Friday, February 8, 2013

လူငယ်နှင့် နိုင်ငံရေးအမြင်ဆရာနေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

လူငယ်နှင့် နိုင်ငံရေးအမြင်
ဆရာနေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
 
ဒီတစ်လတော့ ဖူးငုံ စာဖတ် ပရိသတ်ကြီး အတွက် လူငယ် စာရေးဆရာ တစ်ယောက်နဲ့ မိတ်ဆက် ပေးချင် ပါတယ်။
ပုံနှိပ် မီဒီယာ တွေမှာ ၀တ္ထုတိုများ ရေးသား နေသလို၊ အွန်လိုင်း မီဒီယာ မှာလည်း ဘလော့ဂါ တစ်ယောက် အဖြစ် လူသိများ အောင်မြင် နေတဲ့ သူပါ။ လူငယ်တို့ရဲ့ ပင်ကို စိတ်ခံ အတိုင်း ဖိရင်ကြွတယ်။ ထိရင် ချမယ်ဆိုတဲ့ စိတ်တွေနဲ့လုပ်သင့်တယ် ထင်တဲ့ အရာတွေကို ၀င်ကူ လုပ်ပေးရင်း နိုင်ငံတော် ဧည့်သည် အဖြစ်နဲ့လည်း နေခဲ့ဖူးသူ တစ်ယောက်ပါ။ လူငယ် တစ်ယောက်ရဲ့ တာဝန် သိတတ်မှု တစ်ခု အတွက် ပခုံးပြောင်း တာဝန် ၀င်ယူရင်း ပခုံးပွန်းပြီး ပေးဆပ် နေထိုင်ခဲ့ ရတဲ့ ကာလ တစ်ခုက သူ့အတွက် အသားမာ တက်ပြီး အရည်အသွေးတွေ ပိုတိုးလာ နေသလိုပါပဲ။ဒီတစ်ပတ် ကျွန်မ ရွေးချယ် ထားတဲ့ ခေါင်းစဉ်က သူနဲ့သာ အလိုက်ဖက် ဆုံးမို့ သူ့ကို ရွေးချယ်ပြီး အကူအညီ တောင်းခဲ့ ရတာပါ။ သူကတော့ ဘလော့ဂါ ဆရာ နေဘုန်းလတ် ဖြစ်ပါတယ်။ လူငယ်နဲ့ နိုင်ငံရေး အမြင်ကို ဆရာ နေဘုန်းလတ်ကို မေးကြည့်တဲ့ အခါ မှာတော့-

“တစ်ခေတ် တစ်ခါက နိုင်ငံရေး အကြောင်း ပြောမိတာနဲ့ ဆွဲခေါ် ထောင်ချ ခံရတဲ့ အနေအထား ကနေ လူငယ်တွေ တော်တော် များများ နိုင်ငံရေးကို စိတ်ပါ ၀င်စား လာကြပြီး နိုင်ငံရေး ဆိုတာ မတို့မထိ ကောင်းတဲ့ အရာဆိုတဲ့ အမြင်တွေ တဖြည်းဖြည်း ပါးလျ လာတာဟာ တိုင်းပြည်ရဲ့ အနာဂတ် အတွက် အားတက်စရာ ကိစ္စ တစ်ခုပါ။ တစ်ချိန် တစ်ခါက ဆိုရင် လူငယ် တစ်ယောက် အနေနဲ့ နိုင်ငံရေးက လွဲရင် အခြားကြိုက်တာ အကုန်လုပ် အားလုံး အတွက် လမ်းဖွင့် ပေးထား တယ်ဆိုသလိုပဲ။ အရက် သောက်မလား။ တစ်လုံး နှစ်လုံး သုံးလုံးတွေ လောင်းမလား။ မိန်းမ လိုက်မလား။ ဘိန်းရှူ မလား။ အပျော်အပါး လိုက်စားမလား စသည်ဖြင့် လူငယ်တွေ နိုင်ငံရေး မလုပ်ရင် ပြီးရော အခြား ပျက်စီးရာ ပျက်စီး ကြောင်းလမ်းစ တွေက သိပ်ကို များလွန်း ခဲ့ပါတယ်။ အခုတော့ အဲဒီ့ အခြေအနေ တစ်ခုကို လွန်မြောက်ပြီး လူငယ်တွေ အနေနဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက်၊ နိုင်ငံ အတွက် အလုပ်လုပ် ချင်တယ် ဆိုရင် ၀င်ရောက် လုပ်ကိုင် နိုင်တဲ့ လမ်းစတွေ ပွင့်လာပြီလို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး ပွင့်လင်း လာတဲ့ အခြေအနေ တစ်ခုမှာ လူငယ်တွေရဲ့ စိတ်ဝင်စားမှု အပိုင်း၊ စိတ်အား ထက်သန်မှု အပိုင်းတွေကို လေ့လာ ဆန်းစစ်ကြည့်တဲ့ အခါ အားရ ကျေနပ် ဖွယ်ရာတွေ တွေ့ရ သလိုပဲ၊ အားမလို အားမရ ဖြစ်ရတာတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်ရတာ တွေကိုပါ ယှဉ်တွဲပြီး တွေ့လာ ရပါတယ်။

