက်စာမျက်နှာများမှာ ဖတ်ရပါ တယ်။ သူတို့အားလုံးရဲ့သဘောထားက ပြတ်ပြတ်သားသား မရှိလှပါဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲ သာမျိုးပြောတဲ့ မှတ်ချက်တွေပါပဲ။ ဒါ့အပြင် အစိုးရဖွဲ့မယ်ဆိုရင်တဲ့ လူထုကထောက်ခံပြီး ကျယ်ပြန့်တဲ့အစိုးရမျိုး ဖြစ်သင့်တယ်လို့ ဆိုပါသေးတယ်။ အဲသလိုကျယ်ပြန့်ဖို့ ၁၉၆၂၊ ၁၉၇၄ နဲ့ ၁၉၈၈ မျိုးဆက်တွေကိုလည်း အစိုးရ အဖွဲ့ထဲပါဖို့ ဖိတ်ကြားသင့်တယ်လို့ ထောက်ပြပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဖူး။ ပြည်ပ ရောက် အသိပညာရှင် အတတ်ပညာရှင်များလည်း ပါဝင်သင့်တယ်လို့ ဆိုပါသေးတယ်။ အမတ်မဟုတ်သော် လည်း လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်များကိုလည်း ထည့်သွင်းဖို့အတွက်ပါ ထပ်ဆင့်အကြံပေးထားပါသေးတယ်။၁၉၉၆ မျိုးဆက်ကျောင်းသားများ စာရင်းထဲမပါတဲ့အတွက် ၉၆ မျိုးဆက်တွေ ခံစားချက်ကောင်းမယ့် သဘော မရှိပါ။ အမျိုးသမီးခေါင်းဆောင်ထုကို အစိုးရအဖွဲ့အတွင်းမှာပါဝင်ဖို့ တိတိလင်းလင်း ပြောမထားတဲ့အတွက် အမျိုးသမီးအဖွဲ့အစည်းများရဲ့ ဆန့်ကျင်မှုကိုလည်း ခံရနိုင်ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေက ပါလီမန်ဖွဲ့ စည်းပုံမှာ အလိုအလျောက် အမျိုးသမီးကိုယ်စားလှယ် ၃၀% ပါရမယ်လို့ တနှစ်လောက်တုန်းက ကျင်းပခဲ့တဲ့ NCUB ဖွဲ့စည်းပုံအခြေခံဥပဒေ အစည်းအဝေးမှာ တောင်းဆိုဖူးတာကို သတိရလို့ ဖြစ်ပါတယ်။ နောက်တချက် အနေနဲ့ တင်ပြရရင် ဘုန်းတော်ကြီးတွေလည်း အစိုးရအသစ်ဖွဲ့စည်းပုံမှာ ပါသင့်တာပေါ့။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဆိုတာ သံဃာတော်တွေ ဦးဆောင်ခဲ့တာပဲ မဟုတ်လား။ ယခုသီရိလင်္ကာနိုင်ငံမှာဆိုရင် ဘုန်း တော်ကြီး ပါလီမန်အမတ်တွေ ရှိနေကြပါပြီ။ABSDF ဥက္ကဌဟောင်း သုံးဦးက ပြတ်ပြတ်သားသားမရှိလို့ လက်ရှိ ABSDF ခေါင်းဆောင်ပိုင်းက ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာပြောမလဲဆိုတာ နားစွင့်ကြည့်တော့ အခုအထိ ဘာမှ လူသိရှင်ကြား တိတိလင်းလင်း ပြော ကြားခြင်း မပြုသေးပါဘူး။ ခွပ်ဒေါင်းတွေ … ခွပ်ဒေါင်းတွေ။ ယိုးဒယားလိုပြောရရင် ခွပ်ဒေါင်းတွေ ပိုင်းနိုင်အ လိုင် (ဘယ်လဲဘာလဲ) လို့ မေးရပါတော့မယ်။ အင်း … အဲသလိုသွားမေးမှ သူတို့က ကျနော်တို့ကတော့ ကွာ ကွာမားမား (သွားသွားလာလာ) ပါပဲလို့ ရှမ်းလိုပြန်ဖြေလိုက်မှ တောမေးတောင်မေး မေးနေတဲ့ စိုင်းအိမ်မွဲတို့ ဂွကျဦးမယ်။ ခွပ်ဒေါင်းတွေ ခွဒေါင်းဖြစ်မှာကိုတော့ စိုးရိမ်မိပါတယ်။WLB လို့ခေါ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်ကလည်း အစိုးရအသစ်ဖွဲ့မယ်ဆိုတဲ့အပေါ်မှာ အခုအထိ ဘာ သံမှမထွက်သေးပါဖူး။ သူတို့အဆိုတင်ထားတဲ့ ၃၀% နဲ့များ ပတ်သက်နေလို့လားတော့မသိ။ ဒါ့အပြင် တချိန် တုန်းက မြန်မာနိုင်ငံမှာ ဒုတိယအင်အားအကြီးဆုံးပါတီလို့ လူသိများခဲ့တဲ့ လူ့ဘောင်သစ်ပါတီလည်း ငြိမ်ချက် သားကောင်းနေပါတယ်။နောက်ပြီးတော့ ENC လို့ခေါ်တဲ့ တိုင်းရင်းသားတပ်ပေါင်းစုဖက်ကလည်း အစိုးရအသစ်ဖွဲ့မယ်ဆိုတဲ့ ကိစ္စကို သူတို့ဘယ်လိုသဘောထားကြောင်း မသိရသေးပါဘူး။ သူတို့ထဲက တချို့တလေများ ဒီကိစ္စကို ကြိတ်ပြီးသ ဘောတူနေကြသလားလို့ တောင်တောင်အီအီလည်း တွေးမိပါရဲ့။ သို့သော်လည်း သူတို့အထဲက မင်းမျိုးမင်း နွယ် တိုင်းရင်းသားခေါင်းဆောင်တယောက်က ဒီကိစ္စကို အစောကြီးကတည်းက သဘောမတူဘူးလို့ အသံ ထွက်နေတာ ကြားရပါတယ်။ အစိုးရသစ်ဖွဲ့တာကို ထောက်ခံခြင်း မထောက်ခံခြင်းအပေါ် မူတည်ပြီး တိုင်းရင်း သားတပ်ပေါင်းစုလည်း မကွဲမပြဲကြပါစေနဲ့လို့ ဆုတောင်းပါရဲ့။ တိုင်းရင်းသားတွေ ကွဲတာပြဲတာလည်း သမိုင်း မှာရှိခဲ့တာ မနည်းလှပါဖူး။ မြန်မာဘုရင်တွေခေတ်ကတည်းက အနိုင်ယူလိုသူ ရှမ်းခေါင်းဆောင်က မြန်မာဘု ရင်ရဲ့ စစ်တပ်ကို ခေါ်လာပြီး ရှမ်းအချင်းချင်း နှိမ်နင်းတိုက်ခိုက်တာတွေ ရှိခဲ့ဖူးတာကိုး။ဒီလိုသတင်းတွေပေါ်လာပြီးနောက်တော့ NCUB အတွင်းမှာထဲထဲဝင်ဝင်ရှိတဲ့ ဇင်းမယ်အခြေစိုက် ပုဂ္ဂိုလ်တဦး ကို မေးမြန်းကြည့်တော့ သူကဒီလိုပြောပြပါတယ်။ NCUB တပ်ပေါင်းစုမှာ အဖွဲ့ဝင်အဖွဲ့အစည်း နှစ်ဆယ်ကျော် သုံးဆယ် ရှိပါတယ်တဲ့။ အစိုးရအသစ်ဖွဲ့မယ်ဆိုတဲ့ မူပေါ်လစီကို တပ်ပေါင်းစုဝင် အဖွဲ့ဝင်အများစုက သဘောမ တူဘူးလို့ မနှစ်ကလုပ်တဲ့ အစည်းအဝေးမှာ သဘောထားပေးပြီးသားပါတဲ့။ အဲတာကိုကျော်လွန်ပြီး အများက သဘောမတူထားတဲ့ကိစ္စကိုချိုးဖေါက်ပြီး အခုနှစ်သစ်ကူးမှာ ဒီလိုကြေညာချက်မျိုးထွက်လာတာပါတဲ့။ ကောင်း ကြသေးရဲလား။ အခုကတည်းက ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်နေရင် နောင်အစိုးရအသစ်ကြီး ပေါ်လာ တော့လည်း ဘာများထူးဦးမှာလဲ။နောက်ဆုံးပြည်တွင်းကရတဲ့ သတင်းလေးတခုနဲ့ နိဂုံးချုပ်ပါရစေ။ ၂၀၁၀ ရွေးကောက်ပွဲမှာ အရွေးခံရလို့ ဖြစ် လာမယ့် ပြည်သူ့ကိုယ်စားလှယ်အမတ်မင်း အသစ်စက်စက်များကလည်း သူတို့တွက်ချက်ထားသလို နိုင်ငံရေး ရာသီဥတုမျိုး ဖြစ်ထွန်းမလာလို့ကတော့ တောခိုပြီး အဝေးရောက်အစိုးရတခု ထောင်မယ်လို့ သတင်းထွက်နေ ကြောင်းပါ။နောင်မှာ မြန်မာနိုင်ငံအစိုးရများဆိုင်ရာသမဂ္ဂကြီးဖွဲ့ဖို့ အခွင့်အလမ်းများ သာကြပါစေ။
စိုင်းအိမ်မွဲ (ကာတွန်းပုံကို ဧရာဝတီဝက်ဘ်ဆိုက်မှ ယူပါသည်)