Monday, April 1, 2013

လမ်းမတော်ဖိုးတုတ်အကြောင်း (အပိုင်း-၂)

လမ်းမတော်ဖိုးတုတ်အကြောင်း (အပိုင်း-၂) ***************************
(ဗိုလ်တစ်ထောင် ငမိုးအကြောင်းပါဝင်သည်)

အဲဒီတုန်းက တပည့်တပန်းအားကိုးနှင့် လုပ်ခဲ့ခြင်းမဟုတ်ဘဲ တစ်ကိုယ်တော် ကြဲခဲ့ခြင်းဖြစ်၏။
...
ထိုစဉ်က လမ်းမတော်အပိုင်မှာ နာမည်ကြီးနေသည့် မြန်မာလူမိုက်ကြီးတစ်ယောက်ရှိသည်။

ပုဏ္ဏားဘကွန်း။ ပုဏ္ဏားဘကွန်းက ကိုယ်တိုင်လည်း ဇ ရှိသည်။ တပည့်တပန်းအင်အားလည်း ကောင်းသည်။ အဲ့ဒီအချိန် ကိုဖိုးတုတ်မှာလည်း တပည့်တပန်း အသင့်အတင့်ရှိနေပြီ။ ပုဏ္ဏားဘကွန်းလောက်တော့ အသိုင်းအ၀ိုင်းမကောင်းသေး။ ပုဏ္ဏားဘကွန်းမှာ မတ်စတီးခန်းနှင့် လက်ဝါးချင်း ရိုက်ထားသူ။ ဒါကြောင့် ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းကို ရှင်းပစ်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ပုဏ္ဏားဘကွန်းကို မရှင်းလျှင် နယ်မြေတစ်နယ်မြေတည်းမှာ ဗိုလ်နှစ်ဗိုလ်ဖြစ်နေမည်။

ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်အောင်ရိုး ထုံးစံမရှိ။ ကိုဖိုးတုတ်က စတင်၍ စိန်ခေါ်လိုက်သည်။ ပုဏ္ဏားဘကွန်းက ကျ လူ။ ကိုဖိုးတုတ်က တက် လူ။

တစ်နေ့ . . .

ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းနေသည့် ဆယ့်တစ်လမ်းထဲသို့ တစ်ယောက်တည်းဝင်သွားပြီး ပုဏ္ဏားဘကွန်းအိမ်ရှေ့တည့်တည့်မှာ ရပ်လိုက်သည်။

"ပုဏ္ဏား ဘကွန်း အောက်ကိုဆင်းခဲ့၊ ကျုပ်တစ်ယောက်တည်း လာတယ်။ ခင်ဗျားလည်း တစ်ယောက်တည်း ဆင်းခဲ့။ ခင်ဗျားနဲ့ ကျုပ် သွေးစမ်းရအောင် "

သုံးခါတိတိ ခေါ်သည်။

ပုဏ္ဏားဘကွန်းကား ဆင်းမလာ။
တကယ်တော့ ပုဏ္ဏားဘကွန်းကလည်း သွေးနီသူ တစ်ယောက်ပါ။ ဒါပေသိ ရုတ်တရက်မမျှော်လင့်သောဖြစ်ရပ်ကြောင့် ရုတ်တရက်ဘာလုပ်ရမည် မဆုံးဖြတ်နိုင်ဘဲ ကြောင်သွားခြင်းဖြစ်၏။
ကျလူနှင့်တက်လူဆိုသည်ကလည်း ခြေလှမ်းများကို တုံ့ဆိုင်းသွားစေခဲ့သည်။

သုံးကြိမ်တိတိခေါ်လို့ ဆင်းမလာသည့်အဆုံး . . .