အားရ ကျေနပ်ဖွယ် ကောင်းတာ၊ လူငယ်တွေ ၀င်ကစား ခွင့်ရှိတဲ့ ကစားကွင်းတွေ၊ ကစားပွဲတွေ ရှိလာခြင်းနဲ့ ခြေစွမ်းပြ ချင်နေတဲ့ လူငယ် ခြေတက်တွေ ပေါ်လာ ခြင်းပါပဲ။ တစ်ခု ရှိတာက လူငယ်တွေဟာ ကျရာ နေရာမှာ ကြုံသလို ၀င်ကစား နေကြ ရတယ် ဆိုပေမဲ့ အများစုက သေချာ လေ့ကျင့် ပျိုးထောင် ပေးထားတဲ့ Well-trained person တွေ မဟုတ်ကြဘူး ဆိုတာပါ။ အဲဒီ့တော့ အလုပ်လုပ်ရင်း သင်ယူ၊ သင်ယူရင်း အလုပ်လုပ် ဆိုတဲ့ အနေအထား တစ်ခုမှာ အမှား အယွင်းတွေ၊ လိုအပ်ချက်တွေ၊ မပြည့်စုံ မှုတွေ မလွှဲမရှောင် သာဘဲ ရှိလာ ပါတယ်။ ဒါပေမဲ့ ဒီလို အခြေ အနေမျိုးကို ကျွန်တော် ကတော့ ကျေနပ်ပါတယ်။ လူငယ်တွေ ဘာမှ မလုပ်ကြလို့ ဘာမှ မမှားကြ တာထက် လူငယ်တွေ လုပ်ရင်း ကိုင်ရင်းမှား ရင်း ပြင်ရင်း တဖြည်းဖြည်းနဲ့အရည်အသွေး တွေ တိုးတက် မြင့်မား လာကြတဲ့ အနေ အထားက ပိုကောင်းပါတယ်။ လူငယ်တွေ အနေနဲ့ သင်ယူ ဖြည့်ဆည်းမှုကို အမြဲမပြတ် လုပ်နေပြီး မိမိ ကိုယ်ကို အချိန်နဲ့အမျှထက် မြသထက် ထက်မြအောင် သွေး နေဖို့တော့ လိုအပ် ပါလိမ့်မယ်။ ကုန်ပစ္စည်း တစ်ခုခုက သူ့ရဲ့ ကုန်အမှတ် တံဆိပ် Brand ကို လူကြိုက် အောင်၊ လူသိများအောင် လုပ်ပြီး အဲဒီ့ အမှတ်တံဆိပ် တစ်ခု ရေရှည် တည်တံ့ဖို့ အတွက် အရည်အသွေး ထိန်းသိမ်းခြင်း (Quality Control) လုပ်ရ သလိုပါပဲ။ လူငယ်တွေ အနေနဲ့လဲ မိမိရဲ့ အမှတ် လက္ခဏာ တစ်ခုဖြစ်တဲ့ မိမိရဲ့ နာမည်ကို လူတွေကြားမှာ ကောင်းသော ဂုဏ်သတင်း မျိုးနဲ့ အသိအမှတ် ပြုလာအောင် ကြိုးစား ရမှာ ဖြစ်သလို လူအများက ပေးတဲ့ နေရာ တစ်ခု ရလာပြီ ဆိုရင်လည်း ကိုယ့်ရဲ့ အမှတ် လက္ခဏာရဲ့ အရည် အသွေးကို ကျမသွားအောင် မိမိကိုယ်ကို အရည်အသွေး ထိန်းသိမ်းခြင်း၊ အရည်အသွေး မြှင့်တင်ခြင်း ကိစ္စတွေ ကိုလည်း ဂရုတစိုက် ဆက်လက် လုပ်ကိုင် ကြရမှာ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အားမလို အားမရ ဖြစ်ရတယ် ဆိုတာက အဲဒီ့ အပိုင်းမှာပါ။ အချို့သော လူငယ် တွေဟာ မိမိတို့ရဲ့ အရည် အသွေးတွေ၊ အစွမ်းအစ တွေကို ဖြည့်ဆည်းမြှင့် တင်ကြဖို့ ကိစ္စကို စိတ်မ၀င် စားကြဘဲ ရေလိုက်လွဲ နေကြတာ ကို တွေ့နေ ရလို့ ပါ။ ဗိုလ်ချုပ် စကားနဲ့ပြောရရင် တလွဲ ဆံပင်ကောင်း နေကြတာ မျိုးပေါ့။ လူငယ် တွေဟာ သဘာဝအရကို စွမ်းအား ရှိကြသူ တွေပါ။ ဒါပေမဲ့ အဲဒီ့ စွမ်းအား တွေကို ဘယ်လိုနေရာမှာ သုံးမလဲ ဆိုတဲ့ ကိစ္စမှာ လွဲချော်မှု တွေ ရှိလာပါတယ်။ လူငယ် တွေရဲ့ အင်အားကို တလွဲ အသုံးချ ချင်ကြသူ တွေကလည်း ရှိနေတော့ကာ မလိုအပ်ဘဲ အားအင် ပြုန်းတီးမှု တွေဖြစ်ရတာ လူငယ်တွေ အတွက်ရော၊ တိုင်းပြည် အတွက်ပါ မကောင်းပါဘူး။ စိတ်ပျက် လက်ပျက် ဖြစ်ရတယ် ဆိုတာက လည်း အဲဒီ့ကိစ္စနဲ့ ဆက်စပ် နေပါတယ်။ လူငယ်တွေရဲ့ အင်အား (Strength) နဲ့ အားနည်းချက် (Weakness) တွေကို ပါးပါးနပ်နပ် အသုံး ချပြီး ကိုယ့်ရဲ့အောင် မြင်မှုအတွက် အသုံးချ ချင်သူတွေ ရှိနေလို့ပါပဲ။
 
