Wednesday, February 15, 2012

မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားက တရားဝင် ဒုတိယ နိုင်ငံခြား ဘာသာစကား ဖြစ်လာတော့မှာလား

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်
မြန်မာနိုင်ငံတွင် မိခင်ဘာသာ စကားဖြစ်သော မြန်မာစာပြီးပါက အင်္ဂလိပ်စာသည် အဓိကသုံးစွဲသော နိုင်ငံခြား ဘာသာစကားဖြစ်ပြီး ယခုနှစ်များအတွင်းတွင်မူ တရုတ်ဘာ သာစကားမှာ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် ဖြစ်လာကြောင်း သတင်းရရှိပါသည်။
ယခင်က နယ်စပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများ၊ ဆိုင်များ၌ တရုတ်ဘာသာစကားကို မြန်မာစာနှင့် တွဲဖက်သုံးစွဲမှုရှိပြီး ယခုအခါတွင် မန္တလေးမြို့၊ ရန်ကုန်မြို့များတွင်ပါ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြေညာထားသော အသိပေးစာတစ်ခု
တရုတ်နိုင်ငံနှင့် ထိစပ်နေသော ပြည်နယ်များဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တရုတ်လူမျိုးများ ရွှေ့ပြောင်းရောက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများစွာ အခြေချလုပ်ကိုင်မှုတို့နှင့်အတူ ဘာသာ စကားသည်လည်း လွှမ်းမိုးမှုရှိလာကြောင်း တိုင်းရင်းသားများရေးရာ လေ့လာနေသူအချို့က ဆိုပါသည်။


သူတို့က စီးပွားရေးနဲ့ ၀င်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာရှမ်းစာနဲ့ ဖော်ပြတာလုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။


“သူတို့က စီးပွားရေးနဲ့ဝင်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာ ပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာ ရှမ်းစာနဲ့ ဖော်ပြတာ လုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။ ဆိုင်တော်တော်များများကလည်း တရုတ်စာတွေနဲ့ ဖြစ်လာတယ်။ တိုင်းရင်းသား ဘာသာစကားကတော့ ပျောက်သလောက်ပေါ့။ တိုင်းရင်းသား ဘာသာစကားသင်ရင်၊ ဖော်ပြရင် အမျိုးသားရေး စိတ်ဓာတ်ရှိတယ်၊ ကျဉ်းမြောင်းတယ်လို့ အမြင်ရှိကြ တယ်။ တိုင်းရင်းသားကို ကြောက်တယ်။ တရုတ်ကိုတော့ မကြောက်ဘူး။ ရှမ်းရွာတွေဆိုလည်း အရင်က ရှမ်းစာနဲ့နာမည်ရေးကြတယ်။ အခု တော့မြန်မာစာနဲ့ပဲ ရေးထားကြတယ်” ဟု ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
နိုင်ငံခြားသား ၀င်ရောက်မှုများသော ပုဂံလေဆိပ်တစ်နေရာ
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ကျော် ၀န်းကျင်က နိုင်ငံခြားဘာသာ စကားသင်ယူမှုတွင် အင်္ဂလိပ်ဘာသာ ပြီးပါက ဂျပန်ဘာသာသည် ဒုတိယနေရာတွင် ရှိခဲ့ပြီး နောက်ပိုင်းတွင်မူ စီးပွားရေးကူးလူးဆက်ဆံမှု၊ တွင်ကျယ်မှုများပေါ် မူတည်ကာ တရုတ်ဘာသာစကားသည် ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။
တိုင်းရင်းသားဒေသများတွင် လည်း တိုင်းရင်းသား လူငယ်များသည် တရုတ်ဘာသာစကားကို အလုပ်အကိုင် အခွင့်အလမ်းများအတွက် သင်ယူလာကြကြောင်း သိရှိရသည်။


မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များနေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ် ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။


“မြစ်ကြီးနားမှာတော့ တရုတ် လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ တွင်ကျယ်လာတာကြာပြီပေါ့။ အခုဆို
တော်တော်ပဲ လွှမ်းမိုးထားတဲ့သဘော ရှိတယ်။ စီးပွားရေး လုပ်ငန်းအကြီး တွေကအစ အလတ်စား၊ အငယ်စား တွေအထိပဲ။ ဆိုင်တွေမှာကတော့ ထုံးစံအတိုင်း မြန်မာစာရယ်၊ တရုတ်စာရယ်နဲ့ တင်ထားတာပေါ့။ ကချင် ဘာသာစကားနဲ့တော့ မရှိပါဘူး။ အခုဆို ဘာသာစကားပိုင်းမှာပါ တော်တော်လွှမ်းမိုးမှုရှိလာပြီ။ တရုတ် စီးပွားရေးလုပ်ငန်းတွေ ကများလာတော့ တရုတ်စာတတ်ဖို့ လိုလာတယ်လေ။ ကချင်တွေရော၊ ဗမာတွေရော လူငယ် လေးတွေ တရုတ်စကားကို သင်လာ ကြတယ်”ဟု ကချင်ပြည်နယ် မြစ်ကြီး နားမြို့မှ ဒေသခံတိုင်းရင်းသား တစ်ဦးက ပြောပြသည်။

ပြည်နယ်ဒေသများတွင် သာမက မန္တလေးမြို့တွင်လည်း အဓိကကျသော မြို့၏အစိတ်အပိုင်းများတွင် တရုတ် လူမျိုးများ၏ စီးပွားရေးလုပ်ငန်းများ တွင်ကျယ်မှုရှိလာကာ နာမည်ဖော်ပြမှုများတွင်ပင် တရုတ်ဘာသာစကား ကို တွဲဖက်ဖော်ပြမှုရှိနေသည်ဟု မြို့ခံ တစ်ဦးက ဆိုပါသည်။

မန္တလေးမြို့ရှိ စီးပွားရေးကြော်ငြာများတွင် မြန်မာစာနှင့် အင်္ဂလိပ် ဘာသာအပြင် အခြားဘာသာစကား များဖြင့် ထည့်သွင်းအသုံးပြုမှု များပြားလာခြင်းကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များအား ပြောင်းလဲရေးသားရန် ညွှန်ကြားခဲ့သည်။

ယခုအခါ မန္တလေးမြို့ပေါ်၌ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ အပြင် အခြားဘာသာစကားများဖြင့် ရေးသားထားသော စီးပွားရေးလုပ်ငန်းကြော်ငြာများ တဖြည်းဖြည်း နည်းပါးသွားပြီ ဖြစ်သော်လည်း အချို့တစ်ဝက်မှာ ဆက်လက်ကြော်ငြာထားကြဆဲပင် ဖြစ်သည်။

“မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာအပြင် တခြားဘာသာစကားတွေနဲ့ ရေးထားတဲ့ စီးပွားရေး ကြော်ငြာတွေထဲကမှ အလွန်အကျူးရေး ထားတဲ့ စာသားတွေပါဝင်တဲ့ကြော်ငြာတွေ ယဉ်ကျေးမှုအရ မသင့်လျော်တဲ့ စကားလုံးတွေပါဝင်တဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေကို ဖြုတ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့သာ ရေးသားဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီးပါပြီ။ နိုင်ငံတော် ဘာသာစကားဟာ မြန်မာဘာသာဖြစ်ပြီး အင်္ဂလိပ်စာကို ရုံးသုံးအနေနဲ့ အသုံးပြု တဲ့အတွက် ဒီနှစ်ဘာသာကလွဲရင် ကျန်တဲ့ဘာသာတွေကို သုံးစွဲပိုင်ခွင့်မရှိပါဘူး။ ဒါဟာ ထုတ်ပြန်စရာ မလိုတဲ့ စည်းကမ်းပါ” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“ကျွန်တော်တို့ တရုတ်စကားပြော သင်တန်းကျောင်းနဲ့ တရုတ်စာ သင်တန်းကြော်ငြာ ဆိုင်းဘုတ်မှာ တရုတ်စာတစ်ခုတည်း အထင်အရှား ရေးထားတာမို့ စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူတွေက လာပြီး မြန်မာစာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုပဲ ကြော်ငြာခွင့်ရှိတယ်ဆိုပြီး ပြောင်းလဲဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒါကြောင့် အခု မြန်မာစာ တစ်ခု နဲ့ပဲ သင်တန်းကြော်ငြာ ဆိုင်းဘုတ် တင်ထားတာပါ”ဟု မျက်ပါးရပ်ရှိ တရုတ်သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

“ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ တရုတ် စာတွေနဲ့ပါ ညွှန်းထားတာ၊ ဖော်ပြထားတာ တချို့တွေ့ရပါတယ်”ဟု ခရီးသွားတစ်ဦးက ပြောပြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း က Pioneer Aerodrome Services ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်း လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်းသိရပြီး အဆိုပါ ကုမ္ပဏီသည် အေးရှားဝေါလ်ကုမ္ပဏီ ၏ ဆက်စပ်လုပ်ငန်း တစ်ခုပင်ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုကိုလည်း လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ နိုင်ငံတကာ ခရီးသွားများ ၀င်ရောက်နေရာတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း၌ တရုတ်လူမျိုး ခရီးသွားများသည် အာရှခရီးသွားများ အနက် ထိုင်းခရီးသွားများကို ကျော်လွန်ကာ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ လေကြောင်းခရီးဖြင့် ၀င်ရောက်ခဲ့သော ခရီးသွားဦးရေ ၃၉၀၀၀၀ ကျော်တွင် အာရှခရီးသွား ဦးရေသည် ၂၅၉၀၀၀ ကျော် ပါဝင်ခဲ့သည်။ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်စသည့် အာရှနိုင်ငံများမှ ခရီးသွားများအနက် တရုတ် ခရီးသွားဦးရေသည် ၆၂၀၀၀ ကျော်ခဲ့ ပြီး ခရီးသွားဦးရေ စုစုပေါင်း ၏ ၁၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့သည်။

တရုတ်လူမျိုး ခရီးသွားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်မှုများပြားသော ခရီးသွားအမျိုးအစားတွင် ပါဝင်နေသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင်သာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မြို့ ကြီးများတွင်ပါ ဘာသာစကားပိုင်းဆိုင်ရာ လွှမ်းမိုးမှုမြင့်တက်လာနေပြီး ယခင်က ပုဂ္ဂလိကလုပ်ငန်းများက ၎င်းတို့၏ အမည်ဖော်ပြမှုတွင် တရုတ်စာကို မြန်မာစာနှင့် တွဲဖက်ဖော်ပြခဲ့ ကြပြီး ယခုအခါ ဌာနအဆောက်အအုံများတွင်ပါ ဖော်ပြသုံးစွဲမှုရှိလာခြင်းသည် သတိပြုရန်လိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ဘာသာစကားရောက်ရင် လူမျိုးရောက်တယ်။ ဘာသာစကား ပျောက်ရင် လူမျိုးပျောက်ပါတယ်။ တရုတ်ဘာသာစကားကို ပုဂ္ဂလိက နေရာတွေမှာသုံးတာ ကိစ္စမရှိပေမယ့် Official နေရာတွေမှာပါ သုံးစွဲမယ် ဆိုရင်၊ နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာစကားပြီးရင် တရုတ်စာ၊ တရုတ်စကားကို မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံခြားဘာသာစကား တစ်ခုအဖြစ် သုံးတော့မယ်ဆိုရင် လွှတ်တော်မှာ တရားဝင်ဆွေးနွေး သင့်ပါတယ်။ အခုလိုလေဆိပ်တွေမှာ သုံးစွဲနေတာက တရုတ်ခရီးသွားတွေ က တကယ်ပဲ အ၀င်များနေလို့လား။ အင်္ဂလိပ်စကား မပြောတတ်လည်း ရပြီလား။ ဒါမှမဟုတ် ဧည့်လမ်းညွှန်တွေ စကားပြန်တွေ ခေါ်စရာမလိုတော့ဘူးလား။ သူတို့ဘာသာစကား နဲ့ပါ ဒီလိုဖော်ပြပြီး အဆင်ပြေအောင်တော့ သီးသန့်လုပ်ပေးဖို့ လိုမယ်မထင်ပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး တွေ အများကြီးပါ။ ဒီလိုဆိုရင် ပြည်နယ်မြို့တော်တွေရဲ့ အဓိကနေရာတွေ မှာ တိုင်းရင်းသား ဘာသာစကားတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသင့်ပါတယ်”ဟု Weekly Eleven News Journal ၏အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် တရားဝင်ရင်းနှီးမြှုပ်နှံထားမှုမှာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါးရှိပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြသည့် နိုင်ငံ ၃၀ ၀န်းကျင်တွင် အများဆုံးဖြစ်သည်။ အဓိက အားဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတူး ဖော်ရေးကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ကချင်ပြည် နယ်တွင် ကျောက်စိမ်း၊ သစ်၊ ရခိုင် ပြည်နယ်တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့နှင့် အခြားဒေသတို့တွင် သတ္တုတူး ဖော်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံထားကာ နိုင်ငံ၏ နေရာအတော်များများ တွင် ရေအားလျှပ်စစ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံထားသည်ဟု သိရှိရသည်။

“ကျွန်တော်တို့မှာ လူမျိုးရေး မုန်းတီးမှုမရှိပါဘူး။ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုလည်း မရှိပါဘူး။ အခြေအနေတွေ မဆိုးဝါးခင် တားဆီး နိုင်ဖို့တာဝန်ရှိတဲ့ မီဒီယာအနေနဲ့ ပြတ်ပြတ်သားသား ထောက်ပြတာပါ။ တရုတ်စာ၊ တရုတ်စကားကို စိတ်ဝင်စားလာကြတာဟာ ဂလိုဘယ်လိုက်ဇေးရှင်းအရ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များ နေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။ ဒီလိုလူမျိုးတွေ များလာတာကိုတော့ လက်ခံလို့ မဖြစ်နိုင်ပါဘူး။ မြေမျိုလို့ လူမျိုး မပျောက်ပါဘူး။ လူမျိုရင်တော့ လူမျိုးပျောက် တတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက တံခါးပေါက်တွေမှာ သေချာ စိစစ်သင့်ပါတယ်။ အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုမျိုး တွေ လုပ်သင့်ပါတယ်။ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဟာ မြန်မာစကား ဒါမှမဟုတ် တိုင်းရင်းသား ဘာသာစကားတစ်ခုခု ပြောတတ်ခြင်းရှိမရှိ သေချာစစ်ဆေးသင့် ပါတယ်။ လူငယ်ထုနဲ့ ပြည်သူတစ်ရပ်လုံးကလည်း အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ကူညီသင့်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
Ref:http://www.news-eleven.com/