Wednesday, December 7, 2011

ဆောင်းနှင်းကြားက မြေစာပင်များ(Written by ဖြူနု၊ ဇေ၀င်းနောင်)

ဆောင်းနှင်းကြားက မြေစာပင်များ(Written by ဖြူနု၊ ဇေ၀င်းနောင်)

တစ်ဆောင်းသစ်ခဲ့ပြန်လေပြီ။ အေးမြမှုနှင့်အတူ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာမည့် ဆောင်းဟု မျှော်လင့်ရပါသော ကာလသို့ဝင်ခဲ့ ပြီဖြစ်ပါသည်။


ဒီဇင်ဘာတွင်တော့ မြန်မာနိုင်ငံတစ်ဝန်း ဆောင်း၏အငွေ့အသက်၊ ဆောင်း၏သရုပ်သကန်သည် တဖြည်းဖြည်း ပီပြင်လာသည်။ မြန်မာပြည်၏ အအေးမြဆုံး အရပ်တစ်ခုဖြစ်သော မြန်မာပြည်မြောက်ပိုင်းတွင်လည်း ခိုက်ခိုက်တုန်အောင်ချမ်းသော ကာလသို့ ရောက်ခဲ့ပြီဖြစ်သည်။အပြင်ပန်းရာသီဥတုက အေးမြလှပါသည်။ သို့ပေမယ့် ရာသီဥတုနှင့် ပြောင်းပြန်အချိုးကျနေသော ပူလောင်နေသော ရင်ခွင်အစုံအစုံတို့ အကြောင်းကိုတော့ မသိကျိုးကျွံ ဖြစ်နေမိခဲ့ကြပါသည်။

ကချင်တောင်တန်းများပေါ်တွင် ဆောင်း၏ အရိပ်အယောင်များဖြစ်သော မြူနှင်းများ လွှမ်းမိုးနေပြီဖြစ်သည်။ မြူနှင်းများအကြားတွင် စိမ်းမြရိပ်ညိုသော တောတန်းများ။ အဝေးမှ လှမ်းမျော်ကြည့်လျှင်တော့ တိတ်ဆိတ် ငြိမ်သက်နေသည်ဟု မြင်ကောင်းမြင်ရနိုင်သည်။ သို့သော် အသေအချာကြည့်မြင်တတ်မည်ဆိုလျှင်တော့ ခိုကိုးရာမဲ့သော ဘ၀များစွာသည် ရှင်သန်ခွင့်အတွက် ကူကယ်ရာ အားကိုးတကြီး ရှာနေကြသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။

''အခု နဂိုရှိပြီးသား ကယ်ဆယ်ရေးစခန်းတွေအပြင် အခုရက်ပိုင်းမှ စခန်းသစ်တွေ ထပ်ပေါ်လာတယ်။ တောထဲမှာ စခန်းသစ်တွေ ပေါ်လာတာပေါ့။ စခန်းနဲ့ လူဦးရေက မမျှဘူး။ တချို့စခန်းတွေက ဖက်နဲ့ပဲ တဲလုပ်ပြီးနေရ တယ်။ တချို့က အမိုးအကာမရှိဘူး'' ဗန်းမော်ခရိုင်အတွင်း တောတွင်းစခန်းများတွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသော ကချင်တိုင်းရင်းသားတစ်ဦးက ပြောပြခဲ့ခြင်းဖြစ်ပါသည်။ မိုးရာသီအ၀င် ဇွန်လကစခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဗန်းမော်ခရိုင်မှ စခဲ့သည်။ နောက်တော့ မြစ်ကြီးနား၊ ၀ိုင်းမော်...။
ကချင်ပြည်နယ်သည် ပုံမှန်အားဖြင့် မိုးရာသီကာလများမှာ နေ့စဉ်ရက်ဆက်လို မိုးရွာတတ်သော ဒေသတစ်ခုဖြစ်သည်။ သည်နှစ်လည်း မိုးကစွေနိုင်အားဆဲ။ ဒေသခံတိုင်းရင်းသားတို့သည် မိုးရေစက်များအကြားတွင်ပင် အိမ်ငယ်များကို စွန့်ခွာခဲ့ကြလေသည်။ စစ်က သူတို့နှင့် သိပ်အလှမ်းမကွာတော့ဘူး မဟုတ်လား။ သေနတ်သံ၊ မိုင်းကွဲသံများကို မကြားရသည်မှာ နှစ်အချို့ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုတော့ ကြားခဲ့ကြရပြီ။ ဘာအတွက်ကြောင့်ဆိုသည်ကို စိတ်ဝင်စားဖို့ထက် သူတို့ဘ၀အရေးကို လတ်တလော ဘယ်လိုဖြေရှင်းရမည်ကိုသာ စဉ်းစားခဲ့ကြရသည်။ အဖြေကား တစ်ခုတည်းသာ။ အိမ်ကိုစွန့်ခွာဖို့ဟူသော အဖြေကိုသာ သူတို့ရကြသည်။

