Sunday, April 24, 2011

မြန်မာပြည်မှပေးစာ -ကဗျာအချို့

မြန်မာပြည်မှပေးစာ -ကဗျာအချို့

မြေ၊ ရေ၊ မီး၊ လေ။ ဓါတ်ကြီးလေးပါးက ဂျပန်နိုင်ငံကို ဗြောင်းဆန်သွားအောင် အကြီးအကျယ်ပျက်စီး စေခဲ့ပါတယ်။ကုန်းမြေပြင်တခုလုံး တဝုန်းဝုန်း တကျွိကျွိ မြည်သံတွေလွှမ်းနေခဲ့ပါတယ်။ ပြီးတော့ ကြောက်မက်ဘွယ် ရာ ကြီးမားတဲ့ ‘ဟိုခုဆိုင်’လှိုင်းကြီး ပင်လယ်မှတက်လာခဲ့ကာ ပျက်စီးနေပြီးဖြစ်တဲ့ ကမ်းရိုးတန်းကို အကြင်နာမဲ့စွာ ချေမှုန်းသွားခဲ့ပါတယ်။ နောက် ပြင်းပြတဲ့မီး တောက်လောင်ခဲ့ပါတယ်။ နောက်တော့ သေစေနိုင်တဲ့ဓါတ်ကြီးလေးပါးရဲ့ နောက်ဆုံးဖြစ်တဲ့လေဟာ လူသတ် ကုန်ပစ္စည်းဖြစ်တဲ့ အနုမြူဓါတ် ရောင်ခြည်နဲ့ ထိုးစစ်ဆင် ဝင်ရောက်လာခဲ့ပါတယ်။မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံကို ပျက်စီးစေခဲ့တဲ့ ငလျင်-ဆူနာမီ အကြောင်း မြောက်မြားစွာရေးခဲ့ကြပါတယ်။ အားလုံးဟာ ထိတ်လန့်ကြောက်မက်ဘွယ်ရာနဲ့ ပျက်စီးမှုများနဲ့ ပတ်သက်ပြီး စကားပရိယာယ် သံတူကြောင်းကွဲများနဲ့ အကောင်းဆုံးရေးခဲ့ကြတာချည်းပါ။ ဒါပေမင့် ပင်ပန်းနွမ်းနယ်လှပါတယ်။

သက်သေသာဓကများစွာဖြစ်ခဲ့တဲ့ နောက်ထပ် အကောင်းဆုံးများအကြောင်းအရာ တစုံရှိနေပါတယ်။ ဂျပန်လူမျိုးများဟာ ကပ်ဘေးကိုရင်ဆိုင်ရမဲ့ပုံစံအလေ့အကျင့် ရှိနေပုံထင်စေနိုင်တဲ့ အရည်အချင်းများနဲ့ ပတ်သက်လို့ပါ။ စည်းကမ်းရှိမှု၊ တာဝန်သိမှု၊ အလိုက်သင့် တွန်းလှန်လွတ်မြောက်နိုင်စွမ်းရှိမှု၊ လောကဓံကို ကြံ့ကြံ့ခံနိုင်မှု၊ စွဲစွဲမြဲမြဲအားထုတ်မှုများဖြစ်ကြပါတယ်။ပျက်စီးဆုံးရှုံးသွားတဲ့နိုင်ငံရဲ့ပြည်သူများအနေဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့အိုးအိမ်များနဲ့မြို့များ အတွက် ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းများကို ကမ္ဘာက အကြင်နာများ အံ့သြမှုများနဲ့ စောင့်ကြည့် နေလျက်ပါ။ အရှိအတိုင်းကျစ်လစ်စွာဆိုရလျှင် ဒါဟာ ဂျပန့်နည်းဂျပန့်ဟန်ပါ။နောက်ဆုံးမတော့ လူ့စိတ်ဓါတ်ရဲ့မူလတန်ခိုးအကြီးဆုံးအခြေခံလိုအပ်ချက်ပါ။
သေးငယ်တဲ့ခြေအစုံပေါ်မှာ ယိုင်နဲ့စွာ ခေါင်းခေါင်းမာမာဖြင့် မတ်မတ်ရပ်နေတဲ့လူကို လွှင်ပစ်မဲ့ ဓါတ် ကြီးလေးပါးမှတခု သို့မဟုတ် အားလုံးးရဲ့အဖျက်အဆီးတွေကို ဒီတန်ခိုးက ကျော်လွှားအောင်မြင်စေပါ တယ်။
ချိုမြိန်ခြင်းဟာ အခက်အခဲဒုက္ခရဲ့ အသုံးခံပါ။ အရုပ်ဆိုးပြီး အဆိပ်ပြင်းတဲ့ဖားပြုတ်လိုပါ။ ဒါပေမင့် ခေါင်းမှာ အဘိုးတန်ရတနာကိုဆောင်းလျက်ပါ။
သေချာပါတယ်၊ ဖါးပြုတ်ခေါင်းပေါ်က ရတနာဟာ လူသားစိတ်ဓါတ်ပါ။ ရတနာရဲ့ မြောက်မြားလှတဲ့ မျက်နှာကွက်များမှာ ပြတ်သားထက်မြက်မှုများရှိကာ လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်လိုစိတ်များဖြင့် အရောင်ထွက်လျက်ပါ။
မြေနဲ့ပင်လယ်ရဲ့ဒေါသမာန် ပဲ့တင်သံက ဂျပန်ကို အမှိုက်လှဲရှင်းလင်းလိုက်ပြီး နောက်တပတ်အကြာ မှာ မြန်မာနိုင်ငံမှာ ဆူနာမီရဲ့ ကြေကွဲဘွယ်နေ့ အသံထွက်ပေါ်လာခဲ့ပါတယ်။
ရှမ်းကုန်ပြင်မြင့်ရဲ့ အရှေ့ဘက်မှာ ငလျင်တခုလှုပ်ခဲ့လို့ လူရာချီသေဆုံးခဲ့ပါတယ်။ အဆောက်အဦးများ ပြိုကျခဲ့ပါတယ်။ ပြည်ထောင်စုအဝေးပြေးလမ်းမကြီးဟာ အလယ်ခေါင်မှာ ခရင်းခွပုံအက်ကြောင်းကြီးနဲ့ နက်ရှိုင်းစွာကွဲသွားခဲ့ပါတယ်။
ဒီအချိန်အတောအတွင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် တောင်ဘက်ပင်လယ်တွေမှာ လေပြင်းများကျ လာခဲ့ပါတယ်။ ကမ်းလွန်ပင်လယ်ပြင်မှာချထားတဲ့ ငါးဖမ်းပိုက်များကိုစောင့်ကြည့်နေကြသူများကို တင်ဆောင်ထားတဲ့ ထိခိုက်လွယ်ဝါးဖောင်များကို တိုက်စားသယ်ဆောင်သွားခဲ့ပါတယ်။ လူအများဟာ
ရက်အနည်းငယ်အတွင်းမှာ ကမ်းခြေကိုပြန်လည်ရောက်လာနိုင်စွမ်းရှိခဲ့ပါတယ်။ ဒါပေမင့် ယခုစာရေး
နေချိန်အထိတော့ တထောင်လောက်က ပျောက်ဆုံးနေဆဲလို့ဆိုပါတယ်။
၂၀၀၈ နာဂစ်ဆိုင်ကလုံးအတွေ့အကြုံပြီးနောက် မြန်မာပြည်သူများဟာ ကမ္ဘာ့နေရာအားလုံးမှာ အကြိမ်များစွာဖြစ်ပေါ်နေပုံရတဲ့ သဘာဝကပ်ဘေးများကို အလွန်တုန့်ပြန်နိုင်မဲ့ အသိများတိုးတက်နေ ကြပါပြီ။
ကြင်နာထောက်ထားတဲ့စေ့ဆော်မှုဟာ ပုဂ္ဂိုလ်ရေးအတွေ့အကြုံအရပေါက်ဖွားလာတဲ့ စာနာမျှဝေခံစား ခြင်းအဖြစ် ရင့်ကျက်လာပါတယ်။