ဘယ်လို အကြောင်းခြင်း ရာတွေ ရှိနေ ပေမဲ့လည်း ကျွန်တော် ရေးခဲ့ဖူးတဲ့ ကဗျာလေးထဲ ကလိုပါပဲ လူငယ်ဆိုတာ သမိုင်းရဲ့ အချိုး အကွေ့ တွေတိုင်းမှာ ဘယ်သော အခါမှ မတွေဝေ မတုံ့ဆိုင်း ခဲ့တဲ့သူ၊ လူငယ်ဆိုတာ ခေတ်ရဲ့ အဆိုး အကောင်းတွေ ထဲမှာ ဘယ်တော့မှ ယိမ်းယိုင် ပြောင်းလဲ မသွားတတ်သူ၊ လူငယ် ဆိုတာ လိုအပ်ရင် လိုအပ် တဲ့အချိန်တိုင်း အတွက် အမြဲ အဆင်သင့် ရှိနေတတ် တဲ့သူ၊ ကြယ်အစင်းအစင်း ကြွေခဲ့ ကြဖူး ပေမဲ့ ကြယ်အစင်းစင်း ဝေမြဲဝေဆဲ ကောင်းကင် လူငယ်ဆိုတာ အမှောင်ထု တိုင်းကို အန်တု ဆန့်ကျင်မဲ့ ခေတ်တိုင်းရဲ့ အလင်း စွမ်းအင် ဖြစ်တယ်။ လူငယ်တွေ နိုင်ငံရေး ထဲမှာ ပါဝင် ကြရမယ်။ နိုင်ငံရေး စိတ်ဓာတ်ကို မျိုးဆက် အဆင့်ဆင့် လက်ဆင့် ကမ်းရင်းနဲ့ ကျွန်တော် တို့ အားလုံးရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ပြည့်ဝအောင် ကြိုးစား ကြရမယ်” လို့ ဆရာ နေဘုန်းလတ်က အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြ ခဲ့ပါတယ်။

နောင်တစ်ပတ် တွေမှာလည်း လူငယ်စာရေး ဆရာ တွေရဲ့အသံကိုဆက် လက် တင်ဆက်ပေး သွား မှာဖြစ်ပါတယ်။စောင့်မျှော် ဖတ်ရှု ပေးကြပါဦး။ ဒီတစ်ပတ် Writer’s Voice ကဏ္ဍလေးကို ကျေနပ် နှစ်သက် ကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။

ခင်သန္တာ
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)