သည်လိုနှင့် သက်ကြီးရွယ်အိုများ၊ ကလေးများအပါအ၀င် ကချင်၊ ရှမ်းဗမာတိုင်းရင်းသားများ စသည့် ဒေသခံတို့သည် အေးချမ်းမြဲဖြစ်ခဲ့သော ကျေးရွာငယ်တို့ကို စွန့်ခွာလာရသည်။ ကလေးတို့သည် စာသင်ဆဲဖြစ်သော ကျောင်းများကို ချန်ထားခဲ့ကြသည်။ မိဘတို့ကတော့ စိုက်ပျိုးဆဲမြေများ၊ အပင်များကို စွန့်ခွာခဲ့ကြသည်။ သည်နေရာကို သူတို့မကြာမီ ပြန်ရောက်နိုင်မည်ဟူသော ယုံကြည်မှုများကို ရင်တွင်ပိုက်လျှက်။ သို့သော် ယခုတော့ မိုးကုန်သည်မှာကြာခဲ့ပြီ။ ဆောင်းပင်ဝင်ခဲ့ပြီ။ ကောက်ရိတ်သိမ်းသည့် ရာသီရောက်လျှင် ပြုလုပ်မြဲဖြစ်သော ကောက်သစ်စားပွဲတို့သည်လည်း အသံတိတ်ဆိတ်ခဲ့ရပြီ။ အိမ်အပြန်လမ်းများကလည်း ဝေးသည်ထက် ဝေးခဲ့ရပြီ။

ကချင်ပြည်နယ်အကြောင်းကို ပြောပြီဆိုလျှင် မြစ်ကြီးနားကို ပြေးမြင်တတ်ကြသည်။ သို့သော် တကယ်တမ်းမှာတော့ ကယ်ဆယ်ရေးစခန်း အများစုရှိရာ၊ အဓိက သက်ရောက်ခံစားရာ ဒေသသည် ကချင်ပြည်နယ်၏ တောင်ပိုင်းမှာရှိ လေသည်။ ဗန်းမော်၊ မိုးမောက်မြို့ နယ်များ၊ အဓိကအားဖြင့်တော့ ဗန်းမော်ခရိုင်အတွင်းမှာ ကယ်ဆယ်ရေးစခန်းများသည် နဂိုရှိပြီးသားအပြင် အသစ်အသစ်ပင် ပေါ်ပေါက်လာနေကြဆဲ။

ဘုန်းတော်ကြီးကျောင်းများ၊ ကက်သလစ် အသင်းတော်များ၊ နှစ်ခြင်း အသင်းတော်များမှသည် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့သူများ စုဝေးမိကြသည့် တောတွင်းတစ်နေရာအထိ စခန်းတို့သည် စုပြုံကျပ်ညပ်နေပေပြီ။