ဂျပန်လူမျိုးတွေ ဆူနာမီဖြစ်ပြီးနောက်ပိုင်း သူတို့ဘဝများ ပြန်လည်တည်ဆောက်ဘို့ကြိုးပမ်းနေတာကို ကြားသိရပါတယ်။ ဒါကို မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်ုပ်တို့အတွက်ကတော့ ကျွန်ုပ်တို့ရဲ့ အရှေ့ဘက် တောင်တန်းများနဲ့ တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသများမှာ သေးငယ်ပေမင့် ဘဝပြောင်းစေအောင် ကျရောက်လာတဲ့သဘာဝဘေးဆိုးများနောက်ပိုင်း ပုံမှန်အခြေအနေပြန်ရောက်အောင် ပြည်သူများကို ကူညီဘို့ ကျွန်ုပ်တို့ကိုယ်တိုင်ကြိုးပမ်းမှုများရဲ့ ပုံကြီးချဲ့မြင်ကွင်းအဖြစ်မြင်ယောင်မိပါတယ်။

ဒါဟာ လူသားစိတ်ဓါတ်က စိတ်များနဲ့ နှလုံးသားများကို ပထဝီအားဖြင့် ယဉ်ကျေးမှုအားဖြင့် ပေါင်းကူး
တံတားထိုးပေးလိုက်တာပါ။
ဂျပန်နိုင်ငံမှာ ကပ်ဘေးဆိုးကြီး ထိုးနှက်နေတာကိုကြားကြားခြင်း သူတို့ရဲ့ခံစားမှုနဲ့နီးနီးကပ်ကပ်ခံစား
နေရတာ၊ ဒီလိုဒုက္ခရောက်ချိန်မှာ အကူအညီအချို့ပေးလိုတဲ့ဆန္ဒရှိနေတာ ဂျပန်ပြည်သူတွေသိအောင် ဘာများလုပ်ပေးနိုင်မလဲလို့ ကျွန်ုပ်တို့ အံ့သြခဲ့ရပါတယ်။
ဝမ်းနည်းစွာပဲ ဘယ်လိုပစ္စည်းအကူအညီမျိုးကိုမျှ ပေးနိုင်တဲ့အနေအထားမှာကျွန်ုပ်တို့ ရှိမနေပါ။
နောက် - ကျွန်ုပ်တို့ အမှတ်ရလိုက်ပါတယ်။
မချိမဆံ့ခံစားရဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်ဘို့ရာ ခွန်အားဖြစ်စေမဲ့ ကြံ့ကြံ့ခိုင်မာကျောတဲ့ အရည်အ
ချင်းများ ထပ်လောင်းပေးဘို့ပါ။ ဂျပန်လူမျိုးဟာ အလှနဲ့ကဗျာကို နှစ်သက်မြတ်နိုးပါတယ်။ ဒါဟာ သူတို့ခွန်အားရဲ့ သိမ်မွေ့နုညံ့တဲ့အပိုင်းဖြစ်ပါတယ်။
ဒါကြောင့် ကဗျာများကို ပေါင်းချုပ်စာအုပ်ငယ်ကလေးမှာ စုပေါင်းထည့်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကံကြမ္မာ အမှောင်ချိန်တွင်းရောက်နေတဲ့ ဂျပန်လူမျိုးများအပေါ် ထားရှိတဲ့ခံစားချက်များ တနည်းနည်း
နဲ့ ဖော်ပြရာ ရောက်ပါလိမ့်မယ်။
ကဗျာပေါင်းချုပ်စာအုပ်ငယ်ရဲ့ ကျွန်ုပ်တို့စာမျက်နှာများမှာ ပါဝင်ရေးသားသူများအနက် လူသားစိတ် ဓါတ်ရဲ့ အခြေခံတရားကို ပေါ်လွင်ရန် ရုန်းကန်ကြိုးပမ်းနေကြတဲ့ စာရေးဆရာများနဲ့ ကဗျာဆရာများ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မီတီဝင် ဟံသာဝတီဦးဝင်းတင်လဲ ပါဝင်ပါ တယ်။ သူဟာ နှစ်ပေါင်း ၂၀ အကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသမားတဦးဖြစ်ခဲ့ပါတယ်။ အသက် ၇၉ ခုနှစ်မွေးနေ့ချိန်နီးမှ ၂၀၀၈ ခုနှစ်ကလွတ်လာခဲ့ပါတယ်။

