Wednesday, August 31, 2011

မန်းငြိမ်းမောင် ကို တရုတ် က မြန်မာ ကို လွှဲပေး

မန်းငြိမ်းမောင် ကို တရုတ် က မြန်မာ ကို လွှဲပေး

ကရင် အမျိုးသား အစည်း အရုံး (KNU) ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဖဒို မန်းငြိမ်းမောင် ကို တရုတ် နိုင်ငံ ကူမင်း လေဆိပ် တွင် ဇူလိုင် လဆန်း က တရုတ် ရဲ နှင့် ထောက် လှမ်း ရေးများ ကဖမ်းဆီး ပြီး မြန်မာ နိုင်ငံ ဘက် သို့  လွှဲပြောင်း ပေး လိုက် သည် ဟု တရုတ်-မြန်မာ နယ်စပ် သတင်းရပ် ကွက် များ မှ တစ်ဆင့် FNG မှ စုံစမ်း သိရှိ ရသည်။

ဖဒို မန်းငြိမ်းမောင် သည် ၁၉၆၀ ပြည့် လွန် နှစ် များ တွင် ကရင် လူငယ် လှုပ်ရှား မှု များ ကို ဦးဆောင်ခဲ့၍ ဖမ်းဆီး ထိမ်းသိမ်း ခံရပြီး နာမည် ကျော် တစ်ကျွန်းစံ အကျဉ်းထောင် ဖြစ်သည့် ကိုကိုးကျွန်း သို့ ပို့ ဆောင် ခြင်း ခံ ခဲ့ ရသည်။

မြန်မာ စစ်တပ် နှင့် ကချင် လွတ်မြောက် ရေး တပ်မတော် (KIA) တိုက်ပွဲ များ ပြင်းထန် နေချိန်ဖဒို မန်းငြိမ်းမောင် သည် တရုတ် ပြည် မှ တစ်ဆင့် ဆက် လက် ထွက် ခွာ မည့် ခရီး စဉ် တစ်ခု ကိုစောင့် ဆိုင်း နေခိုက် ဖမ်းဆီး ခံ ရခြင်း ဖြစ်သည်။

စာရေးဆရာ မြသန်းတင့် က ရုပ်ရှင် အဖြစ် ပြန်လည် ရိုက် ကူး ခဲ့ သည့် သူ၏ နာမည် ကျော် ဓားတောင်ကို ကျော်၍ မီးပင်လယ် ကို ဖြတ် မည် ဆို သည့် ၀တ္ထု တွင် ပါဝင် သည့် အဓိက ဇာတ်ကောင်အဖြစ် မန်းငြိမ်းမောင် မိုင် ၁၈၀ ကျော် ပင်လယ်ကို ဖြတ် ၍ ကိုကိုးကျွန်းမှ ထွက် ပြေး ပုံ ကို ဇာတ်လမ်းယူ ထား ခြင်း ဖြစ်သည် ဟု စာရေးဆရာ က စာပေ ဟောပြော ပွဲ တစ်ခု တွင် ပြောကြား ခဲ့သည်။

KNU ခေါင်းဆောင် မန်းငြိမ်းမောင် အား ဖမ်းဆီး ထား သည် ကို မြန်မာ အစိုးရ ကလည်း သတင်း ထုတ်
ပြန် ခြင်း မရှိ ခဲ့ ဟု သိရသည်။ဖဒို မန်းငြိမ်းမောင် အား တရုတ် က မြန်မာ ကို လွှဲ ပေး ခဲ့ခြင်း နှင့် ပတ် သက် ပြီး ၎င်း ၏ အဖွဲ့  အစည်း ဖြစ်သည့် KNU က စုံစမ်း ဆဲ ဖြစ်သည်။

ဖဒို မန်းငြိမ်းမောင် သည် သူ၏ နိုင်ငံ ရေး သမား ဘ၀ နှင့် ကိုကိုးကျွန်း အတွေ့ အကြုံ တို့  ကို ရဲဘော် ရှောင်းဆို သည့် ကလောင် အမည် ဖြင့် စာ ပေ များ ရေးသား ခဲ့ သည်။

Monday, August 29, 2011

မြစ်ရေစီးသံ နာခံလော့

မြစ်ရေစီးသံ နာခံလော့
ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှဘဲ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင်တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့အပြောအရ) ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာဆိုတော့ ကော်မရှင်နာကြီးရဲ့ ခရီးကို ပရိတ်သတ်အပေါင်းက မျှော်လင့်ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေလိုက်တာ ကင်တားနားလည်း ဖင်ကားယားနဲ့ အဆုံးသတ်သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။

ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စား လှယ်တော်ကြီး ဂမ္ဘာရီလက်ထက်ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ္ဘာရီလာမယ်၊ ထူးမယ်၊ ဂမ္ဘာရီပြန်ရင် ထူးမယ်နဲ့ မျှော်လိုက်ရတာ ဂမ္ဘာရီသာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံးသွားတယ် ဘာမှ ထူးမလာဘူး။ အခု ကင်တားနားလည်း ရယ်စရာမောစရာနဲ့ဘဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူတာတွေ အတူလုပ်ကြမယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီးသွားတော့တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာတဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။

ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ်။

ကြက်တူရွေးလွှတ်တော်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီး(အရပ်ဝတ်)ရွှေမန်းတို့၊ခင်အောင်မြင့်တို့က နိုင်ငံရေးအကျဉ်းသား တွေကိုလွှတ်ချင်ပါတယ်။ အခုတော့မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မရှင်နာကြီး ကိုပြောလိုက်သတဲ့။ (၂၃)နှစ်ရှိနေတာတောင် အခြေအနေတွေကမကောင်းသေးဘူးလား။ သူတို့အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှ မတူအောင်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ရဲ့စကားတွေ ဘယ်ပျောက်ကုန်ပြီလဲ၊ ကြက်တူရွေးဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ်မယ်ဆိုတော့ အခုကအခြေအနေ မကောင်းသေးဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဒါဆို အဘက်ဘက်က ဘယ်ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ပြောခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေလိမ်တာပေါ့။ မတူတာတွေ ဘေးထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲလား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေ မလဲ။ ဒါလဲ နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါလို့ ပြောဦးမယ် ထင်ပါရဲ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာဘွဲ့ တံဆိပ်တွေ အပြည့်ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ်ပေးပြီးရင် လမ်းမတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့အာမခံမှ လွှတ်ပေးမယ်လို့ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ်။ ကံကုန်ခါနီးတော့ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာကစခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကိုကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင်မစဉ်းစားနိုင်ကြရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲ နိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ကလေးကိုရိုက်ပြီး အရိုက်မခံချင်ရင်မငိုနဲ့လို့ပြောသလို ဖြစ်နေပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲများဆိုတာ။

ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင် အားမခံပေးမလားလို့ မေးရဲပြောရဲသလို၊ သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမား ဆိုသူများကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြိုက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်း သုံးပြီး အသနားခံကြမယ်ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင်ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ်တာမဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထားခံရသူဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် ကမောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ်လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။

ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦးမယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့သင်တာလို့ဆိုတယ်။ သမိုင်းထဲမှာ သင်္ခန်းစာ ယူစရာတွေအပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးကဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့အတော်တူတဲ့ ကုန်းဘောင်ခေတ်ကမင်းဆိုးမင်းညံ့တယောက်ပဲ။ ပြည်သူတွေဆီက အခွန် အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေကို သူ့မိဖုရားတွေက ငတ်နေတဲ့ပြည်သူကို ပြန်ရောင်စားတဲ့သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှထည့်မစဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စားမူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်းဖြည့်ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလား ဘိုင်ဆတ်ကို မြို့ဝန်ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းပြည်သူသားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံးသူကိုယ်တိုင်အမိန့်ထုတ် သတ်ပစ်ရတယ်။ အခု စစ်ဗိုလ်ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာပေးထားတာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမဲ့သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ်ရမဲ့သူတွေကို ထောင်ထဲထဲ့နဲ့ တကဲ့ကို ကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရတယ်။ ပြည်သူပြည်သားတွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံမင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။

အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်းကျန်သေးရင် ပုဂံမင်းအဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမဲ့ အချိန်ပဲဖြစ်တယ်။

ဒီနေ့စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပကအသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည်သာ နှစ်လိုလို့ပေါင်းနေတဲ့မိတ်ဆွေတယောက်မှမပါဘူး။ သူတို့ လိုဘ တခုတည်းအတွက် မချစ်သော်လည်း အောင့်ကာနမ်းနေကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေအသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတခါ တိုင်းပြည်နွံနစ်ရင်တော့ကမ္ဘာ့သုဉ်းတဲ့အထိကျွန်ဖြစ်ကြဘို့ဘဲရှိတော့တယ်။ နိုင်ငံရေး အကြပ်ဆိုက်လာမှ ဟိုလူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိကဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံးဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေးကလိန် ကကျစ် မျက်လှည့်ပွဲတွေရပ်သင့်ပါပြီ။ မင်းမှာသစ္စာ လူမှာကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါပြီ။

ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆိုတာ နည်းနည်း အကင်းပါးတဲ့သူတိုင်းမြင်ပါတယ်။ သူတို့ခြေလှမ်းက (၈၈) အရေးအခင်းပြီးစမှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းကဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက်ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းကအင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူမျိုး စုလက်နက်ကိုင်အဖွဲ့တွေကို အာရုံစိုက်ချေမှုန်းဘို့ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားကဒီတခါ အသုံးမဝင်နိုင် တော့ဘူး။ ခေတ်ကပြောင်းသွားပြီ။ လူထုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာလို့ အင်အားစုတွေ တခုနဲ့ တခုအကြား သတင်းဆက်သွယ် အမြင်ဖလှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်းမှာ နှစ်ခါချောင်းတဲ့မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့်သားကောင်က စစ်ဗိုလ်ချုပ်တွေတင်မကပဲ တိုင်းပြည်နဲ့ လူမျိုးပါ ရောပါသွားမှာပဲ။

နောက်အာရပ်ကမ္ဘာကစလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကိုရိုက်ခတ်ပြီး လူထုအုံကြွမှာကိုကြောက် တယ်။ စစ်တပ်အောက်ခြေ အများစုကလည်း အရင်လို ခိုင်းမရတော့မှာကိုသိနေတယ်။ ဒါဟာ မြစ်တစင်းထက် အင်အားပြင်းတဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကိုပိတ်ဆို့လို့ ရကောင်းရမယ်။ (၂၃) နှစ်တိုင်တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင်ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့်သာဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဘို့ လိုပါတယ်။

ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့နောက်တချက်က စစ်အုပ်စုဟာတဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲက ထင်သလောက်ခရီးမပေါက်ပဲ နိုင်ငံတကာဝင်ဆံ့ဖို့အကြံမမြောက်ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာရဖို့ဆိုတာ ဒီအကြံအစည်းရဲ့ပထမခြေလှမ်းပဲ။ ဒီက တဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက်ဆုံး အရေးယူ ပိတ်ဆို့မှု ဆန်ရှင်တွေရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူးဆန်ရှင်ပြုတ်စေချင်တာကလည်း တိုင်းပြည်နဲ့လူမျိုးအကျိုးထက် သူတို့ အတ္တအကျိုးကပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီးဗိုလ်နေဝင်းနဲ့ နိုင်ငံတကာကအာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန်ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံးစားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာ ဖြစ်တယ်။

အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂါတ်ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာပြည်ကို ဝိုင်းဝန်းကယ်တင် စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ (၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲ။ (၂၀၀၈) အဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူတွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ်လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။



လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေနဲ့မှသာဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှု တွေကိုတောင်းဆို၊ ပြေလည်ချင်ဇောနဲ့ သဘာဝမကျတဲ့လိုက်လျောတဲ့သဘောတူညီမှုတွေဆိုတာ သမမျှတမှု မရှိတဲ့ အပေးအယူညိနှိုင်းသဘောတူမှုတခုပဲဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲ က ရလာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည်အနာဂါတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုးရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက်စပ်ပြီး အောက်ကအတိုင်း ပြောခဲ့ပါတယ်။

“စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူ ကျောရိုးကိုတော့ အပေးအယူလုပ်လို့ မရဘူး။ အခြေခံမူ ကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုးဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်းဖြစ်တယ်။” (All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.)

ရဲဘော်ကျော်သန်း
၂၉၊ ၈၊ ၂၀၁၁။

Wednesday, August 17, 2011

ပြည်ကြီးတရုတ်နှင့် နာကျင်နေသော ခံစားမှုများ

ပြည်ကြီးတရုတ်နှင့် နာကျင်နေသော ခံစားမှုများ

မြန်မာပြည်မြောက်ပိုင်း မနောမြေ ကချင်ပြည်နယ်မှာ စစ်အစိုးရတပ်များက ကေအိုင်အို-ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့တွေကို စစ်တိုက်နေတာတွေ ကြားသိနေရပါတယ်။ ဒီဒေသတွေမှာ စစ်မဖြစ်တာ ကြာပါပြီ။ အခုတော့ ကချင်တပ်ဖွဲ့တွေက စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလို့လား။ နယ်ခြားစောင့် တပ် ဖွဲ့မလုပ်လို့လား။ စစ်တိုက်ရတဲ့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေ စဉ်းစားစရာတွေ အများကြီးရှိပေမဲ့ တရုတ်အစိုးရနဲ့ မြန်မာကြံ့ဖွတ်သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ မဟာဗျူဟာမြောက်မိတ်ဆွေဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုတာတွေနဲ့လဲ သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။

သူတို့ရဲ့မဟာဗျူဟာမြောက် မိတ်ဆွေပြုမှုဟာ ပြည်သူလူထု အကျိုးစီးပွားနဲ့တော့ မသက်ဆိုင်ဘူးဆိုတာ လူတိုင်းသိရှိကြမှာပါ။ အခုစစ်ပွဲတွေဟာ ကချင်ပြည်နယ်မှာ တရုတ်အစိုးရရဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတွေ၊ တာပိန်မြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းကိစ္စတွေ လမ်းချောမွေ့အောင် ကချင်တပ်တွေကို ဖယ်ရှားလိုတဲ့သဘောနဲ့ တိုက်နေတာလဲ ဖြစ်နိုင်ပါတယ်။ မြန်မာစစ်အစိုးရဟာ အရင်တုံးက ခေတ်အဆက်ဆက် ပြည်ကြီးတရုတ်နဲ့ သာမန် အိမ်နီးချင်းဆက်ဆံရေးထက် မပိုခဲ့ပေမဲ့ မြန်မာပြည်မှာ ၁၉၈၈ အရးတော်ပုံ လူထုအုံကြွမှုဖြစ်ပြီး၊ တရုတ်ပြည်မှာ ၁၉၈၉ တီယင်နာယင်ပြင် လူထုအုံကြွမှုဖြစ်ခဲ့တဲ့နောက် လူထုကိုဖိနှိပ်တာခြင်းတူတဲ့ အစိုးရနှစ်ခုဟာ သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဘို့ အကြောင်းတွေ ရှာလာခဲ့ကြပါတယ်။
လူထုဖိနှိပ်တဲ့နေရာမှာ အာဏာရှင် မူဝါဒခြင်းတူညီကြလို့ မြန်မာပြည်သူတွေ ပြောနေကြတာက တရုတ်နဲ့ မြန်မာမှာ တရုတ်က ဆရာလား။ မြန်မာက ဆရာလား။ ဘယ်သူက ဆရာ၊ ဘယ်သူကတပည့်လို့ မသိပေမဲ့ မိတ်ဆွေဆက်ဆံရေးလို့ မထင်ကြပါဘူး။ ဆရာ-တပည့်ဆက်ဆံရေးလို့ဘဲ ထင်ကြတယ်။ မြန်မာစစ်အစိုးရက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို လူထောင်ပေါင်းများစွာ သတ်ပြီးနှိမ်နင်းခဲ့တဲ့အတိုင်း တရုတ်အစိုးရက ၁၉၈၉ ခုနှစ် ကျောင်းသားများအုံကြွခဲ့တဲ့ တီရင်နမ် ရင်ပြင်ဆန္ဒပြပွဲကို ရက်ရက်စက်စက် ချေမှုန်းခဲ့တယ် မဟုတ်ပါလား။ ဒီတော့ လူထုကို ဖိနှိပ်တဲ့နေရာမှာတော့ မြန်မာစစ်အစိုးရက ပြည်ကြီးတရုတ်ရဲ့ ဆရာလို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

ဒါပေမဲ့ ၁၉၈၈-၈၉ ခုနှစ်တွေမှာ လူထုအုံကြွမှုကို ရင်ဆိုင်ခဲ့ရတာခြင်းတူပေမဲ့ ပါးနပ်ပြီးဥာဏ်ရှိတဲ့ တရုတ်ခေါင်းဆောင်တွေက စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုကိုတော့ တရုတ်ပြည်သူတွေ ကျေနပ်မှု တစုံတရာရအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ကမ္ဘာမှာပါ စီးပွားရေးအင်အားကြီးနိုင်ငံတခုအဖြစ်လဲ တက်လှမ်းနိုင်ခဲ့တယ်။

မြန်မာစစ်အာဏာရှင်တွေကတော့ တရုတ်ခေါင်းဆောင်တွေလို မပါးနပ်ဘူး။ ဥာဏ်မရှိဘူး။ ငါတို့စစ်တပ်မှ စစ်တပ်။ ငါတို့ဘဲ လုပ်တတ်ကိုင်တတ်တယ်ဆိုတဲ့ တယူသန် တဇောက်ကန်း တဇွတ်ထိုး ဆက်လုပ်နေလို့ မြန်မာနိုင်ငံဟာ လူမွဲတိုင်းပြည် -လူရာမ၀င်တဲ့ တိုင်းပြည်ဘ၀က နလံမထူနိုင်သေးဘူး။