ကယ်ဆယ်ရေးစခန်းတို့ကို အခြေခံအားဖြင့်တော့ လေးမျိုးလောက် ခွဲပြီးပြောနိုင်ပါသည်။ ပထမတစ်မျိုးကတော့ မြို့ပေါ်က အသင့်အတင့် အဆင်ပြေသော စခန်းများ။ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ပုဂ္ဂလိကအလှူရှင်များ၏ ကူညီမှုကို အောက်တိုဘာလက စပြီးရရှိခဲ့၍ အထိုက်အလျောက် အဆင်ပြေပါသည်ဟု ဆိုနိုင်သည်။ သို့ပေမယ့် နိုဝင်ဘာလကုန်ပိုင်းမှာတော့ လူဦးရေက ရုတ်တရက် ထိုးတက်လာသည်။ တိုးပွားလာသော လူဦးရေကို အလျင်မီ အောင်ချက်ကျွေးဖို့ပင် ခက်ခဲလာပြီ။ ''အလှူရှင်တစ်ယောက်က လှူတဲ့ကြက်သုံးကောင်ကို ဘူးသီးနဲ့ ရောပြီး လူ ၄၂၆ ယောက်အတွက် ညနေစာကျွေးရတာ မျိုးတောင် ရှိပါတယ်'' ဗန်းမော်ဒေသခံက ကယ်ဆယ်ရေးစခန်းက မြင်ကွင်းကို ပြောပြသည်။ မြို့ပေါ်စခန်းတို့သည် ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်တို့တွင် ရှိနေသည်။ အချို့ကတော့ အသိမိတ်ဆွေများ အိမ်မှာ ခိုကိုးနေထိုင်ကြလျက်။
ဒုတိယ ကယ်ဆယ်ရေးစခန်း အမျိုးအစားကတော့ တောတွင်းနှင့် ကျေးရွာများတွင် ခိုလှုံနေသော အမျိုးအစားဖြစ်သည်။ မန်စီမြို့နယ်မှာ လွယ်ကျယ်စခန်း၊ နမ်ဖူစခန်း၊ ငါနောင်ပါစခန်းတို့ ရှိနေသည်။ ဗန်းမော်မြို့နယ်အတွင်း တွင်လည်း ရှိသည်။ ရွှေကူမြို့နယ်မှာ ခပေါင်း တောတွင်းစခန်း၊ မိုးမောက်မြို့နယ်မှာ ကျခိုင်ရွာစခန်းတို့ ရှိကြသည်။ တောတွင်းနှင့် ကျေးရွာများက စခန်းများသို့ နေထိုင်စရာနှင့် စားသောက်စရာများအတွက် အသင်းတော် များက ကနဦးတွင် ပံ့ပိုးနိုင်ခဲ့သေးသည်။ သို့သော် နိုဝင်ဘာလတွင်မူ ပံ့ပိုးရန် ခက်ခဲလာပြီ။ လူဦးရေက ထိုးတက်လာသည်။ ရာသီဥတုကလည်း ဆိုးလာသည်။ ကျန်းမာရေးအရလည်း စိုးရိမ်ဖွယ်။ ''တောထဲမှာ မိုးရာသီ တုန်းက မျှစ်တွေရနိုင်သေးတော့ မျှစ်နဲ့ဆန်ကို ရောချက်စားရတယ်။ ဟင်းချက်စားတယ်။ အခုတော့ မျှစ်ရာသီလည်းကုန်ပြီဆိုတော့ တောငှက်ပျောက အူအနုကိုတောင် ချက်စားနေရတယ်။ စခန်းတွေမှာ အမိုးအကာ မရှိဘူး။ အ၀တ်အထည်လည်း လိုနေပါတယ်'' တောတွင်းစခန်းများသို့ ရောက်ရှိခဲ့သူ ဒေသခံတစ်ဦးက ဆိုခဲ့သည်။

နိုဝင်ဘာလ နောက်ဆုံးပတ်မှာတော့ တတိယအမျိုးအစားဟုဆိုရမည့် စခန်းသစ်များ ရုတ်တရက် ပေါ်ပေါက်လာပါသည်။ တရုတ်နယ်စပ်နှင့်နီးသော ကျေးရွာများရှိ အသင်းတော်များ၏ ဘုရားကျောင်းများနှင့် ပတ်ဝန်းကျင် တွင် လာရောက်ခိုလှုံကြသူများဖြစ်သည်။ စား စရာမရှိ၊ နေထိုင်စရာများ အတည်တကျ မရှိသေး။ စခန်းများအနက် အဆိုးရွားဆုံးဟုဆိုရမည်ပင်။ မန်စီမြို့နယ် မန်ဝိန်းကြီးစခန်း၊ အင်ဘာပါစခန်း၊ လနပါစခန်းတို့တွင် နိုဝင်ဘာလ ၃၀ ရက်နေ့မှာပင် လူဦးရေ က ၄၀၀၀ ၀န်းကျင် ရှိနေသည်။ နောက်ဆုံးအမျိုးအစားဖြစ်သော စခန်းများသည် ကက်သလစ် အသင်းတော်တည်ရှိရာ ကျေးရွာများနှင့် ကျောင်းပတ်ဝန်းကျင်တွင် စုစည်းနေခဲ့သော စခန်းများဖြစ်သည်။ မန်စီမြို့နယ် နမ့်လင်းပါစခန်းနှင့် မိုးမောက်မြို့နယ်က ပရံခူးဒုံစခန်းတို့ ဖြစ်သည်။ သို့ပေမယ့် တိုက်ပွဲများက ဆက်လာသည်ဖြစ်၍ စခန်းကို စွန့်ခွာကြရပြန်သည်။ နမ့်လင်းပါမှတချို့ ဗန်းမော်စခန်း ရောက်လာသည်။ ပရံခူးဒုံစခန်းကအချို့ လွယ်ကျယ်စခန်းရောက်သွားကြသည်။ မပြေးနိုင်သော သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များကတော့ တောတွင်းမှာ ကျန်နေကြဆဲ။ လမ်းမသိ၍ကား မဟုတ်။ သိလျက်နှင့် လမ်းပျောက်နေကြခြင်း။