ထောင်တွင်းရှိစဉ် သူ့ကိုပိတ်ပင်ထားသူများနဲ့ သူလိုပဲလွတ်လပ်ခြင်းကိုလိုလားသူများအတွက် စိန်ခေါ်
မှုကြွေးကြော်သံများကို ရေးစပ်ခဲ့ပါတယ်။
“လူကပဲ ချေမလား၊ ထောင်ကပဲချေမလား”
ဂျပန်လူမျိုးများအတွက် သူ့ကဗျာဟာ တူညီတဲ့အားမာန်ဖြစ်စေမှာလို့ ဟောကိန်းထုတ်နိုင်ပါတယ်။
“ဆူနာမီနဂါး၊ ဟီရိုရှီမဗုံးဝင်စားခြင်း”ကဗျာများကိုရေးပါတယ်။ “အာဏာငရဲ”နဲ့ “လှိုင်းများရဲ့ငရဲ”ကိုလဲ နှိုင်းယှဉ်ပြထားပါတယ်။
ကျွန်ုပ်တို့ရဲ့ ကဗျာဆရာ ၃ ယောက်ကလဲ သူတို့ရဲ့ နိုင်ငံရေးယုံကြည်မှုနဲ့လှုပ်ရှားများကြောင့် ထောင်
ဒဏ်များကျခံခဲ့ရပါတယ်။
ဆူနာမီရဲ့စိန်ခေါ်မှုများကို သဘာဝသို့မဟုတ်လူသတ္တဝါရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ စေတနာသဒ္ဓါ တရားတို့ရဲ့တိုက်ပွဲ၊ ဒူက္ခဝေဒနာနဲ့ လူသားစိတ်ဓါတ်တို့ ပြိုင်ပွဲအသွင် အားလုံးက ရှုမြင် သုံးသပ်ထား ပါတယ်။

သူတို့ကြုံလာခဲ့ရတဲ့ကြမ်းတမ်းမှုများကြောင့် အားလုံးဟာ စိတ်ဓါတ်ရဲ့အောင်မြင်မှုဘက်မှာ ခိုင်မာစွာ
ရပ်တည်လာခဲ့ကြပါတယ်။
“အရုဏ်ကျင်းဖို့ ပိုမှောင်လာတဲ့ အမှောင်မျိုးပေါ့ ….. အမှန်တရားဟာ အဲဒီအမှောင်ကိုဆွဲတက်လာ
တယ်….. ကမ္ဘာကြီးရေ…..သင်လဲ အဲဒီအမှောင်ကို ရဲရဲသာ ဆွဲတက်ခဲ့တော့ …..။” လို့ ဆရာငြိမ်းသစ် က ရေးထားပါတယ်။
ဆရာ မုံရွာအောင်ရှင်က ဆူနာမီရဲ့သောကြာနေ့ “အမည်းကြီး”ကို ကမ္ဘာ့အကြင်နာ “အဖြူ”နဲ့နှိုင်းပြ
ထားပြီး ဂျပန်လူမျိုးများရဲ့ သိမ်မွေ့တဲ့စိတ်ဓါတ်ကို ချီးကျူးထားပါတယ်။
“အကြင်နာကင်းတဲ့လှိုင်းကသယ်ဆောင်လာတဲ့ဆိုးကျိုးဟာ လူ့စွမ်းအားကို မကျော်လွှားနိုင်ပါဘူး”လို့
ရိုးရိုးလေးပဲ ဆူနာမီအတွက် သူ့ကဗျာကို ဆရာဖျာပုံ နီလုံးဦးက အဆုံးသတ်ထားပါတယ်။
ကျွန်ုပ်တို့ရဲ့ကဗျာဆရာများအပေါ် ဂျပန်လူမျိုးများက ရှင်းရှင်းလေးရှုမြင်လိမ့်မယ်လို့ ယုံကြည်ပါ
တယ်။

