Saturday, April 16, 2011

အောင်နှစ်သစ်

အောင်နှစ်သစ်

အတာရေလောင်း
ခေတ်ဟောင်းကိုဆေးပစ်
နှစ်သစ်ကိုကြို
ကောင်းလိုတဲ့ဘဝ
တောင်းဆိုဆန္ဒ
ကြံဆ ဟန်ကျစေ
ဆုပန်ချွေသ
ဝေနေယျကမ္ဘာ
သာယာရွှင်လန်း
ရည်မှန်းကောင်းကျိုးဖြာ
တိုးလာမိုမောက်
ဝမ်းမြောက်အားထက်သန်
ဆက်ရန်ခရီး
မငြီးမတွားပဲ
အောင်ပွဲခံလို့
ဇွဲသန်ကြိုးပမ်းဆောင်
လူ့ဘောင်ထွန်းတင့်
ကျွမ်းကျင်ကျင့်ကြံကောင်းကျိုးကြွယ် ………။

ကြိုင်လှမောင်မောင်
၂၀၁၁၀၄၁၇
နှစ်ဆန်းတစ်ရက်

ရှင်မဟာရဋ္ဌသာရ ၏
“ပုလဲတကန့် ရွဲတကန့်” စပ်ဟန်ကို
စု တု ပြုပါသည်

ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်။

Friday, April 15, 2011

မဟာသင်္ကြန်အတက်နေ့မြင်ကွင်းဓာတ်ပုံများ

သင်္ကြန်အတက်နေ့၌ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ရေကစားနေကြသူများ
သင်္ကြန်အတက်နေ့ ပြည်လမ်းမြင်ကွင်း

မဟာသင်္ကြန်အတက်နေ့မြင်ကွင်းဓာတ်ပုံများ အပြည့်အစုံသို့
----------------------------------------------------------------------------------------------
၁၃၇၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို မြန်မာနိုင်ငံအနှံ့တွင် ဆင်နွဲခဲ့ကြသည်။ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် နှစ်သစ်ကူးရေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်ကို တွေ့ရသည်။
 သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ပြည်လမ်း မြင်ကွင်း
သင်္ကြန်အကြတ်နေ့ နေ့လည်ပိုင်းက ဦးပိန်တံတားကို တွေ့ရစဉ်ဓာတ်ပုံများ အပြည့်အစုံသို့

၂၀၁၁ ရန်ကုန် သင်္ကြန်

Thursday, April 14, 2011

`မြန်မာသင်္ကြန်´

`မြန်မာသင်္ကြန်´
မြန်မာတို့၏ ၁၂ ရာသီပွဲတော်တို့တွင် တန်ခူးလသည် ပထမဆုံးပွဲတော် ဖြစ်သလို အထူးခြားဆုံးသော ပွဲတော်လည်း ဖြစ်ပါ၏။ ထူးခြားပုံကို အနည်းမျှ စာစီ၍ ပြပါအုံးမည်။

တန်ခူးမိဿ ၊ စိတြ ၊ လနှင့်ယှဉ်ပြိုင်ထွန်း။
ရင်ခတ်ဂန့်ဂေါ် ထုံသင်းပျော် ပွဲတော် အတာညွှန်း .. (စာဆို အမည်မသိ)။

တန်ခူးလ(အတာကူးတဲ့လ)သည် ရာသီအားဖြင့် မိဿရာသီ၊ပြာလဲ့လဲ့ဖြစ်သော အထက်ကောင်းကင် အာကာ နန်း၌ စိတြနက္ခတ်သည် ဖိုးရွှေလနှင့်အပြိုင် လင်းလက်တောက်ပချိန်၊ရာသီပန်း အခါပွင့်ပန်းဖြစ်ကြ သည့် ရင်ခတ်ပန်း ဂန့်ဂေါ်ပန်းများလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ကြ၍ ရနံ့ သင်းသော ကြိုင်သော လှိုင်သော အခါ ကာလ သမယ ဖြစ်ပါ၏

