Saturday, June 5, 2010

ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့၏ သတင်းများ ဂျာနယ်များတွင် ဖော်ပြခွင့် မပြုတော့


ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ်မှ သတင်း ထောက် မအေးသူစံတို့၏သတင်းများသည် တရားရုံးတွင် ရုံးတင်စစ်ဆေးနေပြီ ဖြစ်သောကြောင့် တရားစီရင်ရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ခြင်း အတွက် ဂျာနယ်စာမျက်နှာ များတွင် ဖော်ပြခွင့် မပြုတော့ကြောင်း သိရှိရသည်။ ယင်းသတင်းနှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် တရားရုံးမှ ၂ဝ၁ဝ ဇွန်လ (၃)ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃/၅ဝ၆)အရ တရားရုံးတင် စစ်ဆေးနေဆဲကာလ ဖြစ်သဖြင့် ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြရေးသားလျှင် နိုင်ငံတော်၏ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေးကို များစွာ အနှောင့်အယှက် ဖြစ်စေနိုင်သဖြင့် ယခုကဲ့သို့ မဖော်ပြခြင်း ဖြစ်နိုင်ကြောင်း ဥပဒေကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။ ပုဒ်မ(၃၂၃)သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ(၅ဝ၆)သည် ခြိမ်းခြောက် ပြောဆိုမှုဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် ပြည်ပ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းသို့ အင်တာဗျူး ဖြေဆိုခဲ့ရာတွင် သူမကိုယ်တိုင် သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပုံနှင့် သူမ ဘာတွေ ပြောခဲ့သည်ကို အသေးစိတ်ရှင်းရှင်း ပြောဆိုမသွားသည်ကိုလည်း တွေ့ရှိခဲ့ရပေသည်။ ယင်းဖြစ်ရပ်များ ဖြစ်ပွားချိန်တွင် မျက်မြင်သက်သေများကို တရားရုံးမှ သက်သေအဖြစ် ထွက်ဆိုရန် စစ်ဆေးခဲ့ချိန်တွင် ဟဲလိုမဂ္ဂဇင်းမှ ကိုဘုန်းနေလ၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ကိုသန့်ဇင်အောင်တို့သည် တရားရုံးတွင် သရုပ်ဆောင် ထက်ထက်မိုးဦး မအေးသူစံ အပေါ် မည်သို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်။ ပါးစပ်မှလည်း မည်သို့ ပြောဆိုသွားသည်များကို မျက်မြင်တွေ့ခဲ့သူ အထက်ပါ သုံးယောက်မှ တရားရုံးတွင် ထွက်ဆိုသွားသည်ဟု 7 Day News ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောဆိုသည်။ ပါဖက်ဂျာနယ်မှ မသက်သည် တရားရုံးသို့ ရောက်ရှိမလာခဲ့ကြောင်း တရားလိုများဘက်မှ ပြောဆိုခဲ့သည်ကိုလည်း ယင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ မသက်သည် ထက်ထက်မိုးဦးက စည်းရုံးနိုင်ခဲ့ခြင်းကြောင့် တရားရုံးသို့ မလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း မီဒီယာ သတင်းရပ်ကွက်တွင် သတင်းများ ထွက်ပေါ်နေသည်။
7 Day News ဂျာနယ်မှ အယ်ဒီတာများက အထက်ပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့သို့ တိုင်တန်းမှုများ

ပြုလုပ်ခဲ့ရာ ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး သူမ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက် (၁)စောင် ထုတ်ခဲ့သည်။ အဆိုပါ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 7 Day News ဂျာနယ်မှ တိုင်တန်းမှုတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့၏ ဦးဆောင်နာယကမှာ ပြန်ကြားရေး ဝန်ကြီးဦးကျော်ဆန်း ဖြစ်သည်။

7 Day News ဂျာနယ်မှ သတင်းထောက် မအေးသူစံနှင့် ရုပ်ရှင်သရုပ် ဆောင်ထက်ထက်မိုးဦးတို့ အပြန်အလှန်ပြောခဲ့ကြသည်များကို The Voice ဂျာနယ်မှ ပြန်လည် ကူးယူ၍ ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခု သက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခု လက်ရှိဘဝလေးကို အစ်မဘယ်လို ဖြတ်သန်းနေပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။

မေး ။ ။ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါ ဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတလောကလေ အဲ့လိုမျိုး ဖြစ်သွားတာ အစ်မ ဘယ်လိုမျိုး ခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်၊ ထည့်လို့ မရလို့တော့ မဟုတ်ပါဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပေးပါလားလို့ ….. နော်။
မေး ။ ။ ပရိသတ်တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲဒီဝေဖန်မှု တွေကို အစ်မဘယ်လိုမျိုး ခံစားရလဲ။
ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့ ဟုဆိုသဖြင့် အဆိုပါသတင်းထောက်မှာ တောင်းပန်ပြီး ခန်းမ အပြင်သို့ ထွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့နောက် မအေးသူစံ အပြင် ရောက်သောအခါ ထက်ထက်မိုးဦးမှာ အပြင်သို့ ကြိုတင် ရောက်နေပြီး မအေးသူစံအား “ ဒီမေးခွန်းတွေကို ဘယ်သူ မေးခိုင်းတာလဲ”ဟု ဆိုကာ မအေးသူစံ၏ ဆံပင်ကိုဆွဲပြီး လည်ပင်းကို ၄င်း၏ လက်ဖြင့် ညှစ်သည်။ ပြီးနောက် ပါးကို လှမ်းရိုက်သောအခါ ကြားမှ ဖျန်ဖြေသူများက တားဆီးထား၍ ပါးကို မထိတော့သည့် အချိန်တွင် ထက်ထက်မိုးဦးက “ငါ့ကို သက်သက် စော်ကားတာ။ နင်တို့ စာနယ်ဇင်းတွေရဲ့ နှစ်ပဲတစ်ပြား လစာကို သနားလို့ ငါဖြေနေတာ။ ငါ့ကိုဘာမှတ်နေလဲ။ ငါ့ဘ၀ငါ ထူထောင်ထားတာ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သတ်ပစ်လိုက်မယ်။ ပွဲထဲမှာ ဖြစ်နေလို့“ဟု အခြားသတင်းထောက်များ ရှေ့တွင် ပြောဆိုပြီးမှ ခန်းမထဲသို့ ပြန်လည် ၀င်ရောက်သွားခဲ့သည်။ သတင်းထောက် မအေးသူစံ၏ လည်ပင်းကို ထက်ထက်မိုးဦး၏ လက်ဖြင့် ညှစ်ထားစဉ် လက်သည်းရှည်များကြောင့် လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

မူရင်း http://snapshot-news.com/