အောင်ဆန်းစုကြည်မှတ်ချက် - ဒီစာဟာ တိရစ္ဆာန်အကြောင်းစကားလက်ဆုံ(၂)ဖြစ်ရမှာဖြစ်ပေမင့် ဆူနာမီဂယက်အချိန်မှာ တိရစ္ဆာန်များအကြောင်း ပြန်ပြောင်းပြောဘို့မသင့်သေးဘူးလို့ ထင်မြင်မိပါတယ်။
(မိုင်အိနိချိသတင်းစာ ဂျပန်၊ ဧပြီ ၂၃)
( ဂျပန်နိုင်ငံထုတ် မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ A FEW POEMS ကို ပြန်ဆိုပါတယ်။)
မောင်မောင်လှကြိုင် ၂၀၁၁-ဧပြီ ၂၅
ဆောင်းပါးပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်။

Saturday, April 23, 2011

ပျောက်ဆုံးသွားသောနှလုံးသား

ပျောက်ဆုံးသွားသောနှလုံးသား

အမေ့အိမ်နဲ့
ကွာဝေး
ပူဆွေးခဲ့ရတဲ့
(၂၃)နှစ်ဆယ့်သုံးနွေ
တန်ကူး
အတာကျူးခဲ့ပြန်ပြီ။

ဒီအချိန်
အမေ
ဘာလုပ်နေမလဲ
မျက်ရည်စတွေနဲ့
ဖုံသုတ်
ငါ့ဓာတ်ပုံကိုဖြုတ်ကြည့်နေမလား။

ဂျေးများတဲ့သားအကြောင်း
တွေးမိ
ထမင်းပွဲကိုငေးကြည့်နေမလား
ပိုင်ရှင်မဲ့စာအုပ်ရှင်
တုန်ရင်
ပြင်ထပ်နေမလား။

ဘုရားကို
နားပူ
စစ်ကူတောင်းနေမလား
အဖေမသိအောင်
ကျိတ်ခိုး
မျက်ရည်မိုးတွေရွာနေမလား။

ပြုံးစစကောင်မလေးရဲ့ပုံ
ကြည့်ငေး
ငါ့သားဘယ်မှာလည်းလို့မေးနေမလား
စစ်ခွေးတွေကို
နာကျည်း
စိတ်ဖိစီးပြီးလဲနေမလား။

စစ်အစိုးရ
ပြုတ်ကျ
ဒီမိုကရေစီရမှ
သားချစ်နဲ့
မနှေး
ဆုံတွေ့နိုင်မယ့်အရေးမို့
တရားပဲအားပြု
အမေရှုမှတ်လို့နေမလား။

မိုးကျော်
ကိုယ်တော်တာရာသို့အမှတ်တရ

Thursday, April 21, 2011

ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒေါ်စုလမ်းစဉ်

ရွေးကောက်ပွဲအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒေါ်စုလမ်းစဉ်
မြန်မာပြည်တွင် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားပြီနောက် ပြည်သူလူထုတရပ်လုံးကို တစုတစည်းတည်းစည်း ရုံးသိမ်းသွင်းနိုင်မည့် ခိုင်မာသောခေါင်းဆောင် ပေါ်ထွန်းလာခြင်းမရှိခဲ့သောကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားသားပြည်သူလူထုတရပ်လုံးဟာ ၁၉၆၂ မှာခုနှစ်မှာပထမစစ်ကျွန်ဘဝကိုရောက်ခဲ့ရကာ ဗြိတိသျှလက် အောက်မှရရှိထားသော လွတ်လပ်ရေးလည်းဆုံးရှုံးခဲ့ရသည် ။ ဗိုလ်ချုပ်ကျဆုံးခြင်းနှင့်အတူ တိုင်းရင်းသား ခေါင်းဆောင်များနှင့်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည့် ပင်လုံစာချုပ်သည်လည်း ဗိုလ်နေဝင်း၏ အာဏာရှင် စနစ်လက်အောက်တွင် စက္ကူစုတ်သဖွယ် ကြေမွပျက်ဆီးခဲ့ရသည် ။

( ၈၈၈၈ ) အရေးတော်ပုံကာလအတွင်း တိုင်းပြည်ကိုစစ်ကျွန်ဘဝမှ လွတ်မြောက်ရန်ကယ်တင်ပေးနိုင်မည့် ဒုတိယလွတ်ရေးတိုက်ပွဲကို ဖေါ်ဆောင်မည့်ခေါင်းဆောင်များ မွေးဖွားလာခဲ့သည် ။ ထိုအထဲတွင် ဒေါ်အောင် ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအမွေအနှစ်ကို ဆက်ခံသူအဖြစ်၎င်း ဒုတိယပင်လုံစာ ချုပ်ကို၎င်း အမျိုးသားပြန်လည်သင့်မြတ်ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ကို၎င်း အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်မည့်သူတဦးအဖြစ် ပေါ်ထွန်းလာခဲ့သည် ။
တနည်းအားဖြင့် အောင်ဆန်းလမ်းစဉ်ကို ဖေါ်ဆောင်ပေးနိုင်မည့်သူမှာ တခြားသူမဟုတ်ပါ ။ သူ၏ချစ်လှစွာ သောသမီးငယ် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည် ။ ဒေါ်စု၏လမ်းစဉ်သည်ကါး လောကပါလတရားကို အခြေခံထားသော အမှန်တရားအတွက် အကြမ်းမဖက် လွတ်လပ်မှု့ တရားမျှတမှု့ ငြိမ်းချမ်းသောသွေးမဲ့ တော်လှန်ရေးနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကိုဆောင်ကျဉ်းမည့်သူပင်ဖြစ်သည် ။ ဒေါ်စုသည်ပြည်သူလူထု ၏ အကျိုးကိုရှေ့ရှုရာတွင် သူမ၏မိသားစုဘဝကိုစွန့်လွတ်အနစ်နာခံကာ သူမကိုစစ်အုပ်စုမှအနှစ် ( ၂၁ ) နှစ် တာကာလအတွင်း ( ၁၅ ) နှစ်ကျော် ကြာနေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံခဲ့ရသည် ကို အာဂါတမထား နအဖစစ်အုပ်စုနှင့် တိုင်းပြည်၏ပြသနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရန် သူမလွတ် မြောက်လာခါစမှာပင် တောင်းဆိုခဲ့သည် ။ သူမနေအိမ်အကျယ်ချုပ်ဖြင့် အကျဉ်းမကျစဉ်ကလည်း တိုင်းပြည် ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးအတွက် နအဖစစ်အုပ်စုအား သင်ပုန်းချေရေးမူဖြင့် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးလုပ်ငန်းစဉ်ကို တင်ပြခဲ့သည် ။
သို့ပါသော်လည်း ဗိုလ်သန်းရွှေ၏ ခေါင်းမာမှု့ တကိုယ်ကောင်းဆန်မှု့အတ္တကြီးမားမှု့တို့ကြောင့်တိုင်းပြည်၏ ပြသနာများကိုတွေ့ဆုံဆွေးနွေးအဖြေရန် အလှမ်းကွာဝေးနေခြင်းတို့ကြောင် တိုင်းပြည်ငြိမ်းချမ်းရေးမှာ ရွှေပြည်တော်မျှော်လေတိုင်းဝေးနေရသည် ။