အခုအချိန်မှာတော့ တရုတ်ပြည်ရဲ့အနေအထားနဲ့ မြန်မာ့အနေအထားဟာ မိုးနဲ့မြေလောက်ကွာနေပါပြီ။

စစ်အစိုးရရဲ့ နောက်ကွယ်ရောက်သွားတဲ့ ခေါင်းဆောင် ဗိုလ်သန်းရွှေက အင်အားကြီးတရုတ်နိုင်ငံကို နိုင်ငံရေး ကစားကွက်ဆင်နေတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ တကယ်တော့ ဒါကို နိုင်ငံရေး ကစားတယ်လို့ မဆိုနိုင်ပါဘူး။ ရှေ့ရေး၊ နောင်ရေး မတွေးတတ် မဆင်ခြင်တတ်လို့ ကျားပါးစပ်ထဲ လက်ထိုးတာ။ အန္တရာယ်နဲ့ ကစားတာလို့ဘဲ ပြောချင်တယ်။ တကယ်လို့ ဗိုလ်သန်းရွှေ ဒီလိုကစားခဲ့တယ်ဆိုရင်လည်း ဆိုက္ကားနင်းလာတဲ့သူက အရှိန်နဲ့မောင်းလာတဲ့ ဆယ်ဘီးကားကို သွားကစားသလို ဖြစ်ချင်ဖြစ်မယ်။ ၁၆ နှစ် မိန်းမပျိုလေးက အိမ်ထောင် ဆယ်ခါကျဘူးတဲ့ ဦးလေးကြီးကို သွားကစားသလို ဖြစ်ချင်ဖြစ်မယ်။ ကိုယ်ကဘာမှ မဟုတ်ဘဲ သွားကစားရင် ကိုယ်ဘဲ ဘ၀ပျက်မယ်။ တိဘက်ဟာ မြန်မာအတွက် စံထားရမဲ့ ဥပမာဘဲ။ လွတ်လပ်တဲ့တိဘက်ကို တရုတ်က အတင်းဝင်သိမ်းခဲ့တာ ဓားပြသိမ်း။ မြန်မာနိုင်ငံကိုတော့ အနုကြမ်းစီးသလို လုပ်မှာ။ ပုံစံခြင်း တူချင်မှ တူမယ်။ ဒါပေမဲ့ ကိုယ်အထိနာနိုင်တာကို ထည့်စဉ်းစားရမယ်။

အမှန်စင်စစ်တော့ ဗိုလ်သန်းရွှေဦးဆောင်ခဲ့တဲ့ စစ်အစိုးရအဖို့ ပြည်သူလူထုတောင်းဆိုနေတဲ့ ဒီမိုကရေစီအရေးတွေ၊ လူ့အခွင့်အရေးကိစ္စတွေအတွက် ပြည်တွင်းအတိုက်အခံများနဲ့ ဆွေးနွေးတိုင်ပင်တာ မလုပ်ဘဲ၊ တရုတ်နဲ့ပေါင်းတာ မြောက်ကိုရီးယားနဲ့ဆက်သွယ်တာတွေ လုပ်နေတာဟာ လမ်းလွဲတွေနောက် လိုက်နေတာ။ ထွက်ပေါက်ရှာ မှားနေတာပါဘဲ။ ကိုယ့်ပြည်သူအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမှာကိုတော့ ၀န်လေးပြီး အကျိုးမရှိတဲ့ အပေါင်းအသင်း အထောက်အခံရှာနေတာပါဘဲ။
ဒီလိုလမ်းလွဲကြီးကို လိုက်နေသေးသ၍လည်း ကိုယ်အကျိုး သူအကျိုးမျှတကြည့်ရှုမဲ့ မိတ်ကောင်းဆွေကောင်းနိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်ဘို့ ထပ်လွဲနေဦးမယ်။ ကင်းဝေးနေဦးမယ်ဆိုတာ ပြောရဲပါတယ်။ ကမ္ဘာ့ရဲ့ တခြား-တခြားဂုဏ်သိက္ခာရှိတဲ့ နိုင်ငံများနဲ့ ကင်းကွာလာတာနဲ့အမျှ ပုလင်းတူ ဗူးဆို့ အာဏာရှင်တရုတ်ကြီးကိုဘဲ အားကိုးအားထား ပြုရတော့မှာပါ။ တရုတ်ကြီးက မြောက်ကိုရီးယားလို နိုင်ငံဆီက လက်နက်မှောင်ခိုဝယ်နိုင်အောင်လဲ ပွဲစားလုပ်ပေးဖေါ်ရမယ်။

သူ့ရဲ့အပေါစားကုန်တွေနဲ့ တန်ဖိုးရှိတဲ့ မြန်မာ့သယံဇာတတွေနဲ့လဲ ယူမယ်။ ဒါကလွဲရင် တရုတ်က မြန်မာပြည်မှာ တကယ်လိုအပ်တဲ့ နည်းပညာအကူအညီမျိုး မမျှော်လင့်ပါနဲ့။ မပေးပါဘူး။ တရုတ်ကြီးအဖို့ နိုင်ငံကြီးသားတွေ ဂုဏ်သိက္ခာတွေလိုမှ မလိုတာ။ ဂုဏ်သိက္ခာထက် အရေးကြီးတာက သူ့တိုင်းပြည်က များပြားလှတဲ့ မရေမတွက်နိုင်တဲ့ ပါးစပ်ပေါက်တွေချောင်လည်ရေးနဲ့ သူ့တိုင်းပြည်မှာ စီးပွားရေးကောင်းနေရေးဘဲ။ ဒါမှသူ့တိုင်းပြည်မှာ နောက်ထပ် တော်လှန်အုံကြွမှုတွေ မဖြစ်မှာ။ မြန်မာလို နာမည်ပျက် နိုင်ငံမျိုးဆီက သူ့တိုင်းပြည် သူ့လူမျိုးကောင်းစားရေးအတွက် သူလိုချင်တာကို သူခိုးဈေးနဲ့ ဝယ်ယူဖို့ဘဲ သူလုပ်သွားမှာ။

ဒီလို အချောင်ရဘို့ သူလုပ်နိုင်တာက မြန်မာစစ်အစိုးရ ပြည်သူလူထုအပေါ် ဘယ်လိုဖိနှိပ် ဖိနှိပ်။ ပါးစပ်ပိတ်နေမယ်။ လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရကို တနည်းနည်းနဲ့ အရေးယူမယ်ဆို ကန့်ကွက်မဲ လုပ်ပေးမယ်။ လက်နက်အညံ့စား (Date out) တွေ ထုတ်ရောင်းမယ်။ ဒီလောက်ဘဲ။

မြန်မာစစ်အစိုးရအဖို့တော့ ကျေးဇူးရှင် တရုတ်ကြီးကို အကြောင်းရှိတိုင်း ဗိုလ်သန်းရွှေ ပြေးသွားလိုက်။ ဗိုလ်မောင်အေး ပြေးသွားလိုက်။ ဗိုလ်ရွှေမန်း ပြေးသွားလိုက်။ တခါ လူထုဖိနှိပ်မှု လုပ်လိုက်။ ထောက်ခံဘို့ တရုတ်ကို ပြေးလိုက်။ စစ်ခေါင်းဆောင်ထည်လဲနဲ့ ပြေးပြီး ခြေသလုံးဖက်နေကြတာ။ တခါပြေးတိုင်း တရုတ်တောင်းသမျှ အခွင့်အရေးတွေ လိုက်လျောလိုက်ရ။ အရင်က မသိမသာ။ အခုတော့ ပြောင်ပြောင်တင်းတင်း။ ကြာနေပြီ။ ကြာနေပြီ။ တရုတ်မငြိုငြင်ဘို့ ကြည်ဖြူဘို့။ အခွင့်အရေးတွေ ပေးနေရတာ။ ပြည်သူကို ပြောင်သာ အသိမပေးတာ။ အတွင်းကျိတ်မှာ တရုတ်အလိုကျ ချိုမိုင်မိုင် ကပြနေရတာ။

နယ်စပ်တွေက ယူနမ်တရုတ်တွေ မြန်မာပြည်ထဲ အခြေချနေတာကို လ၀က က မြန်မာနိုင်ငံသားမှတ်ပုံတင် ထုတ်ပေးရတယ်။ စစ်တပ်က မသိဘဲ လ.၀.က မလုပ်ရဲပါဘူး။ ယခုဆို မန္တလေးမြို့ကြီးဟာ မူလမြို့ခံတွေက အစွန်အဖျားရောက်ကုန်ကြပြီ ယူနမ်တရုတ်ကြီးတွေက မြို့လယ်ခေါင်မှာ ဒုတိယရှန်ဟိုင်းလို နေနေကြတာ စစ်တပ်နဲ့ လ.၀.က ပေါင်းပြီး တရုတ်တွေ အခြေချနေထိုင်ခွင့်ပြုပေးနေရတဲ့ သဘောဘဲ။

