Sunday, October 23, 2011

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကလေးသူငယ်များ ပျောက်ဆုံးခြင်း၊ ကလေးအလောင်းများ တွေ့ရှိနေရခြင်းဆိုသည့် သတင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် သက်ဆိုင်သူများက အကြောင်းရင်းများအား ထုတ်ဖော်ပြောကြား

ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းတစ်ခု၏ ကျောင်းဆင်းချိန် မြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီးတွင် ကလေးသူငယ်များ ပျောက်ဆုံးနေခြင်း၊ ကလေးသူငယ်များ၏ အလောင်းများကို တွေ့ရှိနေရခြင်း ဆိုသည့် သတင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် သက်ဆိုင်သူများက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ထွက်ပေါ်နေသည့် သတင်းအများစုမှာ ကောလဟာလသာ ဖြစ်နေပြီး ပျောက်ဆုံးမှု အချို့မှာမူ ရပ်ကွက်အချို့တွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း မိဘ အချို့ထံမှ သိရှိရသည်။

ထွက်ရှိနေသော သတင်းများကြောင့် မြို့နယ်အများစုရှိ မြို့နယ် ပညာရေးမှူးများက ကျောင်းအုပ်ကြီး များအား အစည်းအဝေး ပြုလုပ်၍ သတိပြုရမည့် အကြောင်းအရာများ ရှင်းလင်းမှု၊ ကျောင်းမှကလေးများ ပျောက်ခဲ့ပါက အကြောင်းကြား ရမည့်ဖုန်းနံပါတ်များ ပေးထားမှုတို့ ပြုလုပ်ခဲ့သည်။


အောက်တိုဘာလ ၁၅ ရက်တုန်းက သုဝဏ္ဏ(က)ရပ်ကွက်နဲ့ (ဃ)ရပ်ကွက်မှာ ကလေးအလောင်းတွေ ရင်ခွဲထားပြီး တွေ့ရတယ်လို့ သတင်းတွေကြောင့် သတင်းထွက်နေတဲ့ အဲဒီနေရာတွေကို သွားစုံစမ်း ခဲ့တယ်။ ပြီးတော့ စံပြဆေးရုံကြီးမှာ ကလေးအလောင်းတွေ ရောက်ရှိ လာခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့တယ်။ တာဝန်ကျဆရာဝန်တွေ မှုခင်းရဲ တာဝန်ရှိသူတွေလည်း မေးမြန်းခဲ့တယ်။ ထွက်ရှိခဲ့တဲ့ သတင်းကတော့ လုံးဝမမှန်ပါဘူး . . .

အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တောင်ဥက္က လာပမြို့နယ်မှ ကျောင်းအုပ်ကြီး ဒေါ်ယဉ်ကြည်ဌေးက “ကျောင်းအနေနဲ့ ခွင့်မတိုင်ဘဲ ပျက်တဲ့ကျောင်းသား၊ ကျောင်းသူတွေရှိခဲ့ရင် သူတို့အိမ်တွေ ကို ချက်ချင်းလိုက်မယ်၊ စုံစမ်းမယ်။ အတန်းပိုင်ဆရာမ အားလုံးကလည်း နေ့စဉ် ကျောင်းသားတွေရဲ့ကျောင်းဆင်း၊ ကျောင်းတက် အချိန်ဇယားကို တိတိကျကျ လုပ်ရမယ်လို့ မှာကြား ထားပါတယ်။ မိဘ၊ ဆရာ ကျောင်းသားတွေကို အဆက်မပြတ်အောင် ဆက်သွယ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ် အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်းမှ ရှစ်တန်းကျောင်းသား မောင်ချစ်ဖူးစံ မှာ အဆိုပါနေ့က ကျောင်းတက်ရန် ဒဂုံမြို့သစ်အရှေ့ပိုင်း နေအိမ်မှထွက် ခဲ့သည့်လမ်း၌ အမည်မသိ လူနှစ်ဦး က ခေါ်ယူသွားသည့် ဖြစ်စဉ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

မောင်ချစ်ဖူးစံ၏ မိခင်ဖြစ်သူ မအေးအေးခိုင်က “ကလေးကတစ်ခါ မှကျောင်းမပျက်ဖူးဘူး။ အဲဒီနေ့က ကျောင်းတက်ဖို့ အိမ်ကနေ မနက် ၆ နာရီကျော်လောက်က ထွက်သွားတယ်။ ကျောင်းဆင်းချိန် မွန်းလွှဲ ၁၂ နာရီကျော်ရောက်တော့ ကလေးက အိမ်မရောက်သေးဘူး။ ကျောင်းကို သွားစုံစမ်းတော့ ဆရာမက ကလေး ဒီနေ့ ကျောင်းမတက်ဘူးလို့ ပြောပါတယ်။ ဒီရက်ပိုင်းတွေမှာ ကလေးပျောက်တဲ့ အသံတွေကြားနေတယ် ဆိုတော့ အရမ်းစိတ်ပူသွားတယ်။ သွားတတ်မယ်ထင်တဲ့ နေရာတွေ လိုက်ရှာတယ်။ မတွေ့တာနဲ့ ရပ်ကွက်ရုံး က တာဝန်ရှိသူတွေကို သွားပြီး ပြောခဲ့တယ်။ ကလေးက ည ၇ နာရီ ကျော်မှာ အိမ်ပြန်ရောက်လာခဲ့ပါ တယ်။ ကျွန်မကို သူတွေ့တွေ့ချင်း ဖက်ပြီးငိုတယ်။ ကလေးက မူးဝေ နေတယ်။ ဗိုက်အရမ်းဆာတယ် ဆိုပြီး ထမင်းစားတယ်။ ရေအရမ်း သောက်ပါတယ်။ နောက်နှစ်ရက် အထိတော့ အရင်ကလို မသွက်လက်တော့ဘူး၊ တမှိုင်မှိုင်တတွေတွေနဲ့ပဲ နေပါတယ်” ဟု ပြောကြားခဲ့သည်။

မောင်ချစ်ဖူးစံကလည်း “ကျွန်တော်က ကျောင်းသွားတဲ့အခါမှာ အရှေ့တည့်တည့်ကိုအဖြူရောင်ကား တစ်စီးကဆိုက်ပြီးတော့ အသားမည်းမည်း မုတ်ဆိပ်မွှေးတွေနဲ့ လူနှစ်ယောက် ဆင်းလာပြီးတော့ ကျွန်တော့်ကို သူတို့ က မင်းအမေမူးလဲနေတယ် ဆိုပြီးတော့ လက်နဲ့ပုတ်ပါတယ်။ ပြီးတော့ ကားပေါ်ကိုခေါ်တင်ပါတယ်။ သိပ်မကြာတဲ့ အချိန်မှာကျွန်တော်ကို သူတို့တွေက မျက်နှာကို အ၀တ်စနဲ့အုပ်ပါ တယ်။ ပြီးတော့ ကျွန်တော် သတိ လုံးဝမရတော့ဘူး။ သတိရတဲ့အချိန် မှာ ကျွန်တော်က ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့မရဘူး ဖြစ်နေတယ်။ လက်နှစ်ဖက်ကိုလည်း နောက်ပြန်ပြီးတော့ တခုခုနဲ့တုပ်ထားသလို ခံစားရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ကားနာက်ဖုံးအခန်းထဲမှာ ရောက်နေတယ်။ ကားနောက်ဖုံးကို ခြေထောက် နဲ့ ကန်ပါတယ်။ အဲဒီတော့ လူကြီး တစ်ယောက်က ဖွင့်ပေးပါတယ်။ ပြီးတော့ ကျွန်တော်ဖြစ်စဉ်ကို မေးပြီးတော့ ရဲစခန်းကို သွားတိုင်မယ် ဆိုပြီးတော့ ခေါ်သွားတယ်။ ပြီးတော့သူက အဲဒီကားကို သွားကြည့်မယ်ဆိုပြီးတော့ ပြန်လှည့်ပြီး သွားကြည့်ခဲ့တယ်။ ကားကိုတော့ မတွေ့တော့ဘူး။ သူက ကျွန်တော် ဘယ်နာနေလည်း မေးပြီးတော့ လမ်းကြားတွေထဲက ခေါ်သွားတယ်။ ပိုက်ဆံနှစ်ရာပေးပြီးတော့ စစ်ကျန်ဘတ်စ် ၆၁ အနီ ကားပေါ် ကိုတင်ပေးပါတယ်။ ကျွန်တော်ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ မီးတွေလင်းနေတဲ့ သုဝဏ္ဏ ဘောလုံးကွင်းကိုပဲ တွေ့ခဲ့ပါတယ်။ ကျွန်တော်ကတော့ အရမ်းကိုကြောက်ခဲ့ပါတယ်” ဟု ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ် များနဲ့ ပတ်သက်ပြီး ပြောပြခဲ့သည်။