မြန်မာပြည်တည်ငြိမ်ရေးနှင့်ဖွံဖြိုးတိုးတက်ရေးကင်းမဲ့ခဲ့ရသည်မှာ ခေါင်းဆောင်များမညီညွတ်ကြခြင်းသည် အဓိကပြဿနာပင်ဖြစ်သည် ။ ခေါင်းဆောင်များမင်းများ မညီညွတ်ခဲ့ကြ၍ ထီးကျိုးပြီး စည်တော်ပေါက်ခဲ့ရသည် ရှေးဗမာမင်းများ လက်ထက်မှ ဆရာမွေးတပည့်မွေး ပုဂ္ဂိုလ်စွဲ ဆန္ဒစွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် မင်းတုန်းမင်းလက်ထက်၌် လွတ်တော် တွင်တိုင်းတားအုပ်စုနှင့်ကင်းဝန်အုပ်စုဟူ၍ အမတ်မင်းများနှစ်ခြမ်းကွဲခဲ့ခြင်၏ အကျိုးဆက်ကြောင့် ကမ္ဘာ့ပထမဦး ဆုံးရေမြှုပ်ဗုံးတီထွင်သူ ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရပြီး လှေပြေးတုန်း တက်ကြိုးခဲ့ရသည် ။ သီပေါမင်း နန်းတက်ချိန်တွင်လည်း သူ့အာဏာတည်မြဲရေးအတွက် သူ့နှင့်ပြိုင်ဖက် မင်းညီမင်းသားအပါး (၄ဝ )ခန့်ကို သုတ်သင်ရှင်းလင်းခဲ့သည့်အတွက် နယ်ချဲ့ဗြိတိသျှတို့မှအထက်မြန်မာ နိုင်ငံတွင်သွေးချောင်းစီးနေပြီ အထက် မြန်မာနိုင်ငံ၏နိုင်ငံခြားဆက်ဆံရေးကို မိမိတို့မှတာဝန်ယူဆောင်ရွက် ရတော့မည်ဟူသော အကြောင်းပြချက်ဖြင့် ဗမာပြည်ကို သိမ်းပိုက်ခဲ့သည်မှာလည်း သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ ရခြင်း၏ အကြောင်းတရားပင်ဖြစ်သည်။

တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် တိုင်းပြည်စည်းလုံး ညီညွတ်ရေးပြိုကွဲ ခဲ့ရပြီးပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရသည်မှာ ခေါင်းဆောင်များ၏ အတ္တစွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် ပင်ဖြစ်သည် ။ ဖဆပလအစိုးရလက်ထက်တွင်လည်း သန့်ရှင်းနှင့်တည်မြဲဟူ၍ ဖဆပလပါတီနှစ်ခြမ်းကွဲခဲ့ရပြီး အုပ်စုစွဲ ဂိုဏ်းကဏ္ဍစွဲ နိုင်ငံရေးသမားများကြောင့် ဖဆပလအစိုးရ၏ညီညွတ်မှု့မရှိခြင်းသည် ဗိုလ်နေဝင်းစစ်တပ် မှအာဏာသိမ်းယူရန် အကြောင်းပြချက်တခုပင်ဖြစ်သည် ။ မြန်မာပြည်ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲရခြင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းလုပ်ကြံသတ်ဖြတ် ခံရခြင်းတို့မှာ အာဏာလွန်စွဲပွဲနှင့် ပါတီစွဲ ဂိုဏ်းကဏ္ဍစွဲများကြော့င်ပင်ဖြစ် သည် ။ မြန်မာ့နိုင်ငံရေးတွင် အုပ်စုစွဲအကွဲအပြဲနှင့်ခေါင်းဆောင်များ၏ ဆရာမွေးတပည့်မွေး အတ္တစွဲ ဂိုဏ်းကဏ္ဍစွဲများ ဆန္ဒစွဲများ ကြောင့် ညီညွတ်ရေးကင်းမဲ့ခဲ့ရပြီး တိုင်းပြည်ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေသည် ။

ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ )နှစ်ခြမ်းကွဲခဲ့ရခြင်း ၊ ကျောင်းသားတပ်မတော်နှစ်ခြမ်း ကွဲခဲ့ရခြင်းနှင့် ကရင်အမျိုးသားအစည်းအရုံးနှစ်ခြမ်းကွဲရခြင်းတို့မှာ ထိုအကျိုးဆက်များကြောင့်ပင်ဖြစ်သည် ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှစ်ခြမ်းမကွဲခဲ့ရခြင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ခိုင်မာသောဦး ဆောင်မှု့ အမျှော်အမျင်ကြီးမားမှု့တို့ကြောင့်ပင်ဖြစ်သည် ။ NLD ၏ (၂၁ဝဝ )ရွေးကောက်ပွဲမဝင်ရေး ပါတီ မှတ်ပုံမတင် ရေးကိုဆန့်ကျင်သော NLDမှအခွင့်အရေးသမားအချောင်သမားအချို့သာ NLD မှခွဲထွက်ပြီးပါတီထောင်ကာ နအဖ၏အတုအယောင်ရွေးကောက်ပွဲကိုဝင်ခဲ့သည် ။
နအဖစစ်အုပ်စုတွင်လည်း အုပ်စုအကွဲအပြဲ အုပ်စုစွဲ ဂိုဏ်းကဏ္ဍစွဲ အတ္တစွဲများနှင့် ဆရာမွေးတပည့်မွေးကိစ္စများ ကြောင့် ဗိုလ်နေဝင်းလက်ထက်မှ ဗိုလ်သန်းရွှေလက်ထက်ထိ ဖြုတ်ထုတ်သတ် အာဏာလုပွဲများဖြစ်နေသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည် ။ သို့ ဖြစ်သော်ငြားလည်း နအဖသည်အာဏာဖြင့် စစ်တပ်တခုလုံး၏ညီညွတ်ရေး ကိုချိန်ခွင်လျှာလို ပုံမှန်ထိန်း ညှို ထားနိုင်သည် ။ ယနေ့အတိုက်အခံများညီညွတ်ရေးကင်းမဲ့နေသည့်အတွက် ကြောင့်စစ်အာဏာရှင်စနစ်သက်ဇိုး ရှေနေရခြင်းမှာ လည်းအကြောင်းတချက်ပင်ဖြစ်သည် ။
မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူလူထုတရပ်လုံးနှင့် အတိုက်အခံခေါင်းဆောင်များ၏စည်းလုံးညီညွတ်ရေးကိုဖေါ်ဆောင်ပေးနိုင်မည့်သူမှာ တခြားသူမဟုတ် ဒေါ်အောင်ဆန်းစုကြည်သာလျင်ဖြစ်သည် ။ဒေါ်အောင်ဆန်း စုကြည်၏နောက်တွင် ပြည်သူတရပ်လုံးမားမားမတ်မတ်ရပ်တည်နေသည်။ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ မိသားစုအသိုင်းအဝိုင်းလည်းရှိနေသည် ။ထိုအတူဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူရှေ့မှမားမားမတ် မတ်မတ်ရပ်တည်ကာပြည်သူထုလိုလားတောင်တနေသောဒီမိုကရေစီအရေးကို တစိုက်မတ်မတ်လုပ်ဆောင် နေပြီး (၁၉၉ဝ) ပြည့်ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖေါ်ရန် ပျက်ကွက်နေသောနအဖစစ်ခေါင်းဆောင်များကိုဒူးမထောက်အညံမခံပဲ စဉ်ဆက်မပြတ်တိုက်ပွဲဝင်နေသည့်အတွက်ကြောင့် နအဖအစိုးရမှ အနှစ်(၂၁ )ကျော်ကာလအတွင်း ( ၁၅ )နှစ်ကျော်ကြာနေအိမ်အကျယ်ချုပ်ဖြင့် ဥပဒေမဲ့ အကျဉ်းကျခြင်းကို ခံခဲ့ရသူ တဦးပင်ဖြစ်သည် ။

လောကတွင်သက်ရှိသက်မဲ့အရာခပ်သိမ်းတို့သည် င်္သခါရတရားသဘောကိုလွန်ဆန်၍ မရနိုင်ပါ ။ ဟစ်တလာ စတာလင် နှင့် ဗိုလ်သန်းရွှေ ဟူသော အာဏာရှင်များသည်မည်မျှပင် အင်အားကြီးမားစေကါမူ အနာဂါတ်တွင် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ထောင်ရန် သံဓိဋ္ဌန် ပြင်းစွာချထားသော မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူတို၏ စိတ်ဆန္ဒအောက်တွင် မှေးမှိန်ပျောက်ကွယ်သွားမည် ဖြစ်သည် ။ အနာဂါတ်တွင်ဒေါ်စု၏ မေတ္တာတရားကြီးမားသော အဂါတတရားကင်းမဲ့သော အမျိုသားပြန်လည်သင့်မြတ်ရေး သွေးမဲ့တော်လှန်ရေး ဒိုင်ယာလော့က အင်အားကြီးမားသော သဘောထားတင်းမာသော စစ်ခေါင်းဆောင်များ ကို ငြိမ်းချမ်းရေးစားပွဲဝိုင်း သို့ခေါ်ဆောင်သွားပြီ မြန်မာပြည်ကို ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီခေတ်သစ် သို့ဆောင်ကျဉ်း သွားမည်ဖြစ်ပါသည် ။

မြင့်မိုရ် ( နယ်သာလန် )
( ၂၄ - ဝ၁ - ၂ဝ၁၁ ) ညနေ ၁၆း ၃ဝ နာရီ

Wednesday, April 20, 2011

ကျန်ရှိသည့် နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကသို့ ထပ်မံလွှဲပြောင်းမည်ဟု နိုင်ငံတော် သမ္မတပြောကြား၊ လေလံမအောင်ဘဲ ကျန်ရှိနေသည့် နိုင်ငံပိုင်လုပ်ငန်းများနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော အိုးအိမ်မြေကွက် အရေအတွက် အနည်းဆုံး ၄၀ ခုနှင့် အထက်ကျန်ရှိနေ