''အခု ဒီစခန်းလေးမျိုးလုံးမှာ မရောက်တာက ဘယ်လိုလူမျိုးလဲဆိုတော့ အဘွားကြီးတွေ မရောက်လာဘူး။ အဘိုးကြီးတွေ မရောက်လာဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစခန်းကနေပြီးတော့ လမ်းမကြီးရောက်အောင် လာနိုင်တာ ဆိုင်ကယ် ကယ်ရီတစ်မျိုးပဲရှိတယ်။ အဲဒီတော့ အဲဒီဆိုင်ကယ်ကယ်ရီမှာမှ ပင်မလမ်းတွေကနေ သွားလို့မရဘူး။ မိုင်းထောင်လို့။ မှောင်ခိုလမ်း၊ သစ်တွေ ဘာတွေတင်တဲ့ လမ်းကနေပဲ သွားရတယ်။ အနည်းဆုံး ဆိုင်ကယ်မှာ မထိုင်နိုင်တဲ့သူတွေက ကျန်ခဲ့တယ်ပေါ့။ ရောက်လာတဲ့သူတွေကလည်း မိသားစု တကွဲတွေပေါ့။ ညတိုက်ပွဲဖြစ် လို့ ပြေးတဲ့အခါကျတော့ အဖေနဲ့သား ဘယ်ရောက်နေမှန်းမသိ။ အဘွားနဲ့မြေး တစ်ယောက် ဘယ်ရောက်နေ မှန်းမသိ။ အမေနဲ့ နောက်တစ်ယောက် ဘယ်ရောက်နေမှန်းမသိ ဖြစ်ကြတယ်''ဟု ဒေသခံတိုင်းရင်းသားတစ်ဦးက ပြောပြခြင်းဖြစ်ပါသည်။ ယခုတော့ မြို့ပေါ်က စခန်းများမှာလည်း စားစရာ၊ နေစရာ အခက်အခဲရှိလာပြီ။ တောတွင်းစခန်းများမှာတော့ ဆိုဖွယ်ရာမရှိပြီ။ ခိုက်ခိုက်တုန်အောင် ချမ်းမြဲဖြစ်သော ဆောင်းရာသီမှာ တောထဲနေသူတို့သည် အမိုးအကာမရှိသော၊ အခင်းတစ်ခုမျှ ဖြစ်ဖြစ်မြောက်မြောက် ခင်း ထားရသောနေရာတို့တွင် ညများစွာ ကုန်လွန်ဖြတ်သန်းလာရသည်။ ဖက်နှင့် မိုးကာထားသော တဲများလည်း မရှား။ များစွာသော ခြင်များကလည်း ၀ိုင်းဝန်းနှိပ်စက်တတ်သေးသည်။ မကျန်းမမာ ဖြစ်ပြီဆိုပါစို့။ ကုသရန် ဆေးမရှိ။ရှိလျှင်လည်း မလုံလောက်။
ငှက်ပျောက အူအနုကိုတောင် ချက်စားနေရတယ်။ စခန်းတွေမှာ အမိုးအကာမရှိဘူး အ၀တ်အထည်လည်း လိုနေပါတယ် . .