ဖားကန့်လို ကျောက်စိမ်းထွက်တဲ့ ဒေသမှာ တရုတ်ပြည်ကြီးကြိုက် ကျောက်စိမ်းတူးခွင့်တွေ၊ သတ္တုရှာဖွေခွင့်တွေ ပေးရတယ်။ လူသုံးကုန်ပစ္စည်းမျိုးစုံ ကုန်သွယ်မှုအတွက် လမ်းဖွင့်ပေးရတယ်။ လမ်းဖွင့်ပေးတယ်ဆိုပေမဲ့ မြန်မာအစိုးရက ပါးစပ်ကဘဲ ဖွင့်ပေးနိုင်တာ။ လက်တွေ့မှာ လက်နက်ဝယ်ဘို့ဘဲ တိုင်းပြည်ငွေကို သုံးပြီးနယ်စပ်ဒေသ မော်တော်ကားလမ်းခင်းတာမျိုးအတွက် ငွေကြေးစိုက်ထုတ် သုံးလေ့သုံးရိုး မရှိပါဘူး။ တရုတ်-မြန်မာနယ်စပ်လမ်းခင်းဘို့ ကုန်ကျတဲ့စရိတ်ကို တရုတ်က စိုက်ထုတ်ရတယ်။ ထုတ်မှာပေါ့။ သူအကျိုးများတာကိုး။ အလုပ်လုပ်မဲ့ အလုပ်သမားတွေကိုလဲ တရုတ်က သူလူမျိုးသူခေါ်လာပြီး မြန်မာပြည်ထဲ ၀င်လုပ်စေတာ။ အခုစစ်ဖြစ်နေတဲ့ ဒေသတွေက လမ်းတွေကိုတရုတ်က ၁၉၉၈ ခုနှစ်လောက်ကတည်းက သူ့လမ်းသူခင်းပြီး ကုန်သွယ်နေခဲ့တာ ကြာပါပြီ။

ဗန်းမော်မြို့က အရှေ့ဘက်ကို ငါးမိုင်လောက်ထွက်တာနဲ့ (သို့မဟုတ်) ၀ိုင်းမော်မြို့က အရှေ့ဘက်ကို ငါးမိုင်လောက်ထွက်တာနဲ့ လမ်းတွေပေါ်မှာ မြန်မာကား မရှိသလောက်ပါဘဲ။ မြန်မာအလုပ်သမား မတွေ့ရ သလောက်ပါဘဲ။ ကားနံပတ်တွေက တရုတ်နံပတ်ပြားတပ်ထားသလို လမ်းတွေပေါ်မှာ တဲတွေထိုးပြီး အလုပ်လုပ်နေတဲ့ တရုတ်အလုပ်သမားတွေဟာ သူ့တိုင်းသူ့ပြည်ထဲနေသလို မိသားစုအစုံအလင်နဲ့ နေထိုင်လုပ်ကိုင်နေကြတာပါ။ တောင်နံရံတွေကို မိုင်းခွဲနေတဲ့ တရုတ်မိုင်းပညာရှင်တွေကို တွေ့ရတတ်သလို အလုပ်သမားတွေကို ဆေးကုပေးနဲ့တဲ့ တရုတ်ဆေးဆရာတွေကိုတောင် တွေ့ရတတ်ပါသေးတယ်။

အင်္ဂလိပ်တွေ မဟာမိတ်တွေဖေါက်ခဲ့တဲ့ လီဒိုလမ်းမကြီးပေါ် ၀ိုင်းမော်-ဆဒုံးပါ- ကန်ပိုင်တီ လမ်းတလျောက်မှာဆိုရင် တရုတ်လူမျိုးတွေရဲ့ ၁၀ ဘီးထရပ်ကား ရှည်ကြီးပေါ် မြေတူးဘူဒိုဇာ စက်တွေ ၃-၄ စီးလောက်တင်ပြီး မြန်မာပြည်ဘက်ချီတက်လာနေတဲ့ ကားတန်းရှည်ကြီးတွေကို တွေးမြင်နိုင်မှာ ဖြစ်ပါတယ်။ မြေတူးစက်တွေက ဖားကန့်အနီးတ၀ိုက်က ကျောက်စိမ်းကြွယ်ဝလှတဲ့ တောင်ကြီးတွေကို ဖြိုချဘို့။ ၁၀ ဘီးကားကြီးတွေအပြန်မှာတော့ ကချင်ပြည်နယ်က ကျောက်စိမ်းနဲ့ သတ္တုရိုင်းတွေ ပါဝင်တဲ့တောင်ဖြိုထားတဲ့ မြေကြီးတွေကို သယ်ယူသွားကြတာ နေ့စဉ်နဲ့အမျှပါ။ ဒီလို တောင်ဖြို – မြေသယ်လုပ်နေတာတွေဟာ နေ့စဉ်နေ့တိုင်းတွေ့ပေမဲ့ မြန်မာစစ်တပ်က အရာရှိတယောက်တလေကမှ အတားအဆီးမရှိ ခွင့်ပြုနေခဲ့တာ ကြာပါပြီ။ ဒီလိုနဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသက ပေ ၄- ၅ ထောင် အမြင့်ရှိတဲ့ တောင်ကြီးတွေလဲ ကုန်သလောက်ရှိနေပါပြီ။ တောင်တလုံးကို ဒီတခေါက် မြင်ရပေမဲ့ နောက်တလလောက်အကြာ နောက်တခါက်မှာ ဒီနေရာဟာ ကွင်းပြင်ကြီး ဖြစ်နေတတ်ပါတယ်။ မကြာမီ တောင်တွေ ပြုန်းတော့မယ်။ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ တရုတ်လူမျိုးတွေ လွမ်းမိုးနေတာက မြန်မာလို မြန်မာစကားပြောရင် နားလည်သူမရှိသလောက်ဖြစ်နေပါပြီ။ ကချင်စကား၊ ရှမ်းစကားလဲ ပွဲမတိုးသလောက်ပါဘဲ။

ပြီးတော့ ကချင်ပြည်နယ်အပါအ၀င် စစ်ကိုင်းတိုင်းတွင်းက ကျွန်းနဲ့သစ်မာမျိုးစုံကို စစ်အစိုးရအာဏာပိုင်တွေရဲ့ မိသားစုပိုင် သစ်ကုမ္ပဏီတွေက ဆယ်ဘီးကားကြီးတွေနဲ့ ၇ မိနစ်ကို တစီးနှုန်းနဲ့ တရုတ်ပြည်ဘက်ကို ပို့နေတာလဲ လူပြောများလှတဲ့ကိစ္စပါ။ ဗန်းမော်-မန်စိ-ကိုက်ထိပ်-မန့်ဝန်းကြီး လမ်းတလျောက်မှာဆိုရင် သစ်တင်တဲ့ ကားကြီးတွေကို တရုတ်ပြည်ဘက်တန်းစီထွက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒေသခံမြန်မာနိုင်ငံသားတွေကိုတော့ တပေအရှည်ရှိတဲ့ သစ်တိုကလေးတချောင်းတောင် တနေရာက တနေရာကို သယ်ယူခွင့်ပိတ်ပင်ထားပါတယ်။ ဟိုရွာက ဒီရွာကို -ဒီရွာက ဟိုရွာကို သယ်ယူခွင့်မပေးလို့ ဒေသခံတွေမှာ နာရေးရှိလို့ အသုဘ ခေါင်းလုပ်ဘို့တောင် သစ်ရှာရခက်တယ်ပြောကြပါတယ်။

မြန်မာဘက်က အဘိုးတန် ကျောက်စိမ်းတွေ -သတ္တုတွေ-ကျွန်းသစ်နဲ့ သစ်မာတွေ ထွက်နေပေမဲ့ တရုတ်ဘက်က ပြန်လာတာတွေက ပေါချောင်ညံ့ တရုတ်လုပ် ကုန်ပစ္စည်းတွေပါ။

တရုတ်ကုန်ပစ္စည်းတွေ တပြည်လုံးအနှံ့ရောက်ရှိနေပေမဲ့ အားလုံးအရည်အသွေး မပြည့်မီတဲ့ ပစ္စည်းအညံ့စားတွေဆိုတာ မြန်မာနိုင်ငံသားတွေအားလုံး ကလေးကအစ ခွေးအထိ သိရှိကြပါတယ်။ မြန်မာပြည်ကို စီမံခန့်ခွဲနေတဲ့ စစ်တပ်အစိုးရက နားဖာကလော်တောင် ကြေးရောင်ပြောင်ပြောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်လို့ တရုတ်က ၀င်လာတဲ့ စက်ပစ္စည်းတွေကို သုံးနေရပေမဲ့ (တရုတ်စက် တရက်စုတ်) လို့ လူတိုင်းပါးစပ်ဖျားက ပြောနေကြပါတယ်။ တကယ်လဲ တရုတ်ပြည်က သွင်းလာတဲ့ စက်ပစ္စည်းမှန်သမျှဟာ တခဏဘဲ အသုံးခံပါတယ်။ အခုတလော ၀င်လာတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်ထမင်းပေါင်းအိုးတွေ၊ ရေနွေးအိုးတွေဆိုရင် နေ့ဝယ် ညပျက်တောင်ဖြစ်တတ်ပါတယ်။ တရက်နဲ့ စုတ်တဲ့ တရုတ်စက်လေ။ မြန်မာပြည်က လျှပ်စစ်ပညာရှင်တွေကတော့ လျှပ်စစ်ပစ္စည်းဆိုရင် တရုတ်ပစ္စည်းမသုံးပါနဲ့။ ၀ါယာရှော့ဖြစ်နိုင်တယ်။ မီးလောင်နိုင်တယ်။ အသက်အန္တရာယ်ရှိတယ်လို့ ဆိုနေကြပါတယ်။

အဲဒီလိုဘဲ။ တရုတ်နယ်စပ်က ၀င်နေတဲ့ ဆေးဝါးပစ္စည်းတွေဟာ အရည်အသွေးမပြည့်မီဘူး။ သတ်မှတ်ထာတဲ့ မီလီဂရမ်မပြည့်မှီတာတွေကို တင်သွင်းနေတာပါ။ တရုတ်စီးပွားရေးသမားတွေ လုပ်ကိုင်နေပုံထဲမှာ ဆေးဝါးတွေက အဆိုးဆုံးထင်ပါတယ်။ ဆေးတမျိုးကို (ဥပမာ ၀မ်းချူဘူး) တမျိုးကို တံဆိပ်တခုနဲ့ ထုတ်လုပ်မယ်။ အရည်အသွေးကောင်းမယ်။ ဒါကို တနှစ်လောက်ထုတ်လို့ မြန်မာတပြည်လုံး လူကြိုက်များပြီး ဈေးကွက်ကျယ်လာပြီဆိုတာနဲ့ ဒီတံဆိပ်နဲ့ဘဲ လုံးဝအာနိသင် မရှိတဲ့ ပစ္စည်းကိုထုတ်ပြီး နောက်ထပ် တနှစ်လောက် အသားလွတ် အမြတ်ယူသွားတာပါ။ မြန်မာပြည်သူတွေရဲ့ အိတ်ထဲက လူတိုင်းနီးပါးဆီက ငွေကို လိမ်ယူသွားတဲ့ သဘောပါဘဲ။

ပိုသတ်ဆေး (Antibiotic) တွေကို ဒီလိုထုတ်လုပ်တင်သွင်းနေလို့ မြန်မာပြည်မှာ ဆေးယဉ်ပါးမှု ပြဿနာကလည်း ကြီးမားတဲ့ ပြဿနာတရပ်ပါဘဲ။ တရုတ်ဆေးက ဈေးချိုတော့ တခွက်စာ ကွမ်းယာဆိုင်မှာ ၀ယ်သောက်သူတွေအဖို့ ဆေးယဉ်ပါးမှု ပြဿနာကို ထည့်မတွက်နိုင်ကြပါဘူး။ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားဟာ လူထုကျန်းမာရေးနဲ့ ဆက်စပ်နေတာမို့ တရုတ်ဆေးသုံးစွဲရမှုကြောင့် ရေရှည်အမျိုးသား အကျိုးစီးပွားထိခိုက်နစ်နာမှုကိုသာ သုတေသနလုပ်ထားရင် မြန်မာနဲ့ တရုတ်ကုန်သွယ်မှုမှာ မြန်မာအကျိုးစီးပွား ဘယ်လောက်နစ်နာနေပြီလဲဆိုတာ မသိနိုင်ပါဘူး။

တရုတ်-မြန်မာဆက်ဆံရေးက စစ်အစိုးရအတွက် အကျိုးကျေးဇူးရှိနေပေမဲ့ ပြည်သူတွေဘက်မှာတော့ နစ်နာမှုတွေချည်းဘဲ။ မြန်မာလယ်သမားတွေရဲ့ လယ်ယာမြေတွေကို စစ်အစိုးရက သိမ်းယူပြီး တရုတ် အထည်ချုပ်လုပ်ငန်းတွေ၊ ဘိနပ်ချုပ်လုပ်ငန်းတွေ၊ ငါးစည်သွတ်ဘူးလုပ်ငန်းတွေ လုပ်ကိုင်နေတာလဲ ကြာခဲ့ပါပြီ။ လယ်ယာမြေဆုံးရှုံးရလို့ ဘ၀ပျက်ရတဲ့ လယ်သမားသားသမီးတွေက တရုတ်စက်ရုံတွေမှာ အလုပ်သမားအဖြစ် ဝင်လုပ်နေကြရပြီး တရုတ်အလုပ်ရှင်ရဲ့ငြိုငြင်မှုကို ခံနေကြရတဲ့အဖြစ်မျိုးတွေ ဖြစ်နေပါတယ်။ ယခု လှိုင်သာယာ၊ ရွေပြည်သာ စက်မှုဇုံနယ်မြေတွေဟာ လယ်ယာမြေကို သိမ်းယူပြီး စက်မှုဇုံလုပ်ထားတာပါ။ အခုတော့ လယ်ယာမြေသိမ်းခံတောင်သူတွေရဲ့သားသမီးတွေက လယ်မဲ့ယာမဲ့ ဘ၀နဲ့ မ၀ရေစာ စက်ရုံအလုပ်သမားတွေပေါ့။

အလုပ်သမားအခွင့်အရေးကာကွယ်ပေးမဲ့ အသင်းအဖွဲ့တွေကလည်း မရှိတော့ မြန်မာတွေအဖို့ တရုတ်လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်နေသမျှ ငုံ့ခံနေကြရပါတယ်။ စစ်အစိုးရကတော့ ဒါတွေလဲ မစဉ်းစားပါဘူး။ သူအာဏာတည်မြဲရေး ပံ့ပိုးမဲ့တရုတ်အစိုးရကြည်ဖြူရေးဘဲ လုပ်မယ်။ ပြည်သူတွေ ဘယ်လောက်နစ်နာ နစ်နာ။ တိုင်းပြည်ကို ဘယ်လို ဘယ်လောက် ထိခိုက် ထိခိုက်။ တရုတ်ကြီး ကြည်ဖြူရေး….. ဒို့အရေး လုပ်နေကြတယ်။

အခုအချိန်ကာလမှာတော့ ပိုဆိုးပြီပေါ့။ ၂၀၀၃ ခု ဒီပဲယင်းအပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု မရှိတဲ့ အစိုးရ။ ပြည်သူတွေအပေါ် ဖိနှိပ်တာ မရပ်တဲ့ အစိုးရ။ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေကို အကြမ်းဖက်တာမျိုး လုပ်တတ်တဲ့ အစိုးရ။ ဒီလို မယဉ်ကျေးတဲ့ဟာတွေ ဆက်လုပ်နေတဲ့ မြန်မာစစ်အစိုးရလို အစိုးရမျိုးနဲ့ ပေါင်းသင်းဆက်ဆံဖို့ တကမ္ဘာလုံးက တွန့်ဆုတ်ချိန်မှာ စစ်အစိုးရအဖို့ အားကိုး အားထားရာဟာ တရုတ်အစိုးရဘဲ ရှိတော့တယ်။

မှတ်မိကြမယ်ထင်ပါတယ်။ ဒီပဲယင်းပြီးကတည်းက တရုတ်ကို မျက်နှာချိုသွေးပြီး စွမ်းအင်လုပ်ငန်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ ဆည်မြောင်းလုပ်ငန်းတွေ၊ ရခိုင်ကမ်းလွန်က ဓါတ်ငွေ့လုပ်ကိုင်ခွင့်တွေနဲ့ ဆက်သခဲ့ရတာ။ ကိုးကန့်ကိစ္စပြီးတော့ ကျောက်ဖြူရေနံပိုက်လိုင်း စီမံကိန်း၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း စတာတွေကို လက်မှတ်ထိုးပေးလိုက်ရတယ်။

အခုအစိုးရသစ်ဆိုပြီး ပေါ်လာတော့လဲ သမ္မတ ဦးသိန်းစိန်တယောက် မစ္စတာဝမ်ကြာပေါင်က ကြိမ်စင်္ကြာနဲ့ ရိုက်ပြီးခေါ်လိုက်လေသလား မသိဘူး။ သမတကျမ်းကျိမ်ပွဲ ပြီးတာနဲ့ ကျမ်းထုတ်ချပြီး တရုတ်ပြည်ကို သုတ်ခြေတင်တော့တာဘဲ။