ပုဂ္ဂလိကပိုင်ပြုလုပ်ရန် အဆိုပြုလွှာ ခေါ်ယူထားပြီး ပြန်လည်ပယ်ဖျက်ထားသည့် မြေ ၁၁ ဧကကျော်ရှိ မြေအသုံးချရေး ဌာနခွဲရုံးချုပ်
ကျန်ရှိနေသည့် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောကြားချက်များကို ၂၀၁၁ ခုနှစ် ဧပြီလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြမှုများ အရ သိရှိရသည်။
ဧပြီလ ၆ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ခန်းမဆောင်ကြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် ပြည်ထောင်စု ဒုတိယ၀န်ကြီး များအား တွေ့ဆုံသည့် အခမ်းအနား ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။
“ပြည်သူများ မလုပ်နိုင်သည့် တိုင်းပြည်အတွက် အဓိကကျသည့် အလုပ်ရုံ၊ စက်ရုံများမှအပ အစိုးရပိုင်ကျန်သည့် အလုပ်ရုံ စက်ရုံများကို ပြည်သူများထံ လွှဲပြောင်းပေးလိုပါကြောင်း၊ ထို့ကြောင့် ကိုယ့်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီးပွားရေးလုပ်ငန်းရှင်များ များများ ပေါ်ထွက်လာအောင် မိမိတို့ အစိုးရအဖွဲ့အသီးသီးက ၀ိုင်းဝန်း မြေတောင်မြှောက်ပေးကြရန် တိုက်တွန်း လိုကြောင်း”
နိုင်ငံတော်သမ္မတက ‘ပြည်သူများ မလုပ်နိုင်သည့် တိုင်းပြည်အတွက် အဓိကကျသည့် အလုပ်ရုံ၊ စက်ရုံများမှအပ အစိုးရပိုင်ကျန်သည့် အလုပ်ရုံ စက်ရုံများကို ပြည်သူများထံ လွှဲပြောင်းပေးလိုပါကြောင်း၊ ထို့ကြောင့် ကိုယ့်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီးပွားရေးလုပ်ငန်းရှင်များ များများ ပေါ်ထွက်လာအောင် မိမိတို့ အစိုးရအဖွဲ့အသီးသီးက ၀ိုင်းဝန်း မြေတောင်မြှောက်ပေးကြရန် တိုက်တွန်း လိုကြောင်း’ဟု မှာကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် ငွေကျပ်သန်း ၆၈၈၈ ဖြင့် ၀ယ်ယူခွင့်
ရခဲ့သည့် ရန်ကုန်ကော်မာရှယ်တာဝါ
လက်ရှိတွင် နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် လည်းကောင်း၊ နိုင်ငံပိုင်သိမ်းဆည်း ထားသော အိုးအိမ်မြေကွက်များအား လေလံတင် ရောင်းချရာတွင် လည်းကောင်း ကြမ်းခင်းဈေး မမီခြင်း၊ အဆိုတင်သွင်းသူ မရှိခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ထားခြင်းများကြောင့် ၀ယ်ယူမရရှိဘဲ ကျန်ရှိသည့် အရေအတွက်မှာ အနည်းဆုံး ၄၀ ခုအထက် ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ဇန်န၀ါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာရောင်းချသည့် နိုင်ငံပိုင်လုပ်ငန်း ၇၆ ခုတွင် နှစ်ခုမှာ ကြမ်းခင်း ဈေးမမီဘဲ သုံးခု ပယ်ဖျက်ထား ကြောင်း၊ နှစ်ခုဆိုင်းငံ့ထားပြီး နှစ်ခုမှာ အဆိုတင်သွင်းသူ မရှိခဲ့ခြင်းကြောင့် ၀ယ်ယူခွင့်ရမသွားဘဲ ကျန်ရှိသည်မှာ လုပ်ငန်းကိုးခုရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာရောင်းချခဲ့ သော မြေနှင့်အဆောက်အအုံ၊ တိုက်ခန်း မြေကွက် ၁၁၁ ခုထဲတွင် အနည်းဆုံး ပယ်ဖျက်ထားသည်မှာ နှစ်ခုရှိပြီး အဆိုတင်သွင်းသူ မရှိခဲ့သည်မှာ ၁၄ ခု နှင့် အထက်ရှိကြောင်း၊ ကြမ်းခင်းဈေး မမီသည်မှာ တစ်ခုနှင့်အထက် ရှိကြောင်း သိရသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာရောင်းချခဲ့သော မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းမြေကွက် ၁၅၇ ခုထဲတွင် အနည်း ဆုံး ကိုးခုနှင့်အထက် ပယ်ဖျက်ထားပြီး တစ်ခုနှင့်အထက် တင်သွင်းသူ မရှိခဲ့ကြောင်း၊ တစ်ခုနှင့်အထက် ကြမ်းခင်းဈေး မမီဘဲ ဆိုင်းငံ့ထားသည်မှာ လေးခုရှိကြောင်းသိရသည်။

