Monday, March 4, 2013

မိတ်ဆွေစစ် (ရေး-အောင်ဆန်းစုကြည်)

မိတ်ဆွေစစ် (ရေး-အောင်ဆန်းစုကြည်)

အပြင်ပန်းအားဖြင့် သံမဏိစိတ်ဓာတ်ရှိပုံရတဲ့သူတွေဟာ မြန်မာ့နွေခေါင်ခေါင် အပူဒဏ်ထဲမှာ ဖယောင်းလိုပျော့ခွေကုန်ပါတယ်။ စိတ်ဓာတ်ကလွဲပြီး အမှီသဟဲပြုစရာမှန်သမျှ ချွတ်ခြုံကျအောင်လုပ်တာခံရသူ ဟာ အောက်တန်းကို ဘယ်လောက်ကျအောင် ဆင်းနိုင်သလဲဆိုတာသာမက အထက်တန်းကိုဘယ်လောက်မြင့်အောင် တက်နိုင်သလဲဆိုတာဆိုတာပါ အကဲစမ်းခံနေရသူဖြစ်ပါတယ်။

ပျော့ညံ့တဲ့အသွင်သဏ္ဍာန်ရှိ...တဲ့သူကလည်း စိတ်ဓာတ်ခိုင်မာတဲ့ အရည်အချင်းကို ပြသလာတတ်ပါတယ်။ ပေါ့ပေါ့နေပေါ့ပေါ့စားနေထိုင်တတ်သူကလည်း ကိုယ်ကျိုးစွန့်နိုင်တဲ့စွမ်းရည်နဲ့ တည်ကြည်ဖြောင့်မတ်နိုင်တဲ့ စွမ်းရည်ကို အခိုင်အမာပြလာတတ်ပါတယ်။

ဘာသိဘာသာနိုင်လှပါတယ်လို့ ထင်ရသူကလည်း ဂရုတစိုက်ပြုစုစောင့်ရှောက်တတ်တဲ့ သူနာပြုဆရာမတစ်ဦးက ခန္ဓာကိုယ် ထိခိုက်နာကျင်နေတဲ့သူတွေ၊ စိတ်ဝေဒနာထိခိုက် ခံစားနေရသူတွေ ကို သေသေချာချာပြုစုသလို နွေးထွေးစွာ သနားကြင်နာမှုရဲ့ပြယုဂ်ကို မမျှော်လင့်ဘဲနဲ့ ပြသတတ်ပါတယ်။

လောကဓံအခက်အခဲရဲ့ ၀င်းထိန်တဲ့အလင်းရောင်အောက်မှာ လူ့စရိုက်အရောင်အသွေးပေါင်းစုံဟာ ပေါ်လွင်လာပါတယ်။ လူတွေရဲ့ ပင်ကိုစရိုက် အထူးသဖြင့် သင့်ရဲ့မိတ်ဆွေပါဆိုသူတွေရဲ့ ပင်ကိုစရိုက်ဟာ ပေါ်လွင်လာပါတယ်။

လောကဓံအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ ဟာ တကယ့်ကိုများပြားလှပါတယ်။ အဲဒီအထဲမှာ တန်ဖိုးအရှိဆုံးကတော့ ကျွန်မတို့နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လူသိနည်းသေးတဲ့ အကြောင်းအရာတွေကို စူးစမ်းလေ့လာဖို့ တခြားမှာ အခွင့်အရေးတွေပေးခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ညှင်းပန်းမှုဒဏ်ကို လှလှကြီးခံခဲ့ရတဲ့ ကျွန်မတို့တစ်တွေရဲ့ အတွေ့အကြုံဟာ အခါခပ်သိမ်း သက်သောင့်သက်သာရှိတာမဟုတ်ပေမယ့် အင်မတန်ကြွယ်ဝတဲ့အတွေ့အကြုံပါ။ တရားမျှတမှုကင်းမဲ့ခြင်းနဲ့ ရက်စက်ကြမ်းတမ်းခြင်းဆိုတာတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ ၀တ္ထုဇာတ်လမ်းထဲမှာ ပါတတ်တာမျိုးအဖြစ်ကနေ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အန္တရာယ်မျိုးအဖြစ်ကို ပြောင်းလဲကုန်ပါတယ်။

လေးစားဂုဏ်ယူဖွယ်ရာအပြုအမူနဲ့ ဆိုးသွမ်းကြမ်းတမ်းတဲ့အပြုအမူ၊ သူရဲဘောကြောင်တာနဲ့ သူရဲကောင်းဆန်တာတွေဟာ တစ်ခါတုန်းက ကဗျာအတွေးတွေ၊ အယူအဆတွေဖြစ်ခဲ့ပေမယ့်လည်း အခုနေအခါမှာတော့ သာမန်ဖြစ်ပျက်နေတဲ့အရာတွေဖြစ်လာကာ ကဗျာရှည်ကြီးတွေမှာ ဖွဲ့နွဲ့တတ်တဲ့အဖြစ်အပျက်တွေဟာ နေ့စဉ်ကြုံတွေ့ရတဲ့ဘ၀ဖြစ်နေပါတယ်။

လိမ်လည်လှည့်ဖျားခြင်းနဲ့ သစ္စာဖောက်ခြင်းဟာ စိတ်ကူးကောင်းတဲ့စာရေးဆရာတွေရဲ့ ကွက်ကွက်ကွင်းကွင်း ဖန်တီးရေးသားချက်မျှသာ မဟုတ်တော့ဘဲနဲ့ ကိုယ်ရဲ့ခင်မင်မှုကို ခံစားခဲ့တဲ့၊ ကိုယ်ရဲ့မေတ္တာစေတနာကို စိတ်တိုင်းကျသုံးဆောင်ခဲ့တဲ့ မိသားစုတွေရဲ့ အဆောင်အယောင်ဖြစ်လာပါတယ်။

Judas ရဲ့အနမ်းဆိုတာ တင်စားချက်မဟုတ်တော့ပါဘူး။ မိတ်ဆွေမပီသတဲ့ သစ္စာသွေဖည်မှုကြီး ကိုယ့်ပါးပြင်ပေါ်ကို လာလာပြီး ထိပါးနေတာပါ။ ယုံကြည်လေးစားခဲ့ရတဲ့သူတွေ ဟာလည်း သူများတကာကို လိမ်လည်ဖို့လုပ်တာနဲ့ သူတို့ကိုယ်သူတို့ အတိုင်းမသိ လိမ်လည်နိုင်စွမ်းရှိပုံကို ပြသနေကြပါတယ်။

သင် နာမကျန်းဖြစ်နေတဲ့အချိန်၊ မပြည့်စုံနေတဲ့အချိန်၊ ဒါမှမဟုတ် အခက်အခဲတွေ့နေတဲ့အချိန်မျိုးမှာ၊ သင် ရန်သူရဲ့ ဖမ်းဆီးမှုခံရတဲ့အခါမျိုးမှာ၊ ဘုရင့်ရှေ့မှောက်ဝင်ရမယ့်အချိန်မျိုးမှာ၊ ဒါမှမဟုတ် အလောင်းကောင် ဘ၀ရောက်တဲ့အခါမျိုးမှာ သင့်အပေါ် သစ္စာရှိတဲ့မိတ်ဆွေဟာ တကယ့်ကို စစ်မှန်တဲ့မိတ်ဆွေဖြစ်ပါတယ်