စစ်အစိုးရခေါင်းဆောင်တွေ တရုတ်ပြည်တခါသွားတိုင်း မြန်မာဘက်က ဆက်သလိုက်ရတာ ချည်းပါဘဲ။ ဒီတခါတော့ လုပ်ငန်းလုပ်ခွင့် အမျိုးမျိုးအပြင် ကျောက်ဖြူက ကျယ်ခေါင်အထိ ရထားလမ်းဖေါက်ရေး စီမံကိန်းပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေကတော့ ယူနမ်က ရန်ကုန်မြို့ထိ ရာထားလမ်းဖေါက်မယ်လို့ သတင်းတွေကြားပြီး စိုးရိမ်နေကြပါတယ်။ ဒီသတင်းကတော့ အတော်လေး ထိတ်လန့်စရာ ကောင်းပါတယ်။ မြန်မာနှစ်နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ နှစ်ထောင်ကျော်၊ မိုင်နဲ့ ပြောရင် မိုင်ပေါင်း တထောင့် သုံးရာကျော်ရှည်လျားတာမို့ လူဦးရေ သန်းတထောင့်သုံးရာကျော်ရှိတဲ့ တရုတ်တွေ မြန်မာပြည်ထဲ ကြိုက်သလို ၀င်နေတာကို ဟန့်တားနိုင်ဘို့ ခက်သွားပါပြီ။ လူဦးရေများလွန်းလို့ လူချောင်တဲ့နေရာ ဘယ်ကို သွားရ-သွားရ။ ပင်လယ်ပြင် လက်ပြစ်ကူရမလား။ သမုဒ္ဒရာကို လှေပေါက်စလေးနဲ့လှော်ပြီး ကူးရမလား။ လေယာဉ်ဘီးဖက်လိုက်ရမလား။ စွန့်စွန့်စားစား ထွက်ခွာနေကျ တရုတ်တွေအဖို့တော့ သမ္မတ ဦးသိန်းစိန်က ဖုတ်သွင်းရထားလက်ဆာင်ပေးပြီလို့ အောင်းမေ့ကြမှာ အမှန်ဘဲ။ (၁၉၉၅ ခုနှစ်လောက်က တရုတ်လူမျိုးတယောက် ဂျပန်ကို လေယာဉ်ဘီးဖက်ပြီး လိုက်လာဘူးပါတယ်။ ဂျပန်နာရီတာ လေယာဉ်ကွင်းရောက်တော့ နှင်းတွေထဲ လူပါခဲနေလို့ အတော်ခွာယူရဘူးပါတယ်။)

၁၉၉၈ ခုလောက်တုန်းက ယူနမ်နယ်က ပြည်ကြီးတရုတ်သူဌေးတွေ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကနေ မြန်မာနိုင်ငံသားအဖြစ်နဲ့ နိုင်ငံရပ်ခြား ထွက်သွားဖူးတယ်။ အဲဒီအချိန်က ယူနမ်တရုတ်တယောက်ကို (မင်္ဂလာဒုံလေဆိပ် ဖြတ်ခ ၀က်တကောင် ၂ သိန်း) လို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ နာမည်ကျော် ကိစ္စဖြစ်သွားဘူးတယ်။ သိသူတွေ သိကြပါတယ်။ အဲဒါက ယူနမ်သူဌေးတွေပါ။ ဦးသိန်းစိန်ရဲ့ ရထားပေါ်မှာကတော့ သူဌေးတွေကော ဆင်းရဲသားတွေကော။ လက်မှတ်ဝယ်နိုင်သူမှန်သမျှ မူဆယ်ဘူတာ၊ မန္တလေး ဘူတာ၊ တောင်ငူ ဘူတာ၊ ပြည် ဘူတာ၊ စစ်တွေ ဘူတာ၊ ကျောက်ဖြူ ဘူတာ၊ လမ်းက ရွာကလေးပေါက်စ ဘူတာပေါက်စ တွေမှာပါ တရုတ်တွေ ဆင်းပြီး အိမ်ထောင်ရက်သားကျ-မြန်မာနိုင်ငံသားဘ၀နဲ့ အခြေချ ကုန်မယ်။ (လ.၀.က ကလည်းစစ်တပ်နဲ့ ပေါင်းပြီး မြန်မာနိုင်ငံသား လုပ်ပေးမှာပါ)။ ရထားလမ်းက တရုတ်ပြည်က မြန်မာပြည်တောင်ဖျားအထိပေါက်ပြီဆိုရင်တော့ ပြောစရာ မကျန်တော့ပါဘူး။ တရုတ်သန်းတရာလောက် နှစ်၂၀-၃၀ အတွင်း ရောက်လာဖို့ သေချာသွားပြီ။ တရုတ်ပြည်အတွက် တရုတ်သန်းတရာလျှော့သွားလို့လဲ ဘာမှ မဖြစ်နိုင်ဘူး။ မြန်မာ သန်း ၆၀+ တရုတ် သန်းတရာ = တရုတ်ပြည် ဖြစ်ကြလေသတည်း။ ဒီလိုနဲ့ နိုင်ငံကော လူမျိုးပါ ပျောက်သွားမယ်။

အမျိုးဘာသာ သာသနာလို့ တဖွဖွပြောတတ်တဲ့ မြန်မာလူမျိုးတွေ သတိထားသင့်တာက မြန်မာစစ်အစိုးရ လုပ်ပုံကိုင်ပုံတွေဟာ အန္တရာယ်အဆင့်ကို ရောက်နေပြီ။ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ မြန်မာပြည်ကို ပြည်ကြီးတရုတ်တွေဟာ ကုန်းတွင်းပိတ် ယူနမ်ပြည်နယ်ကိုကျော်ပြီး တောင်ဘက် ဘင်္ဂလားပင်လယ်ကို မျှော်ကြည့်နေပြီ။ ရထားလမ်းက နယ်ချဲ့မှု အစ။ ကျူးကျော်မှု အစဘဲ ဆိုတာလဲ သဘောပေါက်သင့်တယ်။

သမိုင်းအစဉ်အဆက်မှာ မြန်မာပြည်ဟာ တရုတ်ပြည်က တန်းတူဆက်ဆံရေးနဲ့ အသိအမှတ်ပြုခဲ့ရတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ တရုတ်တပ်တွေကတော့ မြန်မာမင်းတွေ အသုံးမကျလို့ အင်အားပျော့ညံ့တိုင်း သွေးတိုးစမ်းပြီး ၀င်လာလေ့ရှိပါတယ်။ အခု ကချင်ပြည်နယ်၊ ၀ိုင်းမော်-ဆဒုံပါ ရွာနေရာဟာ အနော်ရထာကအစ-ကုန်းဘောင်မင်းတွေအထိ တရုတ်တပ်တွေ မကျူးကျော်နိုင်အောင် ဆင်တပ်-မြင်းတပ်တွေ စစ်သည်အင်အားအမြောက်အများနဲ့ ခံတပ်လုပ်ထားတဲ့ နေရာပါ။ အခုစစ်အစိုးရ အုပ်ချုပ်ရေး အသုံးမကျလို့ တရုတ်သြဇာခံလို့ ဖြစ်နေရတဲ့ အခြေအနေကို ဟန့်တားနိုင်ဖို့ကတော့ ဒီမိုကရေစီအစိုးရတခု အခိုင်အမာပေါ်လာအောင် ကြိုးစားဖို့ တနည်းဘဲ ရှိပါတယ်။

ဒီကိစ္စဟာ မြန်မာနိုင်ငံသားအားလုံးရဲ့အရေးဖြစ်လို့ လက်ရှိတပ်မတော်ခေါင်းဆောင်များပါ အခြေအနေမှန်ကို စဉ်းစားဆင်ချင်ဥာဏ်နဲ့ လုပ်ကိုင်သင့်ပါတယ်။ ကိုယ်တိုင်းကိုယ့်ပြည်အရေးကို ကိုယ့်တိုင်းသူပြည်သား အချင်းချင်းကို ကျော်ပြီး လွဲမှားတဲ့ အားကိုးလွဲချော်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းသင့်ဘူးဆိုတာ အသိပေးလိုက်ပါတယ်။ စစ်တပ်ခေါင်းဆောင်များကို တရုတ်အားကိုး ပုဆိန်ရိုးလို့ မပြောလိုပါ။ တရုတ်အားကိုး ပုဆိန်ရိုး ဖြစ်မှန်းမသိ ဖြစ်နေတာကို နာကျင်လွန်းလို့ပါ။

အားလုံးကို လေးစားသော
မမခင်

Friday, August 12, 2011

ရာဇဝင်များရဲ့သတို့သမီး... ဧရာဝတီကို ချစ်ခဲ့သူ

----------------------------------------------------------------------------------------
ရာဇဝင်များရဲ့သတို့သမီး... ဧရာဝတီကို ချစ်ခဲ့သူ
ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ
ရာဇ၀င်သစ်တို့ မွေးဖွားရာ
ရွှေရောင် နေ့သစ်များ အတွက်
ရင်ခုန်သူတို့ရဲ့ သီချင်းတွေ
ပျိုမြစ် စိမ်းလန်းရေး အတွက်
ယုံကြည်သူတွေ အသက်နဲ့
ထုဆစ်ခဲ့တဲ့ အိပ်မက်များ
ဧရာဝတီ . . . .
ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင်
ဧရာဝတီ . . . .
ရာဇင်ဝင်များရဲ့ သတို့သမီး ငါတို့ရဲ့ ၀ိညာဉ်
ဧရာဝတီ . . . .
ဧရာဝတီနှင့် ပတ်သက်၍ စာများစွာ ရှိခဲ့ဖူးသည်။ ထိုစာများထဲ၌ ဆရာတိုက်စိုး၏ 'ဧရာဝတီ'ကို ပထမဆုံး ဖတ်ရှုခဲ့ရဖူးသည်။ 'ယဉ်ဧရာ ဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေကာလည်တော့၊ ခရီးသည် ဟိုအကွေ့ကိုဖြင့်၊ ကျော်၍သာ မမြင်သော်လဲ့ မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့။' ဆရာဇော်ဂျီ၏ ကဗျာဖြင့် ဧရာဝတီ စာမျက်နှာများကို ဆရာတိုက်စိုးက စတင် ရေးသားခဲ့ပါသည်။ နောက်ထပ် ဖတ်ခဲ့ရသည်က ဆရာဗန်းမော်တင်အောင်၏ 'မြစ်ဧရာပေါ်ဝယ်' ဖြစ်ပါသည်။

ဧရာဝတီအကြောင်း ဖွဲ့သီသော သီချင်းများ၌ ခင်ဝမ်း၏ ဧရာဝတီက ကာလအတန်ကြာ ဖြတ်သန်း စီးဆင်းခဲ့ဖူးသည်။ ယနေ့ထိတိုင် စီးဆင်းနေဆဲ။ 'အေးမြတဲ့ မြောက်လေကြောင်းကိုဆန်ပြီး ပျံသန်းခဲ့တဲ့၊ ငှက်ကလေးတွေ၊ အလင်းရောင် မရှိမဲ့ ရှိမဲ့၊ ခရီး ဝေးကို ပျံသန်းခဲ့ရလို့ ပင်ပန်းခဲ့ပြီလား၊ ခရီးဖော် အပေါင်းအသင်းတွေနဲ့ မိုးမချုပ်မီ အိမ်ကိုပြန်ခဲ့ပြီ၊ ဧရာဝတီ၊ ဧရာဝတီ၊ ဧရာဝတီ'။

၁၉၉၁ ခုနှစ် အချိန်။ ထူးအိမ်သင်၏ 'အတ္တပုံဆောင်ခဲများ' အယ်လ်ဘမ် ထွက်ရှိလာခဲ့သည်။ 'အတ္တပုံဆောင်ခဲများ' မှာ ထူးအိမ်သင် ကိုယ်တိုင် အကြိုက်ဆုံးဟု ပြောဆိုခဲ့သည့် အယ်လ်ဘမ် ဖြစ်သည်။ ထိုအယ်လ်ဘမ်၌ 'ရာဇ၀င်များ၏ သတို့သမီး' ပါလာခဲ့ပြီ။ ခင်ဝမ်း၏ ဧရာဝတီကဲ့သို့ ချိုမြမှုနှင့် အဆွေးဓာတ်ခံ နိုးထအောင် သယ်ဆောင်မသွားခဲ့ပေ။

ထူးအိမ်သင် နောက်ပိုင်း၌ ဇော်ဝင်းထွဋ်ကလည်း ဧရာဝတီ အကြောင်း သီချင်းသီဆိုခဲ့သည်။ 'ဧရာဝတီရယ် စီးဆင်းပါ... မျှော်လင့်ချက်ကမ်းခြေထဲ ငါလေ အရောက်သွားမလို့၊ လမ်းပြလှည့်ပါ'။ 'သက်ရှိမြစ်' အမည်ဖြင့်
လေးဖြူကလည်း ဧရာဝတီကို ဖွဲ့ဆိုခဲ့ပြန်သည်။

မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံနှင့် လူမျိုး၊ လူ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားသည့် စိတ်။ ထိုစိတ်ဓာတ်များ ထုထည်ကြီးမားနေဆဲ ဖြစ်သည့် မျိုးဆက်၌ ထူးအိမ်သင် ဖြတ်သန်းခဲ့ပါသည်...
လူတစ်ဦး၏ ယုံကြည်ချက်နှင့် ခံယူချက်က ထိုသူ လုပ်ဆောင်သမျှ အရာအားလုံး၌ ထင်ဟပ်မှု ဖြစ်စေပါသည်။ 'ရာဇ၀င်များရဲ့ သတို့သမီး' ကို ရေးသားချိန်၌ ထူးအိမ်သင်၏ အသက်မှာ ၂၇ နှစ် အရွယ်ခန့်သာ ရှိသေးသည်။

ဧရာဝတီ၏ သာမန်ဇာစ်မြစ်ကို ဖော်ကျူးခဲ့ခြင်း မဟုတ်။ အမျိုးသားရေး စိတ်ဓာတ်နှင့် နိုင်ငံအတွက် ဂုဏ်ယူလိုစိတ် ပြည့်နှက်နေသော လူငယ်တစ်ဦး၏ နှလုံးသား စည်းချက်များကို တွေ့ရှိခဲ့ပါရသည်။ ပုဂံသို့ ရောက်ရှိခဲ့စဉ် အချိန်၊ ကန်တော့ပလ္လင် ဘုရားထက်မှ ဧရာဝတီမြစ်ကို ကြည့်ရင်း ထိုသီချင်းကို ထူးအိမ်သင်က ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

''မြန်မာတွေ အဲဒီအချိန်က တိုးတက်ခဲ့တယ် ဆိုတာ လက်ရုံးရည်ရော၊ နှလုံးရည်ရော ရှေးမြန်မာကြီးတွေ ဘယ်လိုဘယ်လို ခက်ထန်ကြံ့ခိုင်တဲ့၊ အားကောင်းတဲ့ နှလုံးသားတွေနဲ့ ဘယ်လိုပျော့ပျောင်းတဲ့ နှလုံးသား၊ ဘယ်လိုသိမ်မွေ့တဲ့ ခံစားချက်တွေနဲ့ ဧရာဝတီမြစ်ဝှမ်းနယ်မှာ ကျွန်တော်တို့ ခုခေါ်နေတဲ့ မြန်မာနိုင်ငံကြီးကို ဘယ်လို တည်ဆောက်ခဲ့ကြတယ် ဆိုတာ ကျွန်တော်တို့ ရင်ထဲမှာ အရမ်းကို အံ့သြပြီး လေးလည်းလေးစားမိတယ်။ ရှေးမြန်မာကြီးတွေအပေါ် အရမ်းကို ကြည်ညိုတဲ့စိတ်၊ ကျွန်တော့် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ပေါ်လာခဲ့တယ်။ နောက် ရှေ့ဆက်သွားမယ့် ဧရာဝတီရဲ့သမိုင်းမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ ရှေ့ဘယ်လို ဖြစ်လာမလဲ ဆိုတာကို စိတ်ထဲမှာ ခင်းကျင်းကြည့်တာပေါ့။ ကျွန်တော်တို့ရဲ့ အိပ်မက်လေးတွေကို ပြပွဲခင်းကြည့်တဲ့သဘော၊ အကြောင်းအရာ ကတော့ အဲဒါပါပဲ'' ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၏ အင်တာဗျူးမေးခွန်းကို ထိုကဲ့သို့ပင် ထူးအိမ်သင်က ဖြေကြားခဲ့ဖူးသည်။

ပုဂံမှ ပြန်ရောက်ခဲ့ပြီးချိန်မှာပဲ 'ရာဇ၀င်များရဲ့ သတို့သမီး' ကို ထူးအိမ်သင်က ရေးသားခဲ့သည်။ သံစဉ် ပြီးသွားချိန်၌ သီချင်းစာသားက တစ်ကြောင်းတည်းသာ ရရှိသေးသည်။

'ကွယ်လွန်ပြီးသော အိပ်မက်များ'။

ထိုတစ်ကြောင်းတည်းကိုပင် ညလုံး ပေါက် ထိုင်ရေးခဲ့ခြင်း ဖြစ်သည်။ အိုအေစစ် စတူဒီယို၌ မပြီးမချင်း ရေးသားခဲ့သည်။ သီချင်းတစ်ပုဒ်လုံး ပြီးသွားချိန်တွင် အချိန်က တစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကွယ်လွန်ပြီးသော အိပ်မက်များ
ထာဝစဉ် လဲလျောင်း အိပ်စက်ရာ
ဣနြေ္ဒကြီးမားလွန်းတဲ့
ဒီမြေမှာ တို့ရဲ့ သွေးတွေ
ဖြတ်သန်းရင်းနဲ့ စီးဆင်း
သူဟာ
ရာဇ၀င်များရဲ့ လျှို့ဝှက်ချက်တို့
သိမ်းဆည်းထား
ဧရာဝတီ . . . .
ရွှေအတိပြီးသော မြို့ပြများ
အစဉ်အလာ ကြီးမားခဲ့ကြရာ
ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ
ဒီမြေဟာ တို့ရဲ့အမိမြေ
ယဉ်ကျေးမှုရဲ့ နှလုံးသား
ရှင်သန်စေသူ တန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ
ဧရာဝတီ . . .