"ခင်ဗျားကြီး လူမိုက်ပုဏ္ဏားဘကွန်းမှ မဟုတ်ဘဲ၊ ဆန်တောင်းတဲ့ ပုဏ္ဏားပဲ။ လမ်းမတော်အပိုင်မှာ လူမိုက်က ခင်ဗျား မဟုတ်တော့ဘူး။ ကျုပ်ဖြစ်သွားပြီ။ ဒီကနေ့ကစပြီး ကျုပ်နာမည် လမ်းမတော် ဖိုးတုတ် "
အဲဒီလို အပြတ်ပြောပြီး ခပ်အေးအေးပင် ပြန်ထွက်ခဲ့သည်။

ထိုဖြစ်စဉ်သတင်းမှာ လမ်းမတော်နယ်မြေတွင် ချက်ချင်းပျံ့ကားသွားသည်။ တဆင့်စကားက နိယာမထုံးစံအတိုင်း ဖြစ်စဉ်ထက်ပို၍ ကျယ်ကားသွားသည်။ အဲ့ဒီကစပြီး လမ်းမတော်ဖိုးတုတ်ဆိုသည့် လာမည်တစ်လုံး ဟိန်းထွက်လာခဲ့သည်။ လူမိုက်သွေးကြွ၊ ဇ ရှိသူတွေ သူ့ထံ ဗိုလ်ဝင်ခံလာကြသည်။ အဲ့ဒီအချိန်က လမ်းမတော်ဖိုးတုတ်နှင့် မရှေးမနှောင်းခေတ်ပြိုင် နာမည်ထွက်လာသူမှာ ဗိုလ်တထောင် ငမိုး။ ဗိုလ်တထောင်ငမိုးကလည်း ခေသူမဟုတ်။ မိုက်သွေးကြွသည့် နေရာတွင် ဇကြီးသူဖြစ်၏။

လမ်းမတော်ဖိုးတုန်ခေတ်ထလာသည့်အခါ မတ်စတီးခန်း မှေးမှိန်သွားသလို၊ ဗိုလ်တထောင်ငမိုး ခေတ်ထလာသည်တွင် မန်မဆာနာမည်ပျောက်သွားသည်။ မတ်စတီးခန်း၊ မန်မဆာ ဟူသည့် ကုလားလူမိုက်ကြီး နှစ်ယောက် နာမည်ကျော်ထွက်လာသည်။ နယ်မြေခြင်းက တခြားစီမို့ ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းသည့် ပြဿနာမပေါ်။ သူ့နယ်နှင့်သူ တစ်ဗိုလ်တစ်မင်း လွှမ်းမိုးကြီးစိုးခဲ့ကြသည်။ သူတို့နှစ်ယောက် နာမည်ကြီးတာ တူညီပေမယ့် စရိုက်လက္ခဏာချင်းတော့ မတူ။

လမ်းမတော်ဖိုးတုတ်က ကုလားလူမိုက်များ၏ ကြီးစိုးမှုကို မခံချင်သောကြောင့် လူမိုက်လောကထဲသို့ ၀င်ရောက်ခဲ့သူ။

ဗိုလ်တစ်ထောင်ငမိုးက ငယ်စဉ်ဘ၀ အခြေအနေယိုင်နဲ့ခဲ့ရာမှ ထင်ရာစွတ်လုပ်တတ်သော သူ၏ပင်ကိုပါ ညာဉ်ဆိုးကြောင့် လူမိုက်အဖြစ် အသိအမှတ်ပြုခံရသူ။