“အနည်းဆုံး ၄၀ ခုနဲ့အထက် လို့ပြောရတာက ကျွန်တော်တို့နိုင်ငံပိုင် လုပ်ငန်းတစ်ခုကို အဆိုပြုလွှာ တင်တုန်းက ထုတ်ပြန်တဲ့စာရင်းတွေအရ ကျန်ရှိတာကိုက ၄၂ ခုလောက်ရှိ နေတာပါ။ ဒါကြောင့် အနည်းဆုံး ဆိုတဲ့စကားထည့်ပြောရတာ။ ခြုံပြောရင်တော့ ၄၂ ခုနဲ့အထက်ကို ကျန်ရှိနေသေးတဲ့အတွက် လိုအပ်တဲ့သူတွေ ထပ်ပြီး ရနိုင်တဲ့ အခွင့်အရေး ရှိသေးတာပေါ့။ ကြမ်းခင်းဈေးမမီလို့ ၀ယ်မရဘဲ ကျန်တာမျိုးကျတော့ ကြမ်းခင်းဈေးကို နည်းနည်းလောက် ခေတ်နဲ့ လျော်ညီတဲ့ ဈေးမျိုးသတ်မှတ်ပေးရင် ပုဂ္ဂလိကတွေအနေနဲ့ ပိုပြီး ကောင်းမွန်မယ်လို့ ယူဆမိပါတယ်” ဟု နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ရန် အဆိုပြုလွှာခေါ်ယူစဉ်က အဆိုပြုလွှာ တင်သွင်းခဲ့သူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

Tuesday, April 19, 2011

Sunday, April 17, 2011

Local Water Festival Photo News

ကလေးမြို့ သင်္ကြန်ပွဲတော်ကာလအတွင်း မြင်ကွင်း
ဓာတ်ပုံများ အပြည့်အစုံသို့

=======================================
နှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်မြို့မြင်ကွင်းများ
ရွှေတိဂုံစေတီတော် ဘုရားဖူးလာသူများ

နှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်မြို့မြင်ကွင်းများ အပြည့်အစုံသို့

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့သားများ မုန့်လုံးရေပေါ် စတုဒီသာ အလှုလုပ်ကြတာ ဖြစ်ပါတယ်။

========================================
နှစ်ဆန်းတရက်နေ့ ပရိတ်ရွတ်ပွဲနဲ့ သက်ကြီးပူဇော်ပွဲဖြစ်ပါတယ်။


=========================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် သို့ မေတ္တာရပ်ခံပန်ကြားခြင်း
သို့

ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ - ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်။
(မြန်မာနှစ်ဆန်းတစ်ရက်- ၁၃၇၃-ခုနှစ်)

အကြောင်းအရာ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းသာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက် များကို အကောင်အထည်ဖော်ပေးပါရန် မေတ္တာရပ်ခံပန်ကြားခြင်း။

နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရိုးသားစွာဖြင့် လိုလားကြသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သစ်ကို မေတ္တာရပ်ခံ တင်ပြလိုသည်မှာ လက်ရှိ နိုင်ငံတော် အစိုးရသစ်သည် သာမန်ရွေးကောက် တင်မြှောက်ခံ အစိုးရတစ်ရပ်ကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ငါးနှစ် သက်တမ်းအတွင်း ထမ်းဆောင်ရုံမျှဖြင့် လုံလောက်မည်ဟု မယူဆနိုင်ပါ။ အစိုးရသစ်သည် မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်သည့် ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ဖော်ဆောင် ပေးရမည့် ကြီးလေးသောတာဝန်ကို ထမ်းရွက်ဖော်ဆောင်ရမည့် အစိုးရတစ်ရပ်ဖြစ်ပါသည်။

သမ္မတကြီးနှင့်သမ္မတကြီး၏အစိုးရသစ်သည် ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု ပြည်သူလူထုအနေဖြင့် မျှော်လင့်တောင့်တလျှက် ရှိကြပါသည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖြစ်ပွားလျှက် ရှိသည့်ပြဿနာများကို အောင်မြင်စွာ တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရေး အပါအ၀င်၊ အစိုးရသစ်အနေဖြင့် ယုံကြည် ချက်ကြောင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်း သားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးခြင်း၊ ပြည်ပရောက် အဖွဲ့အစည်း အသီးသီးနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောက်ရှိ နေကြသူများ၊ ဒုက္ခသည်များ အဖြစ် ခိုလှုံ နေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို လုံခြုံ အေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့် အခြေအနေများ အမြန်ဆုံး ဖန်တီးပေးခြင်းဖြင့် သဘောထား ကြီးမားစွာ အပြုသဘောဆောင်ကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း ပြသစေလိုပါသည်။

စစ်မှန်သော ဒီမိုကရေစီစနစ်ထွန်းကားရန် သမ္မတကြီးနှင့် သမ္မတကြီး၏ အစိုးရသစ်အနေဖြင့် အကောင်းဆုံး စွမ်းဆောင်ပေးစေလိုပါသည်။ စစ်မှန်သောအမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေးတို့ သည်သာ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်း စေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရအပြန် အလှန်တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်းရပ်စဲပြီး၊ နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန်နှင့် နိုင်ငံတော်၏ ပြဿနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန်ကိုလည်း ပြည်သူများက မျှော်လင့် တောင့်တလျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အောင်မြင်စွာဖော်ဆောင် နိုင်ရန်အတွက် ပဏာမခြေလှမ်းအဖြစ် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်း ရပ်စဲပြီး၊ နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်း ကြရန်နှင့်၊ ပြည်ပရောက် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသူများ၊ ဒုက္ခသည်များအဖြစ် ခိုလှုံ နေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးကို လုံခြုံအေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့်အခြေအနေများ အမြန်ဆုံး ဖန်တီး ပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးလိုလားသူများ