အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မစုစုနွေးဟာ သူ့ရဲ့ပထမဆုံးနယ်ခရီးစဉ်အဖြစ် ပြည်မြို့ကို သွားရောက်ခဲ့ပြီး အနီးနား မြို့နယ်နဲ့ ကျေးရွာတွေက တောင်သူလယ်သမားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးရဲ့နေအိမ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ အဓမ္မလယ်မြေသိမ်းခံရတာမှုတွေ ဘဏ်စုငွေပြန်မရတာတွေအပါအ၀င် အခြားအထွေထွေပြသနာတွေနဲ့ပက်သက်လို့ တောင်သူလယ်သမားတွေဘက်ကတင်ပြဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို မကွေးတိုင်းအတွင်း စစ်စရန် ၊ ၀ဲကြီး ၊ ထောက်မ ၊ ကံမစတဲ့ကျေးရွာတွေနဲ့ ပဲခူးတိုင်းဒေသကြီးက ပန်းတောင် ၊ တလုတ်ပင် ၊ ဥသျှစ်ပင် ၊ သူရဲတန်း ၊ သီးကုန်း ၊ စတဲ့မြို့ရွာတွေက တောင်သူလယ်သမား ၁၀၀ ကျော်လောက်တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။
တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲအပြီးမှာတော့ မစုစုနွေးဟာ သွေးနှင့်ခလေးကူညီရေးအဖွဲ့ရဲ့ 7 days ဆိုင်းဘုဒ်တင်ပွဲကိုသွားရောက်ခဲ့ပါတယ်။
အဲဒီနောက် ပြည်မြို့ အန်အယ်ဒီရုံးချုပ်မှာ ဒေါက်တာဦးခင်မောင်ဝင်းကိုလည်းသွားရောက် တွေ့ဆုံခဲ့သလို ပြည်မြို့ ရွှေစံတော်ဘုရားကိုလည်းသွားရောက်ဖူးမြော်ခဲ့ပါတယ်။
မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၁၂ ခွဲ ချခံခဲ့ရတာဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူ့ရဲ့ အနစ်နာခံလှုပ်ရှားခဲ့မှုတွေကြောင့် ကနေဒါနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့တဖွဲ့က ပေးအပ်ချီးမြင့်တဲ့ လွတ်မြောက်ရေးဆု ၊ ချက်သမ္မတနိုင်ငံ people in need အဖွဲ့က ပေးအပ်တဲ့ လူ့အခွင့်အရေးနဲ့သက်ဆိုင်တဲ့ဆု အပါအ၀င် အီတလီနိုင်ငံ Agrate မြို့က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်မြို့သားဆု တွေကို ရရှိထားတာဖြစ်ပါတယ်ခင်ဗျာ။
Ref:http://www.facebook.com/burmavjmedia?sk=wall