လူကြီးလူငယ် လူရွယ်များသည် ဘုရား ကျောင်းကန် ရိပ်သာများသို့ သွားရောက်ကြ၍ ဥပုသ်စောင့် သုံးကြ ခြင်း၊ မိမိတို့အားလပ်ရက် (ရုံးရက်ရှည်ပိတ်ရက်)သင်္ကြန်ကာလအတွင်း၌ ရခဲသော (ဒုလ္လဘ ) ရဟန်းအဖြစ်၊ သာသနာ့နွယ်ဝင် သီလရှင်အဖြစ်သို့ ၀င်ရောက်ကြခြင်း၊ ယောဂီအဖြစ်ဖြင့် တရားဘာဝနာများ ရှုပွါးကြခြင်း စတုဒိသာ ကျွေးမွေးလှူဒါန်းကြခြင်း..ဘိုးဘွားများကို ရေချိုးပေး ကြခြင်း ခေါင်းများ လျှော်ပေးကြခြင်း ခြေသဲ လက်သဲ ညှပ်ပေးကြခြင်း အစားအသောက်ဖျော်ရည် တို့ဖြင့် ကျွေးမွေး စောင့်ရှောက်ကြခြင်း လက်စုံမိုး (လက်အုပ်မိုး)၍ ဆေးဝါးများ အ၀တ်အထည်များ စားသောက် ဖွယ်ရာများဖြင့် ပူဇော် ကန်တော့ကြခြင်း.. ဆရာသမား ဘိုးဘွားမိဘများကို တပည့် သားသမီး မြေးမြစ် များက တတ်စွမ်း သမျှ အာမိသ ဓမ္မတို့ဖြင့် ပူဇောကန်တော့ကြခြင်း . . စသည် စသည့်ကောင်းမြတ်သော ရှုခင်းအစုံ တို့ကို ဤလ ဤချိန် ဤကာလ၌ ကြည်နူးဖွယ်ရာ တွေ့မြင်နိုင်ပါ၏။ဤသည်မှာ တစ်ခြားသော ယဉ်ကျေးမှုတို့နှင့် မတူကွဲပြားသော ခြားနား သော ထူးခြား သော မြန်မာတို့၏ ချစ်စဖွယ် မြတ်နိုးစဖွယ် ဂုဏ်ယစူဖွယ် အမွေအနှစ်ကောင်းများ ဖြစ်ပါ၏။ ယင်းအစဉ်အလာကောင်းများကို လက်ဆင့်ကမ်း၍ ထိမ်းသိမ်း စောင့်ရှောက်လာကြသည်မှာ ယနေ့ထက် တိုင်အောင်ပင် ဖြစ်ပါ၏၊

တစ်ချို့သော လူငယ်လူငယ်ရွာများက့ ဓမ္မဘက် ခြေဦး မလှည့်ဖြစ်ကြ၊ သို့သော် လောကဘက် ပျော်ရွှင်မှု အတွက် ရေကစားသည့် မဏ္ဍပ်ကြီးများ ဆောင်လုပ်ကြ၍ အတီး အက အလှတို့ဖြင့် ဧည့်ခံဖျော်ဖြေ နေကြ သည်မှာလည်း ကမ္ဘာမှာ ဘယ်မှာမှ မရှိသည့် မြန်မာတို့၏ ချစ်စဖွယ် ယဉ်ကျေးမှုတစ်ခု ဖြစ်ပါ၏၊ တူးပို့ တူးပို့ သီချင်း သံလေးမှာလည်း သင်္ကြန်အဖို့တော့ မရိုးနိုင်သော ဂီတသံဆန်းလေးတစ်ခုအဖြစ် မဏ္ဍပ်တိုင်း မှာ ကြားနေရပါ၏။ ရွှေဝါရောင် ပန်းပိတောက်သည် သင်္ကြန်၏ သင်္ကေတပန်း၊ တူးပို့ တူးပို့ သီချင်း သံလေးသည် သင်္ကြန်၏သင်္ကေတ ဂီတ၊ မြန်မာရိုးရာနှင့်အညီ ၀တ်စားဆင်ယင်ကြ၍ ငွေဖလားဖြင့် အတာရေ ပက်ဖြန်း ကစားကြခြင်းသည် သင်္ကြန်၏ သင်္ကေတ ပျော်ရွှင်မှုဟန်များဖြစ်ပါ၏။