ကလေးများကတော့ ရောက်သည့်နေရာတွင် စာသင်နိုင်ခွင့်ရကြသေးသည်။ လူမှုရေးကူညီသူများက စီစဉ်ပေးထားသည်။ ရောက်သည့်နေရာတွင် စာသင်ပေးကြသည်။ အစားအစာအတွက်ကတော့ ပဲပြုတ် ဟင်းတစ်ခွက် ကိုပဲ ကလေးငယ်များစွာ ၀ိုင်းဝန်းစားနေကြရသည်။ ဘာပဲဖြစ်ဖြစ် ထမင်းရှိနေလျှင်ပဲ ကျေးဇူးတင်စရာဖြစ်ရသည်။ ယခုအထိတော့ စခန်းများစွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှ တစ်ဖက်တရုတ်နယ်စပ်အထိ ၀န်းကျင်တစ်လျှောက်တွင် တည်ရှိနေသည်။ နယ်စပ်နှင့်တောတွင်းက စခန်းများဆီ ကယ်ဆယ်ရေးသွား မည်ဆိုပါစို့။ မူဆယ်ဘက်မှ ဖြတ်ဝင်ကာ တရုတ်ဘက်က ကူးလျှင်တော့ ကူးနိုင်သည်။ တခြားလမ်းကတော့သွား၍ အဆင်မပြေနိုင်။ သွားနိုင်သည်ပဲ ဆိုဦး၊ လူမှုရေးလုပ်ကြသူတို့တွင် ရန်ပုံငွေ မရှိကြတော့ပေ။ အများစုက မူလရှိသောပမာဏကို ကျော်လွန်ခဲ့ပြီ။ ဒီဇင်ဘာကုန်လျှင် အကူအညီပေးနိုင်ဖွယ်ရာ မရှိကြတော့ပေ။

ယခင်ကတော့ အငြိမ်းစားဝန်ထမ်းများ၊ တောင်သူလယ်သမားများ နေထိုင်ခဲ့ကြသော မြို့နယ်လေးများ။ ပညာတတ်လူငယ်တို့သည် စီးပွားရေးမဖွံ့ဖြိုးသော မြို့ငယ်လေးများကို စွန့်ခွာသွားခဲ့ကြသည်။ ဒေသတွင်းတွင် စိုက်ပျိုးရေးသည် အဓိကလုပ်ငန်း။ ယခုတော့ စိုက်ပျိုးခဲ့ သောလယ်ယာမြေများကိုပင် စွန့်ခွာခဲ့ကြရသည်။ လာမည့်နှစ်တွင် စား နပ်ရိက္ခာသည် မလောက်ငမည့်ဘက် တွင် အလေးသာနေသည်။

ဆောင်း၏ အငွေ့အသက်များကတော့ ကချင်တောင်တန်းများအကြား လွှမ်းခြုံနေဆဲ။ အေးမြခြင်းသည် ထိုဒေသက ဒေသခံများအတွက်တော့ လက်ဆောင်ကောင်း မမည်ပါပေ။ နွေးထွေးခြင်းကိုပေးသော အမိုးအကာများ မရှိ၊ အ၀တ်အထည် မရှိ။ ပြင်ပက လေကတိုက်ခတ်နိုင် အားဆဲ။ မှောင်နေသည်ဖြစ်သော ထိုပြင်ပကိုပင် အကူအညီမဲ့သော မျက်ဝန်းအစုံများစွာက ငေးမောနေရသည်။ သူတို့စွန့်ခွာခဲ့ရသော ရွာလေးများသည် သစ်ပင်ရိပ် များ ၀န်းရံသော ရွာကလေးများဖြစ်သည်။ အချို့ကတော့ တောင်များအကြားမှာ။ လယ်ယာမြေများက ကောက်နှံများသီးမှည့်လာလျှင် ဒါသည်ပင် သူတို့၏ ပျော်ရွှင်မှုဖြစ်သည်။ ရွာများတွင် ခေတ်၏ အဆင်တန်ဆာမရှိ။ အီလက်ထရော နစ်ဇိမ်ခံပစ္စည်းများ မရှိသလောက်ပင်။ လျှပ်စစ်မီးလည်း မရှိ။ သို့သော် သူတို့ နေပျော်ခဲ့သည်။ အပူအပင်ကင်းသော၊ ရောင့်ရဲသောဘ၀များ။ အိမ်ငယ်လေးများက နေပျော်ခဲ့သောအရိပ်များ။ ယခုတော့ သူတို့ ဘယ်အချိန် အိမ်ပြန်နိုင်မည်ကို ဘယ်သူမျှ မသိနိုင်သေး။ လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးသည် သူတို့နှစ်များစွာ သီဆိုခဲ့သော တေးသီချင်းများထဲကလို ပျော်ရွှင်ဖွယ်ဖြစ်မည်လား သူတို့ကိုယ်တိုင်လည်း မသိနိုင်သေးပါပေ။

ငြိမ်းချမ်းအေးမြမှု၏ အရိပ်အယောင်အချို့ ဆောင်းနှင်းတို့နှင့်အတူ သက်ဆင်းလာချိန်မှာ မြေစာပင်များ အကြောင်းကိုတော့ မမေ့မလျော့ဖို့မျှော်လင့်နေမိပါသည်။