အလားတူ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗဟန်းမြို့နယ်တွင် နေထိုင်သည့် မသီသီစိုး(ခ)မဂျမ်း အသက် ၂၂ နှစ် ပျောက်ဆုံးနေသည်မှာ လေးလခန့် ကြာနေမှုနှင့် ပတ်သက်၍ အဘွား ဒေါ်အေးက “မြေးက ရန်ကုန်ရောက်တာ ၁၅ ရက်လောက်ပဲ ရှိသေးတယ်။ အဘွားက ကွမ်းခြံကုန်းကို သွားပြီး ပြန်လာတော့ မြေးလေး အိမ်မှာမရှိတော့ဘူး။ သူနဲ့အတူထားတဲ့ သမီးကိုမေးတော့ အိမ်က ထွက် သွားတဲ့ ညနေပိုင်းက Excel Tower ကို မပြောဘဲနဲ့သွားလို့ ဆူလိုက်တယ် ပြောတယ်။ အဲဒီကတည်းက ပြန်မရောက်တာ လေးလလောက်ရှိ သွားပြီ။ ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်”ဟုပြောပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် အသက် ၁၂ နှစ် မှ အသက် ၃၀ အတွင်းရှိသူ အချို့ ပျောက်ဆုံး နေမှုကြောင့် သက်ဆိုင်ရာ ရဲစခန်းများတွင် လာရောက်အကြောင်းကြားခြင်း၊ အမှုဖွင့်ခြင်း ကိစ္စရပ်များ ရှိနေပြီး ယင်းသို့ လူပျောက်တိုင်ချက် အများစုမှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ နေအိမ်ပေါ်မှဆင်း၍ ယောက်ျား နောက်လိုက်သွားခြင်း၊ အိမ်ဖော်များက အိမ်ရှင်များ မသိသည့်အချိန် တွင် မူလအိမ်မှပြေးပြီး အခြားအိမ်၌ အလုပ် သွားလုပ်နေခြင်း စသည့် အကြောင်းအရာအများစုဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက “ကျွန်တော်တို့ မြို့နယ်တွေမှာတော့ လူပျောက်တဲ့ ဖြစ်စဉ်အများစုကတော့ သမီးရည်းစား အချင်းချင်းခိုးရာလိုက်တဲ့ ကိစ္စတွေ၊ အိမ်ဖော်က အိမ်ရှင်ဆီကနေ လခတွေကို ကြိုယူထားပြီးတော့ အိမ်ရှင် မသိအောင် အိမ်ကနေ ပြေးပြီးတော့ တခြားအိမ်မှာ အိမ်ဖော်အဖြစ်သွား လုပ်နေတဲ့ လူတွေဖြစ်ပါတယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ မြို့နယ်အချို့တွင် လူပျောက်မှု ဖြစ်စဉ်မှန်များ ဖြစ်ပေါ် နေခြင်းနှင့်အတူ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ တာမွေ စသည့် မြို့နယ်များတွင် ကလေးသူငယ်များ ပျောက်ဆုံး သတင်းများ၊ သေဆုံး နေသည့် ကလေးအလောင်းများ တွေ့ရသည်ဟု သတင်းအမျိုးမျိုး ထွက် ပေါ်နေသော်လည်း ကောလာဟလ များသာဖြစ်ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကံသိန်းက “အောက်တိုဘာလ ၁၅ ရက်တုန်းက သုဝဏ္ဏ (က)ရပ်ကွက်နဲ့ (ဃ)ရပ်ကွက်မှာ ကလေးအလောင်းတွေ ရင်ခွဲထားပြီး တွေ့ရတယ်လို့ သတင်းတွေကြောင့် သတင်းထွက်နေတဲ့ အဲဒီနေရာတွေကို သွားစုံစမ်းခဲ့တယ်။ ပြီးတော့ စံပြ ဆေးရုံကြီးမှာ ကလေးအလောင်းတွေ ရောက်ရှိလာခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ တယ်။ တာဝန်ကျဆရာဝန်တွေ မှုခင်း ရဲတာဝန်ရှိသူတွေလည်း မေးမြန်းခဲ့တယ်။ ထွက်ရှိခဲ့တဲ့သ တင်းကတော့ လုံးဝမမှန်ပါဘူး”ဟု ရှင်းပြခဲ့သည်။

သာကေတမြို့နယ် ရဲတပ်ဖွဲမှုး ဒုရဲမှူးတင့်နိုင်က “ကလေးတွေပျောက် တယ်၊ အလောင်းတွေကိုတွေ့တယ် သတင်းတွေကြားလို့ စုံစမ်းတော့ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

အလားတူ ဒေါပုံမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အောင်ဝင်းညွန့်ကလည်း “ပြီးခဲ့တဲ့ ရက်တုန်းကလည်း မဟာဗန္ဓုလ တံတားအဆင်းမှာ ကလေး တစ်ယောက်ရင်ခွဲခံရပြီးတော့ သေနေတဲ့ သတင်းထွက်ခဲ့သေးတယ်။ သွားစုံစမ်းတဲ့အခါမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးမောင်မောင်ဦးက “ မြို့နယ် အတွင်းမှာလည်း သေနေတဲ့ ကလေးငယ်တွေ အမှိုက်ပုံအနီးနားမှာ တွေ့ရတယ်လို့ ပြောနေတဲ့ အသံတွေကြောင့် နယ်မြေကိုဆင်းပြီးတော့ စုံစမ်းတဲ့ အခါမှာတော့ ဒီသတင်းတွေက မမှန်ပါဘူး” ဟု ပြောကြားခဲ့ပါသည်။

ဗဟန်းမြို့နယ် သတင်းတပ်ဖွဲ့ မှ ရဲအုပ်သောင်းဒန်က” ဒီဗဟန်း မြို့နယ်အတွင်းမှာတော့ နှစ်စကနေ အခု အောက်တိုဘာလ ၁၈ ရက်နေ့ အထိ လူပျောက်တိုင်ချက်ဖွင့်ထားတာက အသက်ခြောက်နှစ်ကနေ အသက် ၄၅ နှစ်အရွယ် စုစုပေါင်း ၄၀ ကျော် ရှိပါတယ်။ အဲဒီအထဲက တိုင်ချက် ၃၀လောက်တော့ ပြန် တွေ့ပါတယ်။ အများစုက ခိုးရာလိုက်တဲ့ ကိစ္စတွေ၊ အိမ်ဖော်ကိစ္စတွေ များပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက “အခုရပ်ကွက် တော်တော်များများမှာ အသက် ၁၀ နှစ် ကနေ ၁၃ နှစ်ဝန်းကျင်ရှိတဲ့ ကလေး သူငယ်တွေလည်း ပျောက်ဆုံး နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေ တယ်။ တချို့ရပ်ကွက်တွေမှာ ဆိုရင် ကလေးသူငယ်တွေကို လိုက်ဖမ်း နေတဲ့သူတွေ ရှိနေတယ်။ တစ်ဖက် နိုင်ငံကိုရောင်းစားနေတယ်၊ ကလေးငယ်တွေ အသတ်ခံရတယ် စတဲ့ သတင်းထွက်ရှိနေတော့ အဲဒီနယ်မြေတွေကို အဖွဲ့တွေခွဲပြီး စုံစမ်း စစ်ဆေးခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ကလေးတချို့က မိသားစုဝင် တစ်ဦးဦးနဲ့ စိတ်ဆိုးပြီးတော့ သူငယ်ချင်း အိမ်တွေမှာ သွားနေတဲ့သူတွေ၊ ယောက်ျားနောက် လိုက်သွားတဲ့သူတွေ၊ အပျော်လွန်ပြီးတော့ ခရီးလွန်နေတဲ့သူတွေ၊ အပျော်လွန်ပြီးတော့ သူငယ်ချင်းတွေနဲ့ ရေကူးရင်းနဲ့ သေဆုံးခဲ့ရသူတွေ အများစု ဖြစ်ပါတယ်။ အပြင်မှာ ထွက်ပေါ်နေ တဲ့ ဖြစ်စဉ်တွေက ကောလာဟလ သတင်းတွေ လိုက်လွှင့်နေတဲ့ သူတွေ ကြောင့်အများက စိုးရိမ်နေကြတာပါ။ ဒါ တကယ်တမ်းတော့ အဲဒီ သတင်းတွေက လုံးဝမှားပါတယ်” ဟု ကလေးသူငယ်များ ပျောက်ဆုံးနေသည့် သတင်းများနှင့် ပတ်သက်၍ စုံစမ်းခဲ့သည့်အပေါ် ရှင်းလင်းပြော ကြားခဲ့သည်။