ဤသို့ ကောင်းခြင်းဂုဏ်နှင့် ပြည့်ဝသော သင်္ကြန်၏အလှအပကို ဖျက်ဆီးနေကြသူများလည်း ရှိပါ၏၊ ယင်း တို့မှာ သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ သရုပ်ပျက် သောက်စားပျော်ပါးမှုနှင့် သရုပ်ပျက်သီဆိုမှုများ ဖြစ်ပါ၏၊

ထို့ကြောင့် သမိုင်းကြောင်း အစဉ်အလာအရ ယဉ်ကျေးသော သိမ်မွေ့သော ချစ်စရာကောင်းသော မြန်မာ တို့ အဖို့ “ အစဉ်အလာကောင်းများကို ထိမ်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ” မြန်မာ့ရိုးရာ အခါသင်္ကြန်ကို ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲကြပါစို့…. ။

ကောင်းသစ်

Tuesday, April 12, 2011

ကျနော်တို့ မြို့ က ကျနော်တို့ ရဲ့  အတာ


ကျနော်တို့ မြို့ က ကျနော်တို့ ရဲ့  အတာ

တကယ်တော့
ကျနော်တို့ သိတဲ့အတာဆိုတာ
နှစ်ဟောင်းက နှစ်သစ်နဲ့ ကူးတယ်
စိတ်ဟောင်းက စိတ်သစ်နဲ့ ကူးတယ်
ငုဝါက ပိတောက်နဲ့ ကူးတယ်။
ခုတော့
ရက်နဲ့ ဟစ်ပ်တွေက အမုန်းစွဲ ကဲတာတွေနဲ့ ကူးတယ်
ဝန်ထမ်းတွေက အနိုင်ကျင့်လဘ်စားမှုနဲ့ ကူးတယ်
စွမ်းအင်နဲ့ သယံဇာတက အိမ်နီးချင်းနဲ့ ကူးတယ်
တချို့ သူတွေက အုန်းအင်အော်ပြီးခေါင်းညိတ်လို့ ကူးတယ်
အရင်းရှင်တွေက ကုန်သည်အသင်းသစ်နဲ့ ကူးတယ်
အမတ်တွေကဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးကို လွှတ်တော်နဲ့ ကူးတယ်
၂၀၀၈နဲ့ ၂၀၁၀က အစိုးရသစ်နဲ့ ကူးတယ်
သန်းရွှေနဲ့ မောင်အေးက သိန်းစိန်နဲ့ ကူးတယ်
ကဲ--ကျနော်တို့ ဘာနဲ့ ကူးကြမလဲ။

မြတ်သစ်(dawn)

Saturday, April 9, 2011

မိတ်ဆွေလေးယောက် သင်္ကြန်

မိတ်ဆွေလေးယောက် သင်္ကြန်

မိတ်ဆွေလေးယောက် သင်္ကြန်
နွေရယ်
ဥသြငှက်ရယ်
ပိတောက်ရယ်
ငုရယ်ပေါ့။

ဟောဒီ့ 
စံကာဝါမြေ သင်္ကြန်ပွဲ
နွေနေပူရဲ့
ဆလိုက်မီးအောက်မှာ
ပိတောက်မယ်လေးက
ငုဝတ်စုံနဲ့
မြူးမြူးကြွကြွ ယိမ်းအက

ငုမယ်လေးက
ပိတောက်ဝတ်စုံနဲ့
မြူးမြူးကြွကြွ ယိမ်းအက
ဥသြငှက်လေးက
သင်္ကြန်တေးသီလို့ပ။
သူတို့လည်းပဲ နှစ်သစ်ကြိုဆိုကြ။ ။
ဆွေနိုင်
မိုးမခမှာ၂၀၀၇ ခုနှစ်ကဖော်ပြခဲ့သောကဗျာလေးကိုသင်္ကြန်အလွမ်းပြေပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။
------------------------------------------------------------------------------------
နှစ်သစ်မာတိကာ


တစ် နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ
တိမ်းစောင်းနေတဲ့
ကမ္ဘာကြီးရဲ့ဆွဲငင်အားနဲ့
ကမ္ဘာ့ရွာထဲက တန်ကူးလမှာ
နှစ်သစ်တံခါးအဖွင့့်  ။

ဟောဒီ့ 
ရိုးပြတ်ထဲမှာ
အသံမပေး ဘာမပေးနဲ့
တိမ်ညိုတွေပြိုကျလာပါရော့လား
မိုးသက်ရနံ့တွေသင်း
ပိတောက်နဲ့ငုတွေဖြိုင်ဖြိုင်ပွင့်လို့
နှစ်သစ်ကိုကြိုဆိုနေလေရဲ့။

သင်္ကြန်အခါ တွေ
တနှစ်ပြီး တနှစ်သစ်ခဲ့ရပေမဲ့
နွေနေ အပူကဲသလောက်
ခပ်ထူထူ နေ့တွေထဲမှာ
သောကနဲ့ ဘဝအမော
ဒုက္ခတောတွေရဲ့ ဘဝရိုးတံများဟာ
အဟောင်းတွေကြွေသွားပေမယ့်
ဒုက္ခသစ်တွေဝေဆာနိုင်သေးတယ်။

စစ်ဖိနပ်နဲ့
မျက်နှာဖုံးစွပ်ထားခံရတဲ့
မြို့ပြ ရပ်ကွက်
တောနက်နက်ထဲမှာ
ကျည်ဆန်မိုးတွေ ဆက်တိုက်ရွာနေလို့ပေါ့
ယမ်းငွေ့အနံ့အသက်များ
ကောင်းကင်ထဲထိ
မီးခိုလုံးတွေဖြိုင်ဖြိုင်ပွင့်
မျက်နှာတွေမှာလည်း အိုးမည်းတွေပေလို့
နှစ်သစ်ကိုကြိုဆိုနေလေရဲ့။

အတာတန်ကူးလ
မြန်မာ့နှစ်သစ်ခါသမယ
ကာရန်ပျက်ကုန်ကြပေါ့
ပိတောက်တွေမမွှေး ငုတွေအဝါမပီသ
ဥသြတွန်သံလည်းမချိုမြတော့။

ဒါနဲ့
ကြည့်ကြစမ်း
ဥတုသုံးလီထဲမှာ သူ့ကျင့်စဉ်နဲ့သူ
မျိုးဆက်ဟောင်း မျိုဆက်သစ် ပိတောက်တွေ
အချစ်စစ် အချစ်မှန်ရှာနေရင်း ကိုင်းကူးဆက်
သူတို့(ဒို့)ရဲ့တကိုယ်လုံး အသမာတက်နေတဲ့
ဒဏ်ရာတွေနဲ့ အဖြူရောင်နေ့တွေထမ်းပိုးလို့
သင်္ကြန်းမိုးတေးသွား တူပို့သံနဲ့အတူ
နှစ်သစ်ကိုကြိုဆိုနေကြ။

ဆွေနိုင်

မြန်မာ့နှစ်အခါသမယမှာ အချစ်စစ်အချစ်မှန်တွေနဲ့တွေ့ဆုံကြပြီး မြန်မာပြည်သူပြည်သားအပေါင်းစစ်အာဏာရှင်၏ဘက်ပေါင်းစုံ အဖိနှိပ်ခံဘဝမှအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းဆုမွန်လျက်။

“ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” ၂၀၁၁ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်သီချင်းများ