Saturday, May 19, 2012

“အမေ”(မင်းအောင်သက်လွင်)

“အမေ”

ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
 နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
 သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
 မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
 နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
 အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
 ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
 လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
 ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။

သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
 အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
 သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
 အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
 သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
 အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
 သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
 သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
 အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
 သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်း​တောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
 အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။

ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
 သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။
 
သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
 အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
 သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
 သားသမီးသုံးယောက်ပေါင်းပြီး​ ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
 အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ

သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
 ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
 စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။
 ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
 အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ

ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
 ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။
 စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
 အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။

သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
 တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။

သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
 တို့အမေကတော့ တောခြုံမြက်ကြားနား။
 အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
 အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ

အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်

နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
 မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
 တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
 လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်​မှာ
 အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
 ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်​။

အမိမဲ့သား ရေနည်းငါး
 သားဆိုးအမေ တပေပေ
 လင်ဆိုးမယား တဖားဖား

သားကိုသခင်၊ လင်ကို ဘုရား
 မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
 သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
 သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
 သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ

အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
 အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
 အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
 အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
 အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
 အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
 အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။

ဆရာမပြ၊ နည်းမကျ တဲ့၊
 အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
 ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
 ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
 အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
 နောင်တနဲ့ အမေ့သားသမီးတွေ။

အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
 ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
 ကမ္ဘာ အဆုံးတိုင်၊ အမေပြုံးနိုင်ပါစေ ။ ။
မင်းအောင်သက်လွင်
ရင်ခွင်သစ်facebookမှကူးယူဖော်ပြပါသည်။