ထူးအိမ်သင် အကြောင်း ပြောမည် ဆိုပါက ထူးအိမ်သင် ဖြတ်သန်းခဲ့သော ခေတ်ကို ပြောရပါမည်။

မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံနှင့် လူမျိုး၊ လူ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားသည့် စိတ်။ ထိုစိတ်ဓာတ်များ ထုထည်ကြီးမားနေဆဲ ဖြစ်သည့် မျိုးဆက်၌ ထူးအိမ်သင် ဖြတ်သန်းခဲ့ပါသည်။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်း မတင်သော မျိုးဆက်။ လုပ်သင့်တာ လုပ်ဆောင်ခဲ့သည့် မျိုးဆက်။ လုပ်ရပ်တိုင်း၌ အကျိုးအမြတ် မည်မျှရမည်ကို မစဉ်းစားခဲ့ဘဲ လုပ်စရာ ရှိသည်များကို ယုံကြည်ရာ အတိုင်း လုပ်ဆောင်ခဲ့ကြသည့် မျိုးဆက်။

ထိုလုပ်ဆောင်မှုများက နောင်တစ်ချိန်တွင် တန်ဖိုးရှိသော လုပ်ရပ်များ ဖြစ်လာစေခဲ့ပါသည်။

ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းမှုကို မစဉ်းစား၊ ယုံကြည်ရာနှင့် ယုံကြည်ချက်ကို အခိုင်အမာထားပြီး ဘ၀ကို လျှောက်လှမ်းခဲ့ကြသူများတွင် ထူးအိမ်သင်လည်း တစ်ဦး အပါအ၀င် ဖြစ်ခဲ့ပါသည်။

ထူးအိမ်သင်၏ ဘ၀ ဖြတ်သန်းမှုနှင့် သီချင်းများအကြောင်း ပြောမည်ဆိုပါက များစွာ ရှိနေမည် ဖြစ်ပါသည်။ 'နာရီပေါ်က မျက်ရည်စက်များ'၊ 'ဝေးသွားတဲ့အခါ'၊ 'ညီလေးရေ'၊ 'နာရီရဲ့သီချင်း'၊'သူငယ်ချင်းအတွက်'၊'သက်ငြိမ်'၊
'ဂျပ်ဆင်ထိပ်ကလရိပ်ပြာ'၊ 'ရင်ခုန်အချစ်'၊ 'ရာဇ၀င်များရဲ့သတို့သမီး'၊ 'အမေ့ရဲ့ ဒုက္ခအိုးလေး'၊ 'အမေ့အိမ်'၊ 'ဗင်းဆင့်ဗင်ဂိုးတမ်းချင်း'၊ 'မြို့ပြညများနှင့် မဟာဝီရအိုဗုဒ္ဓ'။ ထိုသီချင်းများ အပြင် အခြားသော သီချင်းများစွာက မှတ်တိုင်များ အဖြစ် ရှိနေခဲ့ပါသည်။

၁၉၈၇ ခုနှစ်တွင် ထွက်ရှိခဲ့သော ထူးအိမ်သင်၏ ပထမဆုံး အယ်လ်ဘမ်။ 'နာရီပေါ်မှမျက်ရည်စက်များ'။ ထို အယ်လ်ဘမ်၌ အသက် ၁၇ ကျော်၊ ၁၈ နှစ်အရွယ် အချိန်များက ရေးသားခဲ့သော သီချင်းများ ပါဝင်ခဲ့သည်။ အယ်လ်ဘမ် မထွက်မီက ပရိသတ်များ အကြား ပျံ့နှံ့ရောက်ရှိနေသည့် ထိုသီချင်းများက ထူးအိမ်သင်၏ သမိုင်း အစကို လှစေခဲ့သည်။ သီချင်းစာသားများ၏ အဓိပ္ပာယ် လေးနက်မှုနှင့် ကိုယ်ကျိုးမဖက်သော လူငယ်တစ်ဦး၏ ယုံကြည်ချက်နှင့် စိတ်ဓာတ်ကို တွေ့ရှိလိုက်ရခြင်းကြောင့် ဖြစ်ပါသည်။

''နာရီပေါ်မှ မျက်ရည်စက်များ'' သီချင်းခွေသည် စတီရီယို ဂီတသမိုင်းတွင် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ အရေးကြီးသော ပထမ မှတ်တိုင်တစ်ခုမှ ၁၉၇၅ ခုနှစ်က ပေါ်ပေါက်ခဲ့သော စိုင်းခမ်းလိတ် ရေးသားပြီး စိုင်းထီးဆိုင် သီဆိုခဲ့သည့် ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ပါသည်။ The Wild Ones တေးဂီတ အဖွဲ့၏ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်လို သက်ဝင် လှုပ်ရှားစေခဲ့သော အားထုတ်မှုကြီး အပြီး ဒုတိယမြောက် ပြောင်းလဲမှုကြီး တစ်ခုကို ထူးအိမ်သင်က စတင်လိုက်ပြန်သည်။ ကိုယ်ပိုင်သံစဉ် တေးသီချင်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို နောက်တစ်ဆင့် မြင့်တက်စေခဲ့သည်။ ပုံသဏ္ဌာန် အပိုင်း၊ တင်ဆက်မှုအပိုင်း၊ ဒဿန အပိုင်း၊ ခံစားမှုရသပေးနိုင်ပုံ အထိ အစစ အရာရာ သိသိသာသာ ပြောင်းလဲသွားသည်။ နာရီပေါ်မှ မျက်ရည်စက်များ နောက်ပိုင်း ဆက်ထွက်လာသော မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက် စသည့် သီချင်းခွေများဖြင့် ကိုယ်ပိုင်သံစဉ် လူငယ်ထု အပေါ် သြဇာ သက်ရောက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်''ဟု တေးရေး မောင်သစ်မင်းက ထိုသို့ မှတ်ချက်ချခဲ့ဖူးသည်။

မွန်စစ်သူကြီး လဂွန်းအိမ်၏ အမည်မှ 'အိမ်' ကိုယူပြီး ထူးအိမ်သင် ဖြစ်လာသူ၊ ကျွန်တော်က ပ၀တ္တိသား၊ ဇာတိက ပုသိမ်လို့ ပြောတတ်သူ၊ မြို့မငြိမ်းလို ဖြစ်ချင်သူ၊ ရွှေဥဒေါင်းကို စွဲလန်းသူ၊ ကဗျာများကို ချစ်တတ်သူ၊ 'ထင်းရှုးပင်ရိပ်'ကို စွဲလန်းသူ၊ ထိုးမြဲလက်မှတ်တိုင်း၌ 'ချစ်ခြင်းအားဖြင့်'ဟု ရေးသားတတ်သူ၊ ဧရာဝတီကို ချစ်တတ်သူ။

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ အသက် ၄၂နှစ် အရွယ်မှာ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်။ ယခုနှစ် သြဂုတ်လ ၁၄ ရက်။ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်မှာ ခုနှစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ထူးအိမ်သင်၏ စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ရာနှင့် သီချင်းများက ရှင်သန်နေဆဲ ဖြစ်ပါသည်။

မှီငြမ်း။ ထူးအိမ်သင်အမှတ်တရ အစိမ်းရင့်ရောင်ရက်စွဲများ စာအုပ်၊ ထူးအိမ်သင် တေးပေါင်းချုပ်။

Sunday, August 7, 2011

ကျနော်တို့ မြို့ က မေ့မရတဲ့နေ့ တနေ့ 

ကျနော်တို့ မြို့ က မေ့မရတဲ့နေ့ တနေ့ 

အဲဒီနေ့ ကစလို့ 
ကတ္တရာလမ်းမတွေက အရောင်ပြောင်းခဲ့တယ်
ကတ္တရာလမ်းမတွေက ပိုင်ရှင်မဲ့ဖိနပ်လေးတွေကိုထွေးပွေ့ တယ်
ကတ္တရာလမ်းမတွေက မြစ်တွေပင်လယ်တွေဖြစ်ခဲ့ကြတယ်။

အဲဒီနေ့ ကစလို့ 
ဖြူစင်ခြင်းတွေနဲ့ သီချင်းဆိုတယ်
ရဲရင့်ခြင်းတွေနဲ့ ကခုန်တယ်
ငြိမ်းချမ်းရေးတွေနဲ့ ကဗျာစပ်ခဲ့ကြတယ်။

အဲဒီနေ့ ကစလို့ 
သူ့ ကျွန်ထဲနစ်ခဲ့ရတာကိုဖော်ထုတ်တယ်
ငါ့ကျွန်ထဲနစ်နေရတာကိုကော်ထုတ်တယ်
နွံနစ်နေတဲ့ဘီးကိုထမ်းတင်ခဲ့ကြတယ်။

အဲဒီနေ့ ကစလို့ 
အထင်ကရအာဇာနည်တွေမွေးထုတ်ခဲ့တယ်
အညတရအာဇာနည်တွေကျဆုံးခဲ့တယ်
ရောင်နီဦးကိုထွန်းညှိခဲ့ကြတယ်။

အဲဒီနေ့ ကစလို့ 
တူညီမှုတွေနဲ့ ရန်ဖြစ်ခဲ့တယ်
မတူညီမှုတွေနဲ့ မိတ်ဆွေဖွဲ့ ခဲ့တယ်
သမိုင်းစာမျက်နှာတွေထဲခုန်ချခဲ့ကြတယ်။
အဲဒီနေ့ ကစခဲ့တာကို မနက်ဖြန်မှာအဆုံးသတ်လိုက်ကြစို့ ။

မြတ်သစ်(dawn)