မောင်မိုး က စနေသား။

မောင်မိုးဆိုသောအမည်မှာ နေ့သင့်နံသင့် မှည့်ခေါ်သည့် "စုဠိ" အမည်မဟုတ်။
ချစ်စနိုးခေါ်ဝေါ်ရာမှ သေရာပါ နာမည်ဖြစ်သွားသည့် "အနတ္တသညာ" အမည်ဖြစ်၏။
ဗိုလ်တထောင်ဘုရားပွဲတွင် နာမည်ကြီးရုပ်သေးပွဲ ကပြနေသည်။
ထိုနေ့ညက ကပြမည်ဟု ကြော်ငြာထားသည့် ဇာတ်ထုပ်မှာ ငမိုးရိပ် မိကျောင်း ဇာတ်ထုပ်။
ရွှေပွဲလာ ပရိသတ်တို့အလွန်စွဲမက် ကြိုက်နှစ်သက်သည့်ဇာတ်ထုပ်။
နေ့စေ့ လစေ့ ကိုယ်ဝန်အရင့်အမာကြီး လွယ်ထားရသူ မဗုံဗုံမှာ ခင်ပွန်းဖြစ်သူနှင့် အိမ်နီးချင်း မိတ်ဆွေသင်္ဂဟများ တားမြစ်သည့်ကြားထဲက ၀ါသနာကို မတားနဲ့တော့ရှင်၊ မဗုံဗုံမှာ ပွဲခင်းထဲသို့ ရောက်နေခဲ့သည်။

ရှင်ဘုရင်နှင့် ၀န်ကြီးများ တိုင်းပြည်တည်ပြီး ကြပြီ။
ဗိုက်ထဲက တစစ်စစ်နာလာပေမယ့် မဗုံဗုံက အိမ်ပြန်ဖို့ လုံးဝစိတ်မကူး။
အဲသည့်အချိန် ခင်ပွန်းဖြစ်သူ ကိုဖိုးခင် ပွဲထဲသို့ ရောက်နေသည်။
သို့စေကာမူ သူတို့နှစ်ယောက်မှာ တစ်ကွဲတစ်ပြားစီ ရှိနေကြသည်။
ငမိုးရိပ်မိကျောင်းက လူယောင်ဖန်ဆင်းလျက် ရေခင်းသူမယ်ပွင့်နှင့် တွေ့ပြီး ကြည်နူးဆွတ်ပျံ့ဖွယ်ရာ နှလုံးသားစကားထာ ဖွဲ့နေချိန်အရောက် မဗုံဗုံဗိုက်ထဲက ကျွမ်းသူပုန်ထလာသည်။

မဗုံဗုံက ဇွဲတင်းကြည့်သေးပေမယ့် ပွဲခင်းထဲမှာ ဆက်နေလို့ မရတော့။
အဖော်များ အကူအညီနှင့် အိမ်ကို အသော့ ပြန်နှင်ခဲ့ရသည်။
အိမ်အရောက် ရေမြွာပေါက်ပြီး သားယောင်္ကျားလေး တစ်ယောက် လူ့ပြည်ရောက်လာသည်က စနေနေ့သို့ အ၀င် မနက်သုံးနာရီ။
ကိုဖိုးခင်မှာ အိမ်ပြန်မရောက်သေး။ ပွဲခင်းထဲမှာပင် ရှိနေသေးသည်။

ငမိုးရိပ်ဇာတ်ထုပ်ထဲမှ . .

"မောင်ကြီးရဲ့ နှမလေးတို့ တစ်ယောက်နဲ့တစ်ယောက် မမြင်ရ မတွေ့ရရင် မနေနိုင်အောင် ချစ်သူတွေ ဖြစ်ကြပေမယ့် မောင်ကြီးရဲ့ မျိုးရိုးဇစ်မြစ်ကို နှမလေးမသိသေးသမို့ နှမလေး သိပါရစေလားရှင် "
"နှမလေးသိချင်လှမှတော့ မောင်ကြီးက မပြောဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ပြောရတော့မှာပေါ့။ မောင်ကြီးက ဟောဒီ ဗိုလ်တထောင် ခြင်ထောင်တန်းက ကျောက်ကုန်သည် မောင်မိုးပါ နှမငယ် "
အမှန်တော့ မင်းသားကြိုးဆွဲပြောလိုက်သည်မှာ ဇာတ်စကား မဟုတ်ပါ။

ဗိုလ်တထောင်တွင် ကပြနေသည့်ပွဲဖြစ်သမို့ ဗိုလ်တထောင် ပွဲကြည့်ပရိသတ်အကြိုက် ထွင်လုံးထုတ်၍ ဗိုလ်တထောင်ခြင်ထောင်တန်းက မောင်မိုးပါတဲ့ ဟု ပြောလိုက်ခြင်းဖြစ်၏။
ထိုအချိန်တွင် မဗုံဗုံမီးဖွားသတင်းပြောဖို့ ကိုဖိုးခင်ကို လာရှာသူနှင့် ကိုဖိုးခင်တို့ တွေ့ပြီး ကိုဖိုးခင် အိမ်ပြန်လိုက်လာသည်။
သားယောင်္ကျားလေးဆိုကတည်းက ကိုဖိုးခင်က သူ့သားနာမည်ကို ရွေးပေးလိုက်သည်။ အနွတ္တသညာနာမည်။
လူမိုက်ဟု အများက အသိအမှတ်ပြုလာသောအခါ ကိုတို့ ဦးတို့ ထပ်ကမတပ်ဘဲ စရိုက်နှင့် ညီထွေစွာ ဗိုလ်တထောင် ငမိုးဟု ခေါ်ခဲ့ကြသည်။

မောင်မိုးက ရုပ်ရည် ကြည်လင်သန့်ပြန့်သည်။
လူချောကြီးဟု မဆိုသပေမယ့် နှစ်လိုဖွယ်ရာ အဆင်းအင်္ဂါနှင့်ပြည့်စုံ၍ လူရည်သန့်သည်။ သတ္တိကောင်းသည်။ မဟုတ်မခံစိတ်ရှိသည်။
မတရားမှုကိုတွေ့လျှင် ကိုယ်နှင့် ဆိုင် ဆိုင် မဆိုင်ဆိုင် ပါဝက်ပတ်သက်တတ်သည်။ ဒါက ကိုမိုး၏ ပင်ကို စရိုက်။
ကိုမိုးက လမ်းမတော် ဖိုးတုတ်လို လူမိုက်လုပ်ဖို့ ရည်ရွယ်ချက် လည်းမရှိ။ အများက လူမိုက်အဖြစ် အထင်ရောက်လာသည့် အပြုအမူမျိုးကိုလည်း မလုပ်ခဲ့။ လူမိုက်သွင်ပြင် ဟန်ပန်လည်း မဆောင်ခဲ့။
လူငယ်ဘာဝ ချစ်သူအတွက် မခံချင်စိတ်ဖြင့် တဇွတ်ထိုး၊ တဇောက်ကန်း၊ လုပ်မိခဲ့ရာမှ လူမိုက်ဟု အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီး မကောင်းသော ဘ၀လမ်းကြောင်းပေါ်သို့ ရောက်ခဲ့ရ၊ လျှောက်ခဲ့ရသူဖြစ်၏။
မိခင်ဖြစ်သူက ဘိုကလေးဈေးထဲမှာ ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက် ဆိုင်ဖွင့်ထားသည်။
မောင်မိုးက မိခင်ဖြစ်သူထံသွားရင်း ဈေးထဲသို့ မကြာခဏရောက်သည်။

မမြသစ်တို့ သားအမိက ဆန်တန်းမှာ ဆန်ရောင်းသည်။

မိခင်ဖြစ်သူ၏ဆိုက်ကိုသွားတိုင်း မမြသစ်တို့ ဆိုင်ရှေ့က ဖြတ်သန်းရစမြဲ ရှိသည်။
ကိုမိုးကို တန်းတန်းစွဲခင်မင်သည့် စိတ်တူကိုယ်တူ ရင်ဘတ်ပေးပေါင်းသည့် သူငယ်ချင်းတစ်ယောက်ရှိသည်။
ဘဦး ခေါ် အလိန်။ အလိန်က သူဌေးသား။ မိဘတွေက ချမ်းသာသည်။ နိုင်ငံခြားပို့ ဆေးပြင်းလိပ်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာခဲ့ကြသည်။
စစ်မဖြစ်မီကာလက ထိုလုပ်ငန်းမှာ ပေါ့ပေါ့သေးသေး လုပ်ငန်းမဟုတ်။ လုပ်ငန်းကြီး စာရင်းထဲ ၀င်သည်။
နိုင်ငံခြားမှ စီးကရက်ကို လူတိုင်း ဖောဖောသီသီ သောက်နိုင်သော်လည်း ဆေးပြင်းလိပ်ကိုမူ လူတစ်ရာမှာ ဆယ်ယောက်လောက်သော်မှ ပုံမှန်မသောက်နိုင်ကြ။

လုပ်ငန်းရှင် သူဌေးကြီးများသာ သောက်နိုင်ကြသည်။
အလိန့်မိဘများပို့သည့် ဆေးပြင်းလိပ်များမှာ ရောင်းတန်းဝင်၍ လူကြိုက်များပြီး ဈေးကောင်းရသည်။
အလိန်က သွေးချင်းလေးယောက်တည်းမှာ တစ်ဦးတည်းသော ယောင်္ကျားလေး၊ သူ့ကိုမွေးပြီး စီးပွားပိုတတ်လာသောကြောင့် အရမ်းအလိုလိုက်ထားသည်။ ရွှေလက်ပတ်ကြိုး၊ စိန်လက်စွပ်၊ ရွှေကြိုးကိုပင် အရွယ်နှင့် မလိုက်အောင် ဆင်ပေးထားသည်။ မုန့်ဖိုးဆိုလည်း လက်ဝါးဖြန့်တိုင်း ရနေသည်။
အဖေကတလှည့်၊ အစ်မနှစ်ယောက်က တစ်လှည့်ဖြင့် အလျှံပယ် ရနေသည်။ ရှေးရေစက်ကြောင့်လားမသိ။ အလိန်က မောင်မိုးကို အရမ်းခင်သည်။ တန်းတူ ရည်တူ ပေါင်းသည်။ အ၀တ်အစားကအစ မောင်မိုးကို ၀ယ်ခြမ်းပေးသည်။ မောင်မိုး လူမိုက်မဖြစ်ခင်ကတည်းကပင် သူတို့နှစ်ယောက် ပေါင်းသင်းမှု မှာ ခိုင်ကြည်ခဲ့သည်။

မောင်မိုးကို တစ်ယောက်တည်း မတွေ့ရတတ်သလို၊ အလိန်ကိုလည်း တစ်ယောက်တည်း မတွေ့ရတတ်။
သူတို့နှစ်ယောက်မှာ အမြဲတမ်း တပူးတွဲတွဲ ရှိကြသည်။
မောင်မိုး မမြသစ်တို့ ဆိုင်ရှေ့ ဖြတ်သွားတိုင်း မကြာခဏဆိုသလို မျက်လုံးချင်း ဆုံချိန်ခဲ့ရာမှ သွေးသစ်တက်စ မမြသစ်၏ ရုပ်ပုံလွှာမှာ မောင်မိုး၏ မျက်စိထဲတွင် စွဲထင်သွားသည်။
တစ်ယောက်က လူပျိုပေါက်စ၊ စိတ်ကစားတတ်စအရွယ်၊ တစ်ယောက်က အပျိုဖျန်း၊ စိတ်သဝေထိုးတတ်စအရွယ်။
မမြသစ်ကလေးက အချောအလှကြီး မဟုတ်ပေမယ့် ဖြူဝင်းသော အသား၊ အပြုံးလှသော သွားတတ်ကလေးနှင့် ရိုးရိုးယဉ်ယဉ် အလှရိပ်ထင်သည်။

မောင်မိုးကလည်း ရုပ်ရည်မခေ။
လူချောတစ်ယောက်မဟုတ်ပေမယ့် မိန်းကလေးတို့ စိတ်ဝင်စားသည့် ရုပ်ဆင်းအင်္ဂါ ပြည့်စုံသည်။
အလိန်ကလည်း မောင်မိုးကို တင့်တယ်လျောက်ပတ်သော အဆင့်ထက်သာလွန်သည့် ၀တ်စားဆင်ယင်မှုကို ပံ့ပိုးပေးရုံမက ရိုးကုန်တိုက်မှာရောင်းသည့် ဆယ့်လေးကျပ်တန် အယ်လ်ဂျင် ရွှေရောင် နာရီကလေးတစ်လုံးကိုပါ ၀ယ်ပေးခဲ့သည်။

တောင်းမှာ အကွပ်၊ လူမှာ အ၀တ် ဆိုစကားအတိုင်း မောင်မိုးကလည်း လူလတ်တန်းစား သားသမီးများ ၀တ်ဆင်မှုအဆင့်ကို မီအောင် ၀တ်ဆင်နိုင်ခဲ့သည်။

မောင်မိုးက အခွင့်အရေးရတိုင်း မမြသစ်အပေါ် စိတ်ဝင်စားမှုကို မျက်လုံးအထာနှာင့်တစ်မျိုး၊ နှလုံးသားပုံရိပ်အမူအရာနှင့် တစ်သွယ်၊ စကားပြော အပြုံးအမျိုးမျိုးဖြင့် တစ်ဖုံ ချစ်နေမိကြောင်း သိပါစေကြောင်း ပြသခဲ့သည်။

တစ်ခါတရံသာ နှုတ်ခမ်းစူဝန်းသည်က လွဲလို့ မမြသစ်မျက်နှာ မလွှဲ။

သူမဘက်ကလည်း လိုက်လျော အထာသဘောကို အပျိုဖျန်းကလေးတို့၏အတတ်ပညာဖြင့် တုန့်ပြန်ခဲ့သည်။ ထိုမှတဆင့်တက်၍ ချစ်သ၀ဏ်လွှာပါးသည်။ ဟင့်အင်း အမူအယာ ပြပေမယ့် ဆန်တောင်းထဲက စာခေါက်ကလေးကို လျှင်လျှင်မြန်မြန် လက်ကစား၍ ယူလိုက်သည်။

သူတို့နှစ်ယောက်ကြားမှာ နားလည်မှုအပြည့်အ၀ရှိသွားကြသည့်နောက် မောင်မိုးဆိုင်ရှေ့မှာ ရပ်ခွင့်ရသွားသည်။ နေ့ခင်း ဈေးရောင်းပါးချိန်တွင် မမြသစ်အဒေါ်က အိမ်ခဏပြန်တတ်သည်။ နေ့စဉ်တော့ မဟုတ်။

အဒေါ်ဖြစ်သူ အိမ်ပြန်သောနေ့မျိုးတွင် သူတို့နှစ်ယောက် အပြုံးချင်းချိတ်၍ စကားဖလှယ်ကြသည်။ စကားကြွယ်ကြသည်။

ချစ်တတ်သူတို့ အပေးအယူမျှကြပြီဆိုတော့လည်း ကြည်နူးရွှင်မြူးစရာတွေ အပြည့်အသိပ်ပေါ့။ တစ်ခါတရံတော့လည်း စိတ်သဘောမတွေ့စရာ မကြည်သာစရာ စိတ်အနှောင့်အယှက် ဖြစ်စရာကလေးတော့ ကြားဝင်လာတတ်သည်။

မောင်မိုး ကျောင်းမှန်မှန် မတတ်သည့် ကိစ္စအတွက် မကျေမနပ်ပြောလာသည်။ ဆိုင်ကို မလာဖို့ တားမြစ်စကားပြောလာသည။် သူပြောသည်ကို နားမထောင်ဘဲ တစ်ဘက်လှည့်ပြီး စိတ်ကောက်နေတတ်သည်။

မောင်မိုးကလည်း မောင်မိုးမို့ ပြောစရာ ဖြစ်နေသည်။

(ဆက်လက်ဖော်ပြပါမည်)

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ref:https://www.facebook.com/photo.php?fbid=519347738106880&set=a.445129605528694.104366.439